ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။
မေလ ၄ ရက်နေ့ မွန်းလွဲပိုင်းက ဂျာမနီ အရှေ့ပိုင်း၊ လိုက်ပ်ဇစ်မြို့မှာ အခုဖြစ်ရပ် ပေါ်ပေါက်ခဲ့တာလို့ ဒေသဆိုင်ရာ အာဏာပိုင်တွေက ပြောပါတယ်။
လိုက်ပ်ဇစ် မြို့တော်ဝန်က အသက် ၃၃ နှစ်အရွယ် ဂျာမနီ နိုင်ငံသား ယာဉ်မောင်းကို ဖမ်းဆီးရမိခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဒီလုပ်ရပ်ကို ဘာကြောင့် ကျူးလွန်ခဲ့သလဲ ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
လူအုပ်ထဲ ကားနဲ့ဝင်တိုက်ခဲ့ခြင်းဟာ အစွန်းရောက် အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်ပတ်သက်မှု ရှိသလား ဆိုတာကိုလည်း ရဲတွေက စုံစမ်းနေဆဲ ဖြစ်ပါတယ်။

Public Service Announcement
မြို့လယ်ဧရိယာမှာ လူအုပ်ထဲ ဝင်တိုးခဲ့တဲ့ ကားဟာ လူတချို့ကို တိုက်မိခဲ့ပြီးမှ ရပ်တန့်သွားခဲ့ကြောင်း မြို့ခံ မီးသတ်ဌာန အကြီးအကဲ အက်ဆဲလ်ရှူးဟ်က ပြောပါတယ်။ သူက ဒဏ်ရာရသူ ၂၂ ဦးထိ စာရင်းရထားကြောင်း၊ ၂ ဦးရဲ့ အခြေအနေက စိုးရိမ်ရကြောင်းလည်း ဆိုပါတယ်။
မြို့ခံ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဆူဆန်နေး လုဘ်ကီက ဒီဖြစ်ရပ်မှာ ကံမကောင်းစွာနဲ့ဘဲ သေဆုံးသူ ၂ ဦးရှိခဲ့ကြောင်း၊ လောလောဆယ်မှာတော့ ရန်လို ရမ်းကားတဲ့ တိုက်ခိုက်မှု တစ်ခုအနေနဲ့ အမှုကို စုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ် အချက်အလက်တွေကို မသိရသေးကြောင်း၊ ပြီးတော့ တစ်ကိုယ်တော် ကျူးလွန်မှုလို့ ယုံကြည်ရပြီး လူထု လုံခြုံရေးအတွက် နောက်ဆက်တွဲ စိုးရိမ်စရာ မရှိသေးဘူးလို့ ယူဆကြောင်း ပြောကြားခဲ့ပါတယ်။
ကျူးလွန်သူကို လူသတ်မှု၊ လူသတ်ဖို့ ကြံစည်မှုတွေနဲ့ စွဲချက်တင်မှာဖြစ်ပြီး ကနဦး စစ်ဆေးမှုတွေ အရတော့ နိုင်ငံရေးနဲ့ ဘာသာရေး အစွန်းရောက် ဝါဒတစ်ခုခု ဆက်နွှယ်ပတ်သက်တဲ့ အထောက်အထား မတွေ့ရသေးကြောင်းလည်း သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဂျာမနီဟာ ကားကို လက်နက်အဖြစ် အသုံးချပြီး တိုက်ခိုက်တဲ့ ဖြစ်စဉ်မျိုးတွေကို ကြုံတွေ့လာခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက မက်ဂ်ဒီဘာ့ဂ်မှာရှိတဲ့ ခရစ္စမတ်စျေးတန်း တစ်ခုကို ကားနဲ့ဝင်တိုက်ခဲ့လို့ ၆ ဦးထက်မနည်း သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
မနှစ်တုန်းက ဖေဖော်ဝါရီ လမှာလည်း မြူးနစ်မြို့ထဲမှာ လူအုပ်ထဲ ကားတစ်စီးက ဝင်တိုးခဲ့တာကြောင့် ၃၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ကိုးကား: BBC



















































