Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိမ်ဖြူတော်က MMAပြိုင်ပွဲ၊ အီရန် စစ်ပြေငြိမ်းရေး သဘောတူညီမှုတွေနဲ့ ကြိုဆိုနိုင်ခဲ့တဲ့ ထရမ့်ရဲ့ မွေးနေ့

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - AP

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော် ဝင်းထဲမှာ ကျင်းပနေတဲ့ ကိုယ်ခံပညာ ပေါင်းစုံ တိုက်ခိုက်ရေး (MMA) ပြိုင်ပွဲကို စတင်နေပြီ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ နှစ်ပေါင်း ၂၅၀ ပြည့် လွတ်လပ်ရေး ကာလကို ကြိုဆို ဂုဏ်ပြုတဲ့ အနေနဲ့ အိမ်ဖြူတော် တောင်ဖက် မြက်ခင်းပြင်မှာ MMA ပြိုင်ပွဲ လှောင်အိမ်ကြီး တည်ဆောက်ပြီး ဇွန်လ ၁၄ ရက်နေ့မှာ Ultimate Fighting Championship (UFC)ရဲ့ ပွဲစဉ်စီးရီး ၂၅၀ ကို ကျင်းပစေခဲ့တာပါ။

ဇွန်လ ၁၄ ရက်နေ့ဟာ ထရမ့်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့လည်း ဖြစ်တာကြောင့် မီဒီယာတွေက ထရမ့်ဟာ သူ့မွေးနေ့ကို အိမ်ဖြူတော်က MMAပွဲ၊ အီရန်နဲ့ စစ်ရပ်စဲရေး သဘောတူညီမှုတွေနဲ့ ကြိုဆိုနိုင်ခဲ့ကြောင်း ဖော်ပြခဲ့ကြပါတယ်။ အဲဒီနေ့မှာပဲ အမေရိကန်နဲ့ အီရန်တို့ဟာ စစ်ပြေငြိမ်းရေး ကနဦးအဆင့် သဘောတူညီမှု ရရှိပြီ ဆိုတာကို အသီးသီး ကြေညာခဲ့ပါတယ်။

UFC Freedom 250လို့ နာမည်ပေးထားတဲ့ ပွဲစဉ်တွေဟာ အိမ်ဖြူတော်မှာ ပထမဆုံးအကြိမ် ကျင်းပတဲ့ ပရော်ဖက်ရှင်နယ် အားကစား ပြိုင်ပွဲ အနေနဲ့လည်း မှတ်တမ်းဝင်လာပါတယ်။ မြို့တော် ဝါရှင်တန် ဒီစီမှာ တစ်နေကုန် မိုးကြိုးမုန်တိုင်း ရာသီဥတုတွေ ဖြစ်ပေါ်နေတာကြောင့် ပွဲဖြစ်မြောက်ရေး စိုးရိမ်စရာတွေ ရှိခဲ့ပေမယ့်လည်း အချိန်နည်းနည်း နောက်ကျပြီး စတင်နိုင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပွဲစဉ် မစခင်မှာတော့ ထရမ့်ဟာ UFCရဲ့ အမှုဆောင်ချုပ် ဒါနာဝှိုက်နဲ့အတူ ပြိုင်ပွဲ နေရာဆီ ဝင်ရောက်လာခဲ့ပြီး အမေရိကန် စစ်လေယာဉ်တွေက အိမ်ဖြူတော်အထက် ကောင်းကင်ယံကနေ ဂုဏ်ပြု ပျံသန်းခဲ့ပါတယ်။ အဲဒီ ပွဲစဉ်ကို ပရိသတ် ၄၃၀၀ လောက် တက်ရောက် အားပေး ကြည့်ရှုနိုင်မှာဖြစ်ပြီး အိမ်ဖြူတော်နဲ့ မနီးမဝေးမှာ စီစဉ်ပေးထားတဲ့ ပရိသတ် ဇုန်မှာတော့ လူပေါင်း ၈၅၀၀၀ လောက် တိုက်ရိုက်ကြည့်ရှု အားပေးနိုင်အောင် စီစဉ်ပေးထားပါတယ်။

ပြိုင်ပွဲက အမေရိကန် လွတ်လပ်ရေး နှစ်ပတ်လည် ဂုဏ်ပြု အစီအစဉ်တွေရဲ့ အစိတ်အပိုင်း တစ်ခုလို့ ကြေညာထားပေမယ့် အိမ်ဖြူတော်မှာတော့ MMAပွဲကို လာရောက်အားပေးတဲ့ ပရိသတ်တွေက ထရမ့်အတွက် မွေးနေ့ဆုတောင်းသီချင်း သီဆိုပေးခဲ့ကြပါတယ်။

UFC Freedom 250ရဲ့ ပွဲစဉ်ပေါင်း ၇ ခုကိုတော့ ထရမ့်နဲ့ ဝှိုက်တို့က ညှိနှိုင်းရွေးချယ်ပေးထားတာ ဖြစ်ပါတယ်။ ပထမဆုံး ပွဲစဉ်မှာ အမေရိကန်သား စတိဗ် ဂါစီယာကို အနိုင်ယူခဲ့တဲ့ ဘရာဇီး တိုက်ခိုက်ရေးသမား ဒီယေဂို လိုပက်စ်က အိမ်ဖြူတော်မှာ တည်ဆောက်ထားတဲ့ The Clawလို့ခေါ်တဲ့ ပြိုင်ပွဲစင်မြင့်က တကယ့်ကို ထူးကဲ ခမ်းနားလွန်းကြောင်း ချီးကျူးခဲ့ပါတယ်။ The Clawဟာ ၉၂ ပေမြင့်ပြီး စုစုပေါင်း တန် ၆၀၀ လောက် အလေးချိန်ရှိတဲ့ သတ္တု အစိတ်အပိုင်းတွေကို အသုံးပြုထားပါတယ်။

UFCဟာ အဲဒီပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် ဒေါ်လာ သန်း ၆၀ သုံးစွဲခဲ့ရာမှာ ပြိုင်ပွဲအပြီး မြက်ခင်းကို ပြန်လည် ပြင်ဆင်ဖို့တင် ဒေါ်လာ ၇ သိန်း ကုန်ကျမယ်လို့ သိရပါတယ်။

စုစုပေါင်း ပွဲစဉ် ၇ ခုအတွက် MMA တိုက်ခိုက်ရေးသမား ၁၄ ဦး ယှဉ်ပြိုင်မှုဟာ ဂျော်ဂျီယာသား အီလီယာ တိုပူရီယာနဲ့ အမေရိကန်သား ဂျက်စတင် ဂေသေ့ဂျ်တို့ရဲ့ ယှဉ်ပြိုင်မှုနဲ့ အပြီးသတ်မှာ ဖြစ်ပါတယ်။ ဇွန်လ ၁၅ ရက်နေ့ မြန်မာစံတော်ချိန် မနက်ပိုင်း အထိတော့ ပွဲစဉ် ၄ ခု ယှဉ်ပြိုင်မှု ပြီးဆုံးပါပြီ။

ပြိုင်ပွဲကို ထရမ့်ရဲ့ သားနှစ်ယောက်စလုံးလည်း တက်ရောက် အားပေးခဲ့ကြပါတယ်။ ထရမ့်ကတော့ The Clawနဲ့ အနီးဆုံး အထူးတန်းကနေ ကြည့်ရှုခဲ့ပါတယ်။ ဖက်ဒရယ် ထောက်လှမ်းရေးဗျူရို (FBI)ရဲ့ အကြီးအကဲ ကက်ရှ်ပက်တဲလ်ကလည်း သူ့ရဲ့ ထိုင်ခုံကနေ အော်ဟစ် အားပေးနေတာကို တွေ့ခဲ့ရပါတယ်။

ထရမ့်က UFC Freedom 250ဟာ ကမ္ဘာပေါ်မှာ အထူးကဲဆုံး တိုက်ခိုက်ရေး ပြိုင်ပွဲ ဖြစ်လာလိမ့်မယ်လို့ ကြိုတင် မှတ်ချက်ပေးထားဖူးပြီး The Clawကိုလည်း ပြင်သစ်ရဲ့ ကမ္ဘာကျော် အိုင်ဖဲလ် မျှော်စင်ကြီးနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့ဖူးပါတယ်။

ကိုးကား: Washington Post

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် တပ်တွေကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ဖို့ ကြိုးစားခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို အပြင်းအထန် တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

နိုင်ငံတကာ

တရုတ်ရဲ့ ပခုံးထမ်း လေကြောင်းကာကွယ်ရေး ဒုံးကျည် စုစုပေါင်း ၄၀၀ လောက်ကို လာမယ့် သီတင်းပတ်တွေအတွင်း အီရန်က လက်ခံရရှိမယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။