ဧပြီ-၂၈၊၂၀၂၆။People’s Spring
ထိုင်းနိုင်ငံရဲ့ရာယောင်းပြည်နယ်မှာတရုတ်နဲ့ ထိုင်း ဆောက်လုပ်ရေး အလုပ်သမားတွေ အုပ်စုလိုက် ရန်ပွဲဖြစ်ပွားပြီး လူတချို့ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
နစ်ခွမ် ဖက်သနာ ခရိုင်ထဲက မပ်ခါဧရိယာမှာရှိတဲ့ ဆောက်လုပ်ရေး လုပ်ငန်းခွင် တစ်ခုမှာ ဧပြီ ၂၆ ရက်နေ့က ရုန်းရင်းဆန်ခတ် ရန်ပွဲကြီး ဖြစ်ပွားလာခဲ့တာပါ။ နှစ်ဖက်စလုံးမှာ ဒါဇင်တွေနဲ့ချီ ပါဝင်တဲ့ အလုပ်သမားတွေဟာ အပြင်းအထန် အငြင်းအခုံတွေ ဖြစ်ခဲ့ကြရာက နောက်ဆက်တွဲ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့တာလို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အဲဒီဖြစ်ရပ်မှာ နှစ်ဖက်စလုံး ဒဏ်ရာအနည်းအကျဉ်း ရသူတွေ ရှိခဲ့ပါတယ်။ ဗီဒီယို မှတ်တမ်းတွေမှာတော့ ဆောက်လုပ်ရေး လုပ်ငန်းခွင်သုံး ရောင်းစုံအင်္ကျီတွေနဲ့ လုံခြုံရေးခေါင်းဆောင်းတွေ ဝတ်ထားသူတွေဟာ ရရာ လုပ်ငန်းသုံး လက်နက်နဲ့ ကိရိယာတွေကိုကိုင်ဆောင်ပြီးတိုက်ခိုက်ကြ၊ လက်သီးတွေနဲ့ ထိုးနေကြတာကို တွေ့ခဲ့ရပါတယ်။

Public Service Announcement
ရန်ပွဲဟာ မော်တော်ဆိုင်ကယ်ပါကင်ဧရိယာတစ်ခုနားမှာ ဖြစ်ခဲ့ပြီး တချို့အလုပ်သမားတွေက ဝင်ဖြန်ဖြေဖို့ ကြိုးစားနေရင်း တချို့ကတော့ သွေးဆူပြီး အရှိန်ကောင်းကောင်းနဲ့ လက်သီးစွမ်း ဆက်ပြနေခဲ့ကြပါတယ်။
ဧပြီ ၂၇ ရက်နေ့မှာတော့ ထိုင်းရဲတပ်ဖွဲ့၊ ဒေသခံ အုပ်ချုပ်ရေး အရာရှိတွေနဲ့ ပြည်တွင်းလုံခြုံမှု စီမံရေး ညွှန်ကြားမှုဌာန (ISOC) အရာရှိတွေ ပူးပေါင်းပြီး ရန်ပွဲဖြစ်ခဲ့တဲ့ နေရာကို သွားရောက် စစ်ဆေးခဲ့သလို သက်သေအထောက်အထားတွေနဲ့ အချက်အလက်တွေကိုလည်း စုဆောင်းယူခဲ့ပါတယ်။
နောက်ပြီး ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့ကြောင်း ထင်ရှားသူတွေကို ရဲတွေက ခေါ်ယူမေးမြန်းခဲ့ပြီး ဖြစ်စဉ်တစ်ခုချင်းစီအလိုက် ဥပဒေကြောင်းအရစွဲချက်တင်ဖို့ သင့်၊မသင့် ဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကနဦး အခြေအနေတွေ အရတော့ ရန်ပြုတိုက်ခိုက်မှု၊ လူထုအတွက် အနှောင့်အယှက် ဖြစ်စေမှု စွဲချက်တွေအတွက် အမှုရင်ဆိုင်ရမယ့်သူ အတော်များများ ရှိနေတယ်လို့ သိရပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းခွင်ရဲ့ပိုင်ရှင်တွေနဲ့ အုပ်ချုပ်သူတွေက လောလောဆယ်မှာ တချို့ လုပ်ငန်းတွေကို မဖြစ်မနေ ဆိုင်းငံ့ထားစေပြီးထိုင်းနဲ့ တရုတ်အလုပ်သမားတွေကိုလည်း လူခွဲထားရပါတယ်။နှစ်ဖက်ကြားမှာညှိနှိုင်းပေးဖို့အတွက် စကားပြန်တွေကိုလည်း ခေါ်ယူထားရပါတယ်။ ဖြစ်စဉ် အသေးစိတ်ကို အတိအကျ မသိရသေးပေမယ့် ရန်ပွဲ စခဲ့ရတဲ့ အဓိက အကြောင်းရင်းတွေထဲက တစ်ခုဟာ ဘာသာစကား အဟန့်အတား ဖြစ်တယ်လို့ ရဲတွေက ပြောပါတယ်။
ISOC အရာရှိတွေဟာ လုံခြုံရေး ကင်မရာ မှတ်တမ်းတွေကိုလည်းပြန်လည်စစ်ဆေးနေပြီး နောက်ထပ် ကိုယ်ထိလက်ရောက်ကျူးလွန်သူတွေရှိသေးသလား ဆိုတာကို ရှာဖွေနေသလို ပုံစံတူ ပဋိပက္ခမျိုး ထပ်ဖြစ်မလာအောင် တားဆီးဖို့ သက်ဆိုင်ရာ အေဂျင်စီတွေနဲ့ ညှိနှိုင်းပြီး အစီအမံသစ်တွေ ပြင်ဆင် ရေးဆွဲသွားမယ်လို့လည်းဆိုပါတယ်။
ထိုင်းအာဏာပိုင်တွေက တရုတ်နဲ့ထိုင်းအလုပ်သမား နှစ်ဖွဲ့စလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းကြဖို့လည်း သတိပေးထားပါတယ်။ နောက်ထပ် အခြေအနေတွေ ထပ်တင်းမာလာခြင်းဟာ နိုင်ငံရဲ့ ပြည်ပ အလုပ်သမား စီမံခန့်ခွဲမှု စွမ်းရည်နဲ့ ဒေသရဲ့စက်မှုနဲ့စီးပွားရေးကဏ္ဍအပေါ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေရဲ့ ယုံကြည်မှုကို ထိခိုက်သွားစေနိုင်ကြောင်းလည်း တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
ကိုးကား-Khaosod


















































