Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရှုပ်အထွေးတွေအတွက်ဖီဖာဥက္ကဋ္ဌတောင်းပန်၊ရာထူးကနုတ်ထွက်မှာမဟုတ်

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကုမ္ပဏီပိုင်အဖြစ် ဖွဲ့စည်းပြီး ရှယ်ယာတွေ ရောင်းထုတ်မယ့် အငြင်းပွားစရာ အစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌက တောင်းပန်စကား ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့တော့ သိရပါတယ်။

ဓာတ်ပုံ - Reuters

သြဂုတ် – ၆ ၊၂၀၂၆

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကုမ္ပဏီပိုင်အဖြစ် ဖွဲ့စည်းပြီး ရှယ်ယာတွေ ရောင်းထုတ်မယ့် အငြင်းပွားစရာ အစီအစဉ်နဲ့ ပတ်သက်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌက တောင်းပန်စကား ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ လက်ရှိ ရာထူးကနေ နုတ်ထွက်မှာ မဟုတ်ဘူးလို့တော့ သိရပါတယ်။

ဩဂုတ်လ ၅ ရက်နေ့က ဖီဖာရဲ့ အာဖရိက ရုံးခွဲ တည်ရှိရာ မော်ရိုကိုနိုင်ငံမှာ အင်ဖန်တီနိုက ဖီဖာ ဘုတ်အဖွဲ့ဝင်တွေကို ဆင့်ခေါ်ပြီး အစည်းအဝေးတစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက သူအဆိုပြုဖို့ ကြံစည်ခဲ့တဲ့ ကိစ္စတစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ဂယက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။ ဖီဖာရဲ့ ဘုတ်အဖွဲ့ဝင် အများစုကတော့ အင်ဖန်တီနိုကို ဆက်လက် ယုံကြည် ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

အင်ဖန်တီနိုက တစ်ကမ္ဘာလုံး အထူးတလည် စိတ်ဝင်စားခြင်း ခံရတဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး ရှယ်ယာ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းကို ထုတ်ရောင်းဖို့ အဆိုပြုခဲ့တာပါ။ အဲဒီအတွက် ရှယ်ယာ ရောင်းချမှုကနေ ရလာမယ့် အကျိုးအမြတ်တွေကို နိုင်ငံအလိုက် ဘောလုံးအဖွဲ့ချုပ်တွေဆီ အသီးသီး ခွဲဝေပေးမယ်လို့ သူက ကမ်းလှမ်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ် (UEFA)က ဒီကိစ္စကို တင်းတင်းမာမာ ကန့်ကွက်ခဲ့သလို လက်တွေ့ အကောင်အထည်ဖော်ရင် ဖီဖာနဲ့ ကမ္ဘာ့ဖလားကို သပိတ်မှောက်မယ်လို့ပါ ခြိမ်းခြောက်ခဲ့ပါတယ်။ ဘောလုံးအားကစားအတွက်ရော၊ လုပ်ထုံးလုပ်နည်း ကျင့်ဝတ်ပိုင်းအရပါ သင့်တော်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့အတူ ဒေသကြီးတွေအလိုက် နောက်ထပ် ဘောလုံးအဖွဲ့ချုပ် တချို့ကပါ အဲဒီကိစ္စကို မထောက်ခံတော့တဲ့နောက် အင်ဖန်တီနိုဟာ ရက်ပိုင်းအကြာမှာပဲ သူ့အဆိုကို အပြီးတိုင် ရုပ်သိမ်းသွားခဲ့ပါတယ်။

ကိစ္စတွေက အဲဒီလောက်နဲ့တင် မပြီးဆုံးဘဲ ဘောလုံးလောကရဲ့ အထင်ကရ ပုဂ္ဂိုလ်တွေ အပါအဝင် အများအပြားက အင်ဖန်တီနို အနေနဲ့ ရာထူးကနေ နုတ်ထွက်ပေးသင့်ကြောင်း တောင်းဆိုလာကြပါတယ်။

အသက် ၅၆ နှစ်အရွယ် ဆွစ်ဇာလန်သား အင်ဖန်တီနိုကတော့ ကမ္ဘာ့ဖလား ရှယ်ယာတွေ ရောင်းချချင်တဲ့ သူ့ရဲ့ စိတ်ကူးဟာ အငြင်းပွားစရာတွေ ဖြစ်သွားစေတဲ့ အမှားတစ်ခုလို့ ဝန်ခံပြီး တောင်းပန်ပြီး နောက်ထပ် ဒါမျိုး မဖြစ်စေရဘူးလို့ ဖီဖာ အစည်းအဝေးမှာ ပြောကြားခဲ့ကြောင်း သိရပါတယ်။

သူ့ရဲ့ စိတ်ကူးကို UEFAသာ မကဘဲ ဖီဖာ ထိပ်ပိုင်း အရာရှိတွေထဲမှာပါ ဝေဖန်သူတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မော်ရိုကိုမှာ ကျင်းပခဲ့တဲ့ အစည်းအဝေး အပြီးမှာတော့ ဖီဖာ ဘုတ်အဖွဲ့ဝင်တွေက အင်ဖန်တီနိုရဲ့ ဦးဆောင်မှုကို ဆက်လက် ထောက်ခံဖို့ ရွေးချယ်ခဲ့ပါတယ်။

အစည်းအဝေး အပြီးမှာတော့ အင်ဖန်တီနိုဟာ ဖီဖာရဲ့ အတွင်းရေးမှူးချုပ် မက်တီယက်စ် ဂရက်ဖ်စထရွမ်နဲ့အတူ ရာဘတ်မြို့မှာ အမျိုးသမီး အာဖရိက တံခွန်စိုက်ဖလား ဘောလုံးပွဲစဉ် တစ်ခုကို အတူတက်ရောက် အားပေးခဲ့ပါတယ်။ ဒါဟာ ဖီဖာ အတွင်းပိုင်းမှာ စည်းလုံးနေဆဲ ဆိုတာကို သွယ်ဝိုက်ပြသမှု တစ်ခုအဖြစ် လေ့လာသူတွေက သုံးသပ်ကြပါတယ်။

UEFAကတော့ အင်ဖန်တီနို လုပ်ဆောင်ခဲ့တဲ့ ကိစ္စဟာ မရိုးဖြောင့်တဲ့၊ လူသိမခံနိုင်တဲ့ သီးခြားညှိနှိုင်းမှုတွေ ရှိနေတဲ့၊ ပွင့်လင်းမြင်သာမှု ကင်းမဲ့တဲ့ ကိစ္စမျိုးလို့ ဝေဖန်ခဲ့ပြီး ဖီဖာဥက္ကဋ္ဌအပေါ် ယုံကြည်မှု လုံးဝ ကင်းမဲ့သွားပြီလို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ