Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လန်ဒန်မှာ ဂျူးနှစ်ဦး ဓားထိုးခံရမှုကို အကြမ်းဖက်မှုအဖြစ် သတ်မှတ် စုံစမ်းနေ

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဂျူးနှစ်ဦး ဓားထိုးခံရတဲ့ ဖြစ်စဉ်ကို အကြမ်းဖက်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်မှာ ဂျူးနှစ်ဦး ဓားထိုးခံရတဲ့ ဖြစ်စဉ်ကို အကြမ်းဖက်မှုအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။

လန်ဒန်မြောက်ပိုင်းမှာ ဧပြီ ၂၉ ရက်နေ့တုန်းက အမျိုးသား တစ်ဦးဟာ လမ်းတလျှောက် ပြေးလာရင်း ဂျူးတွေကို ပစ်မှန်ထား ရန်မူခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း အသက် ၇၆ နှစ်နဲ့ ၃၄ နှစ်အရွယ် ဂျူးနှစ်ဦး ဒဏ်ရာရခဲ့ပြီး အခုတော့ ဆေးရုံမှာ အခြေအနေ တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။

ရဲအရာရှိတွေဟာ တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသားကိုလည်း ဓာတ်လိုက်စေတဲ့ ကျဉ်စက်သေနတ်နဲ့ ပစ်ပြီး အရှင်ဖမ်းဆီးခဲ့ပါတယ်။ သံသယ တရားခံဟာ ရဲတွေကိုလည်း တိုက်ခိုက်ဖို့ ကြိုးစားခဲ့သေးတယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံထားရသူရဲ့ နာမည်ကို လန်ဒန်ရဲတပ်ဖွဲ့က မကြေညာသေးပေမယ့် ဆိုမာလီယာနွယ်ဖွား ဗြိတိန်နိုင်ငံသား တစ်ဦးလို့ ဖော်ပြထားပါတယ်။ သူ့ကို ဆေးရုံဆီ ပို့ဆောင်ခဲ့ပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တဲ့နောက် လန်ဒန် ရဲစခန်းဆီ ခေါ်ဆောင်သွားပြီး ချုပ်နှောင်ထားပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ အခင်းဖြစ်တဲ့နေ့ အစောပိုင်းက တခြားရန်ပွဲ တစ်ခုမှာလည်း ပါဝင်ခဲ့တယ်လို့ ယူဆရပါတယ်။ အကြမ်းဖက် ဝါဒနဲ့ ဆက်နွှယ်နိုင်တယ်လို့ ရဲတွေက ယူဆထားတဲ့ တိုက်ခိုက်မှုမှာတော့ သူဟာ ဓားတစ်ချောင်းကို ကိုင်ပြီး ဂျူးတွေကို လိုက်ထိုးခဲ့တာ ဖြစ်ပါတယ်။ ရုန်းရင်းဆန်ခတ် အခြေအနေမှာ နောက်ထပ် လူတစ်ဦးလည်း အသေးစား ဒဏ်ရာ ရခဲ့ပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲနောက်ပိုင်း ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံ တချို့မှာ ဂျူးတွေအပေါ် ရန်လိုမုန်းတီးတဲ့ သဘောထားတွေ ပိုမို မြင့်တက်လာပါတယ်။ လန်ဒန်မှာရှိတဲ့ ဂျူးလူ့အဖွဲ့အစည်း ခေါင်းဆောင်တွေက လုံခြုံရေး အစီအမံတွေ အဆောတလျင် တိုးမြှင့်ပေးဖို့ တောင်းဆိုနေသလို အစ္စရေး အစိုးရကလည်း ဗြိတိန်မှာရှိတဲ့ ဂျူး ၂၉၀၀၀၀ လောက်ရဲ့ လုံခြုံရေးအတွက် ဂရုစိုက်ပေးဖို့ ဗြိတိန် အစိုးရဆီ မေတ္တာရပ်ခံထားပါတယ်။

လက်ရှိ ဖမ်းဆီးခံထားရတဲ့ သံသယ တရားခံဟာ အရင်ကလည်း ရန်လို အကြမ်းဖက်မှု ပြစ်ချက် မှတ်တမ်းဟောင်းတွေ ရှိသလို စိတ်ကျန်းမာရေး ပြဿနာတွေနဲ့လည်း ကြုံတွေ့ခဲ့ဖူးကြောင်း လန်ဒန်ရဲတပ်ဖွဲ့ အကြီးအကဲ မတ်ခ်ရော်လေက ပြောပါတယ်။

ဗြိတိန် အစိုးရက နိုင်ငံရဲ့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်း အသီးသီးကို ကာကွယ်ပေးဖို့ အရင်းအမြစ်တွေ ပိုမိုသုံးစွဲပါ့မယ်လို့ ကတိပေးထားပေမယ့် အခုတိုက်ခိုက်မှု ဖြစ်ပေါ်လာတဲ့နောက် ရော်လေကို ဒေသခံ တချို့က ဒေါသတကြီးနဲ့ အော်ဟစ် ဝေဖန်ခဲ့သလို ရာထူးက နုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေထဲမှာတော့ ဂျူးရိုးရာ ဦးထုပ်ဆောင်းလာသူ တစ်ဦးကို ဘတ်စ်ကားမှတ်တိုင်မှာ ရှိနေတဲ့ အမျိုးသားက ဓားနဲ့ တိုက်ခိုက်ခဲ့တာကို တွေ့ရပါတယ်။ သံသယ တရားခံဟာ ရဲတွေကိုပါ ဓားနဲ့ လိုက်ထိုးခဲ့ပေမယ့် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း လန်ဒန်မှာ ဂျူးမိသားစုတွေရဲ့ နေအိမ်တွေကို ပစ်မှတ်ထားတဲ့ ရှို့မီးတွေလည်း ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ မနှစ်တုန်းက အီရန်နဲ့ အစ္စရေးတို့ကြား ၁၂ ရက်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအပြီး လပိုင်းအကြာ အောက်တိုဘာလမှာလည်း ဗြိတိန်ရဲ့ မန်ချက်စတာ မြို့ထဲက ဂျူးဘုရားကျောင်းကို ကားနဲ့ တမင်ဝင်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူ ယာဉ်မောင်းရော၊ ဘုရားကျောင်းမှာ ရှိနေသူ နှစ်ဦးပါ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့ လန်ဒန်မြို့ မြန်မာသံရုံးမှာ ဆွေးနွေးပွဲတရပ် ကျင်းပဖို့ စီစဥ်ထားပေမယ့် ဗြိတိန်ရောက်မြန်မာအဖွဲ့အစည်းတွေရဲ့ ကန့်ကွက်ဆန္ဒပြမှုကြောင့် ဆွေးနွေးပွဲဖျက်သိမ်းလိုက်ရတယ်လို့ သိရပါတယ်။

သတင်း

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပြီး အာဆီယံဘုံသဘောတူညီချက် ၅ရပ်ကို အပြည့်အဝ မဖော်ဆောင်သေးရင် စစ်တပ်ရွေးကောက်ပွဲတွေကို အသိအမှတ်ပြုဖို့ ခဲယဥ်းလိမ့်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က ရန်ကုန်လွှတ်တော်ကို စာပို့ခဲ့ကြောင်း သိရပါတယ်။