Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်အတွက် သူလျှို လုပ်ခဲ့တဲ့ ဇနီးမောင်နှံကို ဂျာမနီ ဖမ်းဆီး

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - DPA

တရုတ်အတွက် သူလျှို လုပ်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဇနီးမောင်နှံ နှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ဂျာမနီ ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပါတယ်။

မေလ ၂၀ ရက်နေ့မှာ ရဲတွေက ဂျာမနီ နိုင်ငံသား ခံယူထားတဲ့ တရုတ်အနွယ် လင်မယားကို မြူးနစ်မြို့မှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရှုကျန်နဲ့ ဟွာလို့ပဲ အတိုကောက် နာမည်တွေ ဖော်ပြထားတဲ့ နှစ်ဦးဟာ စစ်သုံး အဆင့်မြင့် နည်းပညာတွေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေကို ခိုးယူဖို့ ကြံစည်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပါတယ်။

ရဲတွေက သူတို့နှစ်ဦးရဲ့ နေအိမ်နဲ့ ရုံးခန်းတွေကိုလည်း စေ့စေ့စပ်စပ် ရှာဖွေခဲ့ကြပါတယ်။ ဖက်ဒရယ် ထောက်လှမ်းရေးဌာန အရာရှိတွေကတော့ သံသယရှိသူ နှစ်ဦးဟာ တရုတ် ထောက်လှမ်းရေး အေဂျင်စီ တစ်ခုနဲ့ ချိတ်ဆက် အလုပ်လုပ်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီ စုံတွဲဟာ ဂျာမနီမှာရှိတဲ့ တက္ကသိုလ်တွေ၊ သုတေသန ဌာနတွေနဲ့ အချိတ်အဆက်တွေ အများကြီး ဖြန့်ကျက် တည်ဆောက်ထားကြောင်း၊ အထူးသဖြင့် လေယာဉ်တည်ဆောက်မှု အင်ဂျင်နီယာ ပညာရပ်၊ ကွန်ပျူတာ သိပ္ပံနဲ့ ဉာဏ်ရည်တု နည်းပညာ (AI)ဆိုင်ရာ ထိပ်ပိုင်း ပုဂ္ဂိုလ်တွေကို ချဉ်းကပ်ဖို့ ကြိုးစားခဲ့ကြကြောင်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူတို့တွေဟာ ကားထုတ်လုပ်ရေး လုပ်ငန်းတစ်ခုရဲ့ ဝန်ထမ်းတွေ၊ စကားပြန်တွေ ဆိုတာမျိုး မိတ်ဆက်ပြီး အဲဒီပုဂ္ဂိုလ်တွေကို အယုံသွင်းကြကြောင်း၊ သူတို့ရဲ့ လှည့်စားမှုကြောင့် တချို့ သိပ္ပံပညာရှင်တွေဟာ တရုတ်မှာ ကျောင်းသားတွေကို အခကြေးငွေနဲ့ သွားရောက် သင်ကြားခဲ့တယ်လို့ ယုံကြည်နေပေမယ့် တကယ်တမ်းကျတော့ တရုတ်အစိုးရပိုင် လက်နက်နဲ့ နည်းပညာ စက်ရုံတွေရဲ့ ဝန်ထမ်းတွေ၊ အေးဂျင့်တွေကို သင်ကြားပေးမိတာမျိုး ဖြစ်နေခဲ့ကြောင်း တာဝန်ရှိသူတွေက ဆိုပါတယ်။

ဖမ်းခံရသူ နှစ်ဦးနဲ့ ပူးပေါင်းပါဝင်ခဲ့တာ မရှိပေမယ့် ဘာလင်၊ မြူးနစ်နဲ့ တခြားမြို့ကြီးတွေမှာ သူတို့လှည့်စားတာ ခံခဲ့ရသူ နောက်ထပ် ၁၀ ဦးလောက်ကိုလည်း တရားခွင်မှာ သက်သေ ထွက်ချက်ပေးဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဂျာမနီမှာ အရင်ကလည်း တရုတ်သူလျှိုအဖြစ် စွပ်စွဲခံရတဲ့ မှုခင်းကိစ္စတွေ ရှခဲ့ဖူးပါတယ်။ ဖေဖော်ဝါရီလတုန်းက အမေရိကန် နိုင်ငံသား တစ်ဦးဟာ ဂျာမနီမှာရှိတဲ့ အမေရိကန် စစ်စခန်း တစ်ခုမှာ အရပ်သား ကန်ထရိုက်တာအဖြစ် အလုပ်လုပ်ရင်း တရုတ်အတွက် အချက်အလက်တွေ ခိုးယူပေးခဲ့ကြောင်း စွပ်စွဲခံရပြီး ကိုဘလန်ဇ်မြို့ တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့ပါတယ်။

အလားတူ မနှစ်က စက်တင်ဘာလတုန်းကလည်း လက်ယာစွန်း နိုင်ငံရေးသမား တစ်ဦးဖြစ်သူ မက်ဆီမီလီယန် ခရာ့ဟ်ရဲ့ အတွင်းစည်း အကြံပေး ပုဂ္ဂိုလ် တစ်ဦးဟာ တရုတ် ထောက်လှမ်းရေး ဌာနတစ်ခုရဲ့ အေးဂျင့်ဖြစ်ကြောင်း ဖော်ထုတ် တွေ့ရှိလို့ ထောင်ဒဏ် ၄ နှစ်ခွဲ ချမှတ် ခံခဲ့ရပါတယ်။ အမှုနဲ့ ဆက်စပ်ပြီး ခရာ့ဟ်ဟာလည်း ရုရှားနဲ့ တရုတ်ဆီက ငွေကြေး ရယူခဲ့သလားဆိုတဲ့ စစ်မေးမှုတွေ ခံယူခဲ့ရပြီး သူကတော့ ငြင်းဆိုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ ခရီးသည်တင် လေယာဉ်တစ်စီး ရပ်နားထားရင်း ရုတ်တရက် ဘီးဝင်ရိုး ကျိုးကျမှု ဖြစ်ပွားခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီနိုင်ငံမှာ လူအုပ်ထဲ ကားနဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခုကြောင့် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၂၀ ကျော် ရှိခဲ့ပါတယ်။

နိုင်ငံတကာ

ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေကို လျှော့ချမယ့် အမေရိကန်ရဲ့ ဆုံးဖြတ်ချက် ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် အမေရိကန်နဲ့ ဆွေးနွေးသွားမယ်လို့ NATO စစ်မဟာမိတ် အဖွဲ့က ပြောပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ အစိုးရတွေကြား ပွတ်တိုက်မှုတချို့ ရှိခဲ့တဲ့နောက် ဂျာမနီမှာ ဖြန့်ကျက်ထားတဲ့ တပ်တွေထဲက အင်အား ၅၀၀၀ လောက်ကို အမေရိကန်က ရုပ်သိမ်းသွားမယ်လို့ သိရပါတယ်။