Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီး စတင်ဖွင့်လှစ်

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးရဲ့ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်တွေကို မက္ကဆီကို နိုင်ငံမှာ ကျင်းပသွားခဲ့ပါတယ်။

အခုနှစ် ကမ္ဘာ့ဖလားကို မက္ကဆီကို၊ ကနေဒါနဲ့ အမေရိကန်တို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ဖွင့်ပွဲ အခမ်းအနားတွေကိုလည်း နိုင်ငံသုံးခုမှာ သီးခြားစီ စီစဉ်ထားပါတယ်။ ဇွန်လ ၁၁ ရက်နေ့မှာတော့ မက္ကဆီကိုစီးတီး မြို့တော်ရဲ့ အစဉ်အလာ ကြီးမားတဲ့ အက်ဇ်တက်ကာ အားကစားကွင်းကြီးမှာ ပထမဆုံး ဖွင့်ပွဲ အစီအစဉ်ကို စည်စည်ကားကား၊ မြူးမြူးကြွကြွနဲ့ ပြုလုပ်သွားခဲ့တာပါ။

နှစ်ပေါင်း ၄၀ ကြာပြီးမှ တကျော့ပြန် ကျင်းပခွင့် ရလာတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို မက္ကဆီကို ဘောလုံး ပရိသတ်တွေက စိတ်လှုပ်ရှားခြင်း ကြီးစွာနဲ့ ကြိုဆိုခဲ့ကြပါတယ်။ ကမ္ဘာ့ဖလား မတိုင်ခင်တုန်းက မက္ကဆီကို စီးတီးမှာ လုပ်ခလစာ တိုးမြှင့် ရရှိလိုတဲ့ ပညာရေး ဝန်ထမ်းတွေရဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေခဲ့တာကြောင့် လုံခြုံရေးအတွက် စိုးရိမ်မှုတွေ ရှိခဲ့ပေမယ့်လည်း ဖွင့်ပွဲ အစီအစဉ်တွေက ချောချောမောမော ဖြစ်ခဲ့ပါတယ်။ မြို့ထဲမှာ နေရာကွက်ကြား ဆန္ဒပြမှုတချို့ ပေါ်ပေါက်ခဲ့ပေမယ့် ပြောပလောက်အောင်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆန္ဒပြသူတွေနဲ့ ရဲတွေ နည်းနည်း ပဋိပက္ခဖြစ်လို့ အက်ဇ်တက်ကာ ကွင်းကြီးနားက မြေအောက်ရထား ဘူတာကို ယာယီ ပိတ်ခဲ့ရပါသေးတယ်။

သွေးဆိုးပြီး သောင်းကျန်းချင်တဲ့ ဆန္ဒပြသူ အစုအဖွဲ့ နှစ်ခုလောက်ကို ကိုင်တွယ် ထိန်းသိမ်းနိုင်ခဲ့ကြောင်း မက္ကဆီကို ရဲတပ်ဖွဲ့က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ၂၀၁၄ ခုနှစ်တုန်းက မူးယစ်မှောင်ခို ဂိုဏ်းတွေရဲ့ ပဋိပက္ခတွေအတွင်း ပြန်ပေးဆွဲ ခံရပြီး ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၄၀ ရဲ့ မိဘတွေနဲ့ ဆရာ ဆရာမတွေကလည်း ကလေးတွေကို ပြန်လည်ရှာဖွေရေး ပိုမို အားစိုက်ပေးဖို့ ချီတက် တောင်းဆိုခဲ့ပါတယ်။ ဒါဟာ ကမ္ဘာပေါ်မှာ အကြီးကျယ်ဆုံး ဘောလုံးပြိုင်ပွဲကြီး ကျင်းပချိန် ကာလအတွင်း သူတို့ရဲ့ လိုလားမှုကို နိုင်ငံတကာက ပိုမို အာရုံစိုက်လာစေဖို့ ရည်ရွယ်တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဖွင့်ပွဲ အခမ်းအနား ဖျော်ဖြေပွဲတွေမှာတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ ဘုရင်မလို့ တင်စားခံရသူ ကမ္ဘာကျော် Popဂီတ အဆိုတော် ရှာကီရာ ဦးဆောင်ပြီး အနုပညာရှင်တွေက မြူးကြွတဲ့ သီချင်းတွေနဲ့ ဖျော်ဖြေခဲ့ပါတယ်။ ဂျေဘယ်လ်ဖင်၊ ဘာနာဘွိုင်း၊ ဒန်နီအိုးရှင်းတို့လို အဆိုတော်တွေလည်း အခု ဖျော်ဖြေပွဲ အစီအစဉ်တွေမှာ ပါဝင်ခဲ့ကြပါတယ်။ အော်ပရာစတား အန်ဒရီရာ ဘိုကာလီနဲ့ Kpop အဆိုတော် အီဂျေတို့က ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ တရားဝင် မိတ်ဆက် သီချင်းဖြစ်တဲ့ DNAကို သီဆိုသွားခဲ့ပါတယ်။

ဖွင့်ပွဲ အစီအစဉ်မှာ မက္ကဆီကို နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှုတွေ၊ စံတန်ဖိုးတွေကို ထင်ဟပ်စေတဲ့ သရုပ်ဖော် ပြကွက်တွေ၊ ရိုးရာ အကတွေကို မျက်စိပသာဒ ဖြစ်စရာ အခင်းအကျင်းတွေနဲ့လည်း တင်ဆက်ခဲ့ပါသေးတယ်။

လူပေါင်း ၈၂၀၀၀ လောက် ဝင်ဆံ့တဲ့ အားကစားကွင်းကြီးထဲမှာတော့ မက္ကဆီကို လက်ရွေးစင်အသင်း ဂျာစီ ဝတ်ဆင်လာသူ အများစုနဲ့ ပြည့်နေခဲ့ပြီး တခြားရောင်စုံ အင်္ကျီတွေနဲ့ တပျော်တပါး ရောက်ရှိလာတဲ့ ပရိသတ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

ဖွင့်ပွဲအပြီးမှာ မက္ကဆီကိုနဲ့ တောင်အာဖရိကတို့ရဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်မှာ ဖြစ်တာကြောင့် နှစ်နိုင်ငံစလုံးရဲ့ နိုင်ငံတော် သီချင်းတွေကိုပါ သီဆိုသွားကြပါတယ်။ မက္ကဆီကို အဆိုတော် အလက်ဂျန်ဒရို ဖာနန်ဒက်ဇ်က ပရိသတ် ၈၀၀၀၀ လောက်နဲ့အတူ နိုင်ငံတော် သီချင်းကို သီဆိုခဲ့ပြီး တောင်အာဖရိက နိုင်ငံတော် သီချင်းကိုတော့ ဂရမ်မီဆုရှင် တောင်အာဖရိက အဆိုတော် တိုင်လာက သီဆိုသွားခဲ့ပါတယ်။ ကမ္ဘာ့ဖလားရဲ့ အဖွင့်ပွဲစဉ်မှာ မက္ကဆီကိုက နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရပြီး အိမ်ရှင် ပရိသတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာတော့ အမေရိကန်နဲ့ ကနေဒါတို့ဟာလည်း ကိုယ်ပိုင် ကမ္ဘာ့ဖလား ဖွင့်ပွဲအစီအစဉ်တွေကို ကျင်းပသွားကြမှာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ မွေးဖွားသူတွေ နိုင်ငံသား ဖြစ်ပိုင်ခွင့်ကို ကန့်သတ်မယ့် အထူးအမိန့် နှစ်ခုကို သမ္မတ ဒေါ်နယ်လ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ရဲ့ သွားရောက်တွေ့ဆုံမှုကို အမေရိကန်ပြည်ထောင်စုမှ ကြိုဆိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဒီကနေ့ထုတ်ပြန်လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့မှုတွေကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ တရုတ်ဟာ အမေရိကန် ကုမ္ပဏီတွေအပေါ် အရေးယူ ကန့်သတ်မှု အသစ်တွေ ပြဋ္ဌာန်း သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။