ဇွန်-၁၆၊၂၀၂၆။People’s Spring
ကမ္ဘာပေါ်ရှိသြဇာအာဏာအရှိဆုံး မြို့ကြီးများထဲမှ တစ်မြို့အဖြစ် လန်ဒန်က ဆက်လက်ရပ်တည်နိုင်နေခြင်းမှာမြို့၏မတူကွဲပြားသော လူမှုအသိုင်းအဝိုင်းကြောင့် ဖြစ်တယ်လို့ လန်ဒန်မြို့တော်ဝန် ဆာဒီခ်ခန်းက ပြောကြားလိုက်ပါတယ်။
စင်ကာပူနိုင်ငံမှာကျင်းပတဲ့ World Cities Summit အစည်းအဝေးအတွင်း ပြောကြားရာမှာ “လန်ဒန်ရဲ့ လျှို့ဝှက်လက်နက်ကတော့ လန်ဒန်မြို့သားတွေပါပဲ” လို့ သူက ဆိုပါတယ်။
ဥရောပသမဂ္ဂမှာ ဗြိတိန်ထွက်ခွာခြင်း (Brexit) အရေး၊ COVID-19 ကပ်ရောဂါ နဲ့ ဗြိတိန်ဝန်ကြီးချုပ် ၆ ဦးအထိ အပြောင်းအလဲတွေကို ကြုံတွေ့ခဲ့ရပေမယ့် လန်ဒန်မြို့ဟာ ကြံ့ကြံ့ခံပြီးဆက်လက်တိုးတက်နေဆဲဖြစ်ပါတယ်။ အဲဒီလိုရပ်တည်နိုင်ခဲ့တာဟာမြို့သားတွေရဲ့ စွမ်းရည်နဲ့ မြို့ကိုယ်တိုင် အခြေအနေအလိုက် ပြောင်းလဲတိုးတက်အောင် လုပ်ဆောင်နိုင်စွမ်းကြောင့်ဖြစ်တယ်လို့ခန်းကရှင်းပြပါတယ်။

Public Service Announcement
လေထုသန့်ရှင်းရေးစီမံကိန်းတွေ၊ ကျောင်းသားတွေအတွက် အခမဲ့ နေ့လယ်စာ အစီအစဉ်တွေ၊ မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းတွေကြောင့် လန်ဒန်ဟာပိုပြီးလုံခြုံတဲ့၊တရားမျှတတဲ့၊ သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေရှိတဲ့ မြို့တစ်မြို့ ဖြစ်လာခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် လန်ဒန်အပါအဝင်ကမ္ဘာ့မြို့ကြီးတွေဟာ အိမ်ရာဈေးနှုန်းမြင့်တက်မှုနဲ့ လူနေမှုစရိတ်ကြီးမြင့်လာတဲ့ပြဿနာတွေကိုရင်ဆိုင်နေရပါတယ်။ အထူးသဖြင့် လူငယ်တွေ မြို့ကြီးတွေကို ရွှေ့ပြောင်းလာတဲ့အခါ တတ်နိုင်တဲ့ အိမ်ရာတွေ ရရှိနိုင်ဖို့ အရေးကြီးတယ်လို့ ခန်းကထောက်ပြပါတယ်။
သူ့ရဲ့စင်ကာပူခရီးစဉ်အတွင်း စင်ကာပူရဲ့ အများပိုင်အိမ်ရာစနစ်ကို အနီးကပ် လေ့လာခဲ့ပြီး အိမ်ရာပြဿနာဖြေရှင်းရာမှာစင်ကာပူရဲ့ နည်းလမ်းတွေက သင်ယူစရာ အများကြီးရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာအိမ်ရာ၊ကျန်းမာရေးနဲ့ လူနေမှုစရိတ် ပြဿနာတွေကြောင့် ရွှေ့ပြောင်းအခြေချသူတွေကို အပြစ်တင်တဲ့ အသံတွေ ပိုများလာနေတဲ့အပေါ်မှာလည်း ခန်းက ကန့်ကွက်ခဲ့ပါတယ်။အိမ်ရာမလုံလောက်တာနဲ့ကျန်းမာရေးဝန်ဆောင်မှုအားနည်းတာတွေဟာ ရွှေ့ပြောင်းအခြေချသူတွေရဲ့အပြစ်မဟုတ်ဘဲ သက်ဆိုင်ရာကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု မလုံလောက်တာကြောင့်ဖြစ်တယ်လို့သူကပြောပါတယ်။
ကမ္ဘာတစ်ဝန်း နိုင်ငံရေးတင်းမာမှုတွေ မြင့်တက်လာပြီးနိုင်ငံအချို့ကပိုမိုပိတ်ဆို့တဲ့မူဝါဒတွေကို ကျင့်သုံးလာချိန်မှာတော့ လန်ဒန်နဲ့ စင်ကာပူလို မြို့ကြီးတွေဟာ နိုင်ငံတကာကို ဖွင့်လှစ်ထားတဲ့ စိတ်ဓာတ်၊ စွန့်ဦးတီထွင်မှုနဲ့ မတူကွဲပြားမှုကိုလက်ခံတဲ့အားသာချက်တွေကြောင့်ဆက်လက်အောင်မြင်နေဦးမယ်လို့ ခန်းက ယုံကြည်နေပါတယ်။
“ကျွန်တော်တို့ရဲ့မတူကွဲပြားမှုက အားနည်းချက်မဟုတ်ပါဘူး။အဲဒါက ကျွန်တော်တို့ကို ပိုပြီးအင်အားကြီးစေတယ်၊ပိုပြီးကြွယ်ဝချမ်းသာစေတယ်” လို့ လန်ဒန်မြို့တော်ဝန်က အလေးပေး ပြောကြားခဲ့ပါတယ်။
ကိုးကား-CNA


















































