စင်ကာပူ ကမ်းလွန်ရေပြင်မှာ အကြီးစား ကုန်တင်သင်္ဘောနှစ်စီး တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မေလ ၂၀ ရက်နေ့တုန်းက ဂရိ ကုမ္ပဏီ Brave Maritimesက ပိုင်ဆိုင်တဲ့ Cape XL သင်္ဘောဟာ ဂျပန်ရဲ့ Nissen Kaiun ကုမ္ပဏီက ပိုင်ဆိုင်တဲ့ Huge Kumano သင်္ဘောကို ခါးလယ်ကနေ ဖြတ်တိုက်ခဲ့တာ ဖြစ်ပါတယ်။
စင်ကာပူ ရေလက်ကြားမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုမှာတော့ ဂရိသင်္ဘောရဲ့ ခေါင်းပိုင်းဟာ ဂျပန်သင်္ဘောရဲ့ ကိုယ်ထည်ထဲ စိုက်ဝင်နေတာကို တွေ့ခဲ့ရပါတယ်။
Cape XLဟာ စင်ကာပူ အရှေ့ဖက်ခြမ်းကနေ တရုတ်နိုင်ငံ ချင်တောင်းမြို့ဆီ ဦးတည် ခုတ်မောင်းနေခဲ့တာပါ။ အဲဒီရေယာဉ်ဟာ ဘရာဇီးကနေ ထွက်ခွာလာပြီး ရေလက်ကြားကို ဖြတ်မောင်းတဲ့ Kumanoကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement
Cape XLဟာ တန်ချိန် ၁၈၀၀၀၀ ကျော်နဲ့ Huge Kumanoကတော့ တန်ချိန် ၂၀၀၀၀၀ ကျော် ကုန်စည်တွေ တင်ဆောင်နိုင်တဲ့ အကြီးစား ဝမ်းပြား ကုန်တင်ရေယာဉ်တွေ ဖြစ်ကြပါတယ်။
စင်ကာပူ ရေကြောင်းအာဏာပိုင် အဖွဲ့အစည်းနဲ့ သက်ဆိုင်ရာ ရေယာဉ်တွေရဲ့ မိခင် ကုမ္ပဏီတွေကတော့ ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အကြောင်းအရာတွေကို မထုတ်ပြန်သေးပါဘူး။ မတော်တဆမှုမှာ သင်္ဘောသားတွေ သေကြေ ဒဏ်ရာရခဲ့သလား၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေနိုင်တဲ့ လောင်စာဆီနဲ့ တခြား ဓာတ်ပစ္စည်းတွေ ယိုစိမ့်တာမျိုး ရှိသလား ဆိုတာတွေကိုလည်း မသိရသေးပါဘူး။
မိုင် ၇၀ ရှည်ပြီး ၁၂ မိုင်ကျယ်တဲ့ စင်ကာပူ ရေလက်ကြားဟာ မလက္ကာ ရေလက်ကြားနဲ့ တောင်တရုတ်ပင်လယ် ဆက်သွယ်ပေးထားတဲ့ သဘာဝ ပင်လယ်ရေလမ်းကြောင်း တစ်ခုပါ။ အဲဒီရေပြင်ဟာ အရှေ့တောင်အာရှရဲ့ ကုန်သွယ်သင်္ဘောတွေ သွားလာမှု အများဆုံး နေရာတစ်ခုလည်းဖြစ်ပြီး နေ့စဉ်ပျမ်းမျှ သင်္ဘော အစီးရေ ၂၀၀၀ ဝန်းကျင် ဖြတ်သန်းခုတ်မောင်းလေ့ရှိကြောင်း သိရပါတယ်။
ကိုးကား: Trade Wind News
















































