အင်္ဂလန် ဘောလုံးကလပ် အာဆင်နယ်ရဲ့ တစ်ကျော့ပြန် ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးမှု အောင်ပွဲခံ အခမ်းအနားကို လန်ဒန်မြို့မှာ ကျင်းပခဲ့ပြီး ပရိသတ် သိန်းနဲ့ချီ စုဝေး အောင်ပွဲခံခဲ့ကြပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန် အဆင့်မြင့်တန်း အမှတ်ပေး ချန်ပီယံဆုဖြစ်တဲ့ ပရီးမီးယားလိဂ် ဆုဖလားကြီးကို ၂၂ နှစ် ကြာမြင့်ပြီးမှ ပြန်လည် ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဥရောပရဲ့ ကလပ်အသင်းအဆင့် အမြင့်ဆုံး ပြိုင်ပွဲကြီးဖြစ်တဲ့ ချန်ပီယံလိဂ်မှာလည်း ဗိုလ်လုပွဲထိ တက်ခဲ့ပေမယ့် ပင်နယ်တီ အဆုံးအဖြတ်မှာ ပြင်သစ်ကလပ် ပဲရစ်စိန့်ဂျာမိန်း (ပီအက်စ်ဂျီ)ကို အရေးနိမ့်ခဲ့တာကြောင့် အခုဘောလုံးရာသီမှာ အဓိက ဆုဖလားကြီးနှစ်လုံး သိမ်းကျုံးယူချင်တဲ့ ဆန္ဒတော့ မပြည့်မြောက်ခဲ့ပါဘူး။
မေလ ၃၁ ရက်နေ့ ညနေပိုင်းမှာတော့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို တင်ဆောင်လာတဲ့ အမိုးဖွင့် ဘတ်စ်ကားကြီးနဲ့အတူ အာဆင်နယ် အသင်းသားတွေဟာ လန်ဒန်မြို့ထဲမှာ လှည့်လည် အောင်ပွဲခံခဲ့ကြပါတယ်။ စုစုပေါင်း ၅ မိုင်လောက် ရှည်လျားတဲ့ ခရီးစဉ်အတွင်း လမ်းတစ်ဖက်တစ်ချက်မှာ အာဆင်နယ်ရဲ့ အနီရောင် ဂျာစီ ဝတ်ထားတဲ့ ပရိသတ်တွေ အများအပြားက စုဝေးစောင့်ကြိုနေခဲ့သလို ကစားသမားတွေကလည်း လက်ပြ နှုတ်ဆက်နေခဲ့ကြပါတယ်။
အာဆင်နယ် အမျိုးသား အသင်းအပြင် အမျိုးသမီး အသင်းကလည်း ကလပ်အသင်း သမိုင်းတလျှောက် ပထမဆုံး ဆွတ်ခူးရရှိခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ အမျိုးသမီး ချန်ပီယံဖလားနဲ့အတူ အောင်ပွဲခံခဲ့ပါတယ်။

Public Service Announcement
အမိုးဖွင့် ဘတ်စ်ကား လေးစီးရဲ့ ပထမဆုံး တစ်စီးမှာတော့ အသင်းမန်နေဂျာ မစ်ကယ် အာတီတာနဲ့ အမျိုးသားအသင်း ကစားသမားတွေ၊ ဒုတိယ တစ်စီးပေါ်မှာတော့ အမျိုးသားအသင်းရဲ့ နည်းပြအဖွဲ့၊ ဆေးအဖွဲ့နဲ့ တခြားနောက်ကွယ်က ပံ့ပိုးခဲ့တဲ့ ဝန်ထမ်းတွေ၊ တတိယ တစ်စီးပေါ်မှာ အာဆင်နယ် အမျိုးသမီးအသင်း၊ နောက်ဆုံး ဘတ်စ်ကားပေါ်မှာတော့ Arsenal in the Community အဖွဲ့က ရွေးချယ်ပေးထားတဲ့ ပရိသတ်တွေနဲ့ ကလပ်အသင်းရဲ့ ဝန်ထမ်းတချို့ လိုက်ပါခဲ့ကြပါတယ်။
စီစဉ်သူတွေကတော့ ဘတ်စ်ကားတွေ လှည့်လည်ရာ လမ်းကြောင်းတလျှောက် လာရောက်စုဝေး နှုတ်ဆက်ခဲ့တဲ့ ပရိသတ် ဦးရေဟာ ၇ သိန်းခွဲကနေ ၁ သန်းကြားလောက်ထိ ရှိနိုင်ကြောင်း ခန့်မှန်းခဲ့ပါတယ်။ လမ်းတလျှောက်မှာတော့ အောင်ပွဲခံ ဗျောက်အိုးဖောက်သံတွေ၊ ဗူဗူဇီလာလို့ခေါ်တဲ့ အာဖရိက ရိုးရာနှဲကြီးတွေကို မှုတ်နေတဲ့ အသံတွေ ဆူညံနေခဲ့ပါတယ်။
လန်ဒန်ရဲ့ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ကတော့ အဲဒီ စီတန်းလှည့်လည်ပွဲဟာ အခုနှစ်အတွင်း မြို့တော် ဧရိယာမှာ ရဲအင်အား အများဆုံး အသုံးပြုပြီး လုံခြုံရေး ယူပေးရတဲ့ အစီအစဉ် ဖြစ်လာခဲ့ကြောင်း ပြောခဲ့ပါတယ်။ အာဆင်နယ်ရဲ့ အောင်ပွဲခံ အခမ်းအနားအတွက် ရဲအင်အား ၅၀၀ လောက် ဖြန့်ကျက်ပေးထားပြီး ဒရုန်းအဖွဲ့တချို့ကိုလည်း ကြိုတင် စီစဉ်ထားပါတယ်။ နောက်ပြီး မလျော်မကန် ပြုမူသူတချို့ ရှိလာရင်လည်း ဟန့်တားမယ့် အစီအစဉ်တွေ ကြိုတင် ပြင်ဆင်ထားပါတယ်။
လူအုပ်က များလွန်းပြီး ထိမိခိုက်မိ ပြဿနာတချို့ ရှိခဲ့ပေမယ့် အစီအစဉ် တစ်ခုလုံး အနေနဲ့ကတော့ ချောချောမောမော ပြီးဆုံးခဲ့ပါတယ်။ စီတန်းလှည့်လည်တဲ့ လမ်းကြောင်းနားမှာ အရက်မူးနေတာ၊ ရဲတွေရဲ့ မေတ္တာရပ်ခံမှုကို မလိုက်နာတာ၊ တခြားဝန်ထမ်းတွေကို ရန်လိုတာနဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားတာမျိုး ပြဿနာတွေကြောင့် လူ ၁၆ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့တယ်လို့ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဟွန်ဆေးလမ်းမမှာလည်း ညပိုင်းအချိန် ဓားထိုးမှုတစ်ခု ဖြစ်ခဲ့ပြီး လူတစ်ဦးကို ဆေးရုံပို့ခဲ့ရပေမယ့် ဒဏ်ရာ အခြေအနေကိုတော့ အတိအကျ မသိရပါဘူး။
ပြီးတော့ ပရိသတ်တွေ အောင်ပွဲခံပြီး ပစ်ဖောက်ကြတဲ့ မီးကျည်တစ်ခုက ဟိုတယ် အသေးစား တစ်ခုမှာ မီးလောင်မှု ဖြစ်စေခဲ့သလို ရှုပ်ထွေးလာတဲ့ ပတ်ဝန်းကျင်တွေကနေ လူ ၇၅ ဦးကို ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ လန်ဒန် မီးသတ်ဌာနက ဆိုပါတယ်။
အာဆင်နယ် အသင်းရဲ့ အောင်ပွဲခံ ခရီးစဉ်ဟာ အိမ်ကွင်းဖြစ်တဲ့ အမ်းမရိတ်စ်ကနေ စတင်ခဲ့ပြီး အရှေ့ဖက်၊ တောင်ဖက်တွေဆီ ဦးတည်ပြီးတော့မှ စမှတ်ဆီ ပြန်လာခဲ့တာ ဖြစ်ပါတယ်။ အောင်ပွဲခံ ယာဉ်တန်းဟာ အာဆင်နယ် အသင်းရဲ့ အရင် အိမ်ကွင်းဟောင်း ဟိုက်ဘူရီနဲ့လည်း နီးနီးကပ်ကပ် ဖြတ်သန်းခဲ့ပါတယ်။ အခု ဆွတ်ခူးတဲ့ ဆုဖလား မတိုင်ခင် နောက်ဆုံးအကြိမ် ပရီးမီးယားလိဂ် ချန်ပီယံ ဆုကိုတော့ အာဆင်နယ်ဟာ ဟိုက်ဘူရီကို အိမ်ကွင်းအဖြစ် အသုံးပြုနေဆဲ ၂၀၀၄ ခုနှစ်မှာ ကိုင်မြှောက်နိုင်ခဲ့ဖူးတာ ဖြစ်ပါတယ်။
ကိုးကား: BBC

















































