အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာမြို့တော်နားမှာ ရထားနှစ်စီး တိုက်မိခဲ့ပြီး အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဧပြီ ၂၇ ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့တဲ့ ရထားမတော်တဆမှု သတင်းကြောင့် ကယ်ဆယ်ရေး အဖွဲ့တွေဟာ အခင်းဖြစ်ရာ နေရာဆီ အပူတပြင်း သွားရောက်ခဲ့ကြပါတယ်။ ဧပြီ ၂၈ ရက် မနက်ပိုင်းထိလည်း ကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်နေရဆဲပါ။ ကနဦး စာရင်းတွေမှာတော့ သေဆုံးသူ ၇ ဦး ရှိခဲ့ပြီး ဒဏ်ရာရသူ ၈၁ ဦးထက်မနည်း ရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။
ခရီးရှည် ပြေးဆွဲတဲ့ အဝေးပြေး ရထားတစ်စီးဟာ ပြေးလမ်းပေါ်မှာ ရပ်နေတဲ့ မြို့ပတ် ရထားကို ဝင်တိုက်မိခဲ့တာလို့ အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ဆိုပါတယ်။ တိုက်မိတဲ့ အရှိန်ကြောင့် ရထားတွဲတွေ တွန့်လိမ်ကုန်ပြီး ခရီးသည်တွေလည်း ပိတ်မိကုန်တယ်လို့ အဲဒီ အမျိုးသမီးက ပြောပါတယ်။
သူဟာ ညဆိုင်းအလုပ်က ပြန်လာပြီး ရထားစီးလာခဲ့ကြောင်း၊ ဂျကာတာမြို့တော်နဲ့ ၂၅ ကီလိုမီတာလောက်အကွာ ဘီကာဆီ တီမူရာ ဘူတာနားမှာ ရထားရပ်နေတုန်း ကမ္ဘာပျက်သလို ရှုပ်ထွေးသွားခဲ့ကြောင်း ဆော်ဆွန် ဆာရီဖာဆိုတဲ့ အမျိုးသမီးက AFP သတင်းဌာနကို ပြောကြားသွားပါတယ်။

Public Service Announcement
အနီးမှာရှိတဲ့ ရထားလမ်းနဲ့ ကားလမ်းဆုံတဲ့ နေရာမှာ လျှပ်စစ်ကား တက္ကစီတစ်စီးနဲ့ တခြားရထားတစ်စီး တိုက်မိခဲ့တဲ့ သီးခြားဖြစ်စဉ်ကြောင့် မြို့ပတ်ရထားက ရှေ့ဆက်မသွားသေးဘဲ ဘူတာနားမှာ ခဏရပ်နေခဲ့တာ ဖြစ်ပါတယ်။ မြို့ပတ် ရထားရဲ့ နောက်ပိုင်းကို အဝေးပြေး ရထားက ဝင်တိုက်မိတဲ့အခါ လူတွေအကုန် အလဲလဲအပြိုပြို ဖြစ်ကုန်ပြီး အချင်းချင်းတွေလည်း ပိမိကုန်ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေဟာ လွှစက်တွေနဲ့ တခြားစက်ကိရိယာတွေကိုပါ အသုံးပြုပြီး အပျက်အစီးတွေကို ဖြတ်တောက်ဖယ်ရှားရင်း ပိတ်မိနေသူတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အင်ဒိုနီးရှား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ ဆူဖ်မီ ဒက်စ်ကို အာမက်က လက်ရှိ ရထားတဲ့ သတင်း အချက်အလက်တွေအရ အသေအပျောက် အရေအတွက် ထပ်တိုးလာနိုင်ခြေ ရှိတယ်လို့ ယူဆထားကြောင်း ပြောကြားခဲ့ပါတယ်။
ဂျကာတာ ရဲတပ်ဖွဲ့ အကြီးအကဲ အေဆက်ပ် အီဒီ ဆူဟီရီက အဝေးပြေး ရထားဟာ မြို့ပတ်ရထားရဲ့ နောက်ဆုံးမှာ အမျိုးသမီးတွေချည်း သီးသန့် လိုက်ပါနိုင်အောင် စီစဉ်ပေးထားတဲ့ ရထားတွဲကို ဝင်ဆောင့်ခဲ့တာလို့ ဆိုပါတယ်။ ထိခိုက်သေကြေမှုတွေဟာ မြို့ပတ်ရထားရဲ့ နောက်ဆုံးတွဲမှာ အဓိက ဖြစ်ပွားခဲ့ပြီး အဝေးပြေး ရထားပေါ် လိုက်ပါလာသူ ၂၄၀ စလုံးကို ရွှေ့ပြောင်းပေးနိုင်ခဲ့ပြီး ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
ရထားနှစ်စီးစလုံးမှာတော့ ရထားတွဲတချို့ တော်တော်လေး ပျက်စီးသွားခဲ့ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။
အရှေ့တောင်အာရှ ဒေသရဲ့ လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ သယ်ယူပို့ဆောင်ရေး မတော်တဆမှုတွေက အထူးအဆန်း မဟုတ်တော့ပါဘူး။ ရထားတွေ၊ ကားတွေ၊ လေယာဉ်တွေ၊ ရေယာဉ်တွေရဲ့ သက်တမ်းအိုဟောင်းမှုနဲ့ ပြုပြင်ထိန်းသိမ်းမှု အားနည်းချက်တွေနဲ့ တခြားအကြောင်းအရာတွေကြောင့် ဆိုးရွားတဲ့ မတော်တဆမှုတွေ ကြုံခဲ့ရပါတယ်။ ၂၀၁၅ ခုနှစ်တုန်းက ဂျကာတာမှာ ရထားလမ်း၊ ကားလမ်းဆုံတဲ့ နေရာကို ဖြတ်မောင်းတဲ့ မီနီဘတ်စ်ကို ခရီးသည်တင် ရထားက တိုက်မိခဲ့ပြီး လူ ၁၆ ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AP, Getty Images, Reuters
































































