ရုရှားရဲ့ တိုက်လေယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိပြီး ပျက်ကျလို့ တိုက်လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
စက်တင်ဘာ ၇ ရက်က ယူကရိန်းနဲ့ ထိစပ်ရာ ကာ့စ်ခ်ဒေသထဲမှာ Su-35S တိုက်လေယာဉ်နှစ်စီး တိုက်မိခဲ့တာဖြစ်တယ်လို့ ရုရှားစစ်တပ်နဲ့ ရုရှားအစိုးရကို ထောက်ခံတဲ့ Telegram channelတွေက စတင်ဖော်ပြခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ရုရှားအစိုးရကို ထောက်ခံတဲ့ စစ်ရေးသုံးသပ်သူ ယူရီ ကိုတီနော့ခ်ကလည်းအဲဒီသတင်း မှန်ကန်ကြောင်း အတည်ပြုခဲ့ပါတယ်။ လေယာဉ်ချင်း တိုက်မိမှုကြောင့် လေယာဉ်မှူး တစ်ဦး သေဆုံးပြီး တစ်ဦးကတော့ လေထီးနဲ့ ခုန်ထွက် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
Su-35Sဟာ ရုရှားလေတပ်မှာ အသုံးပြုနေတဲ့ နည်းပညာမြင့် တစ်ယောက်စီး လေကြောင်းစိုးမိုးရေးနဲ့ ဘက်စုံသုံး တိုက်လေယာဉ်တွေ ဖြစ်ပါတယ်။ လေယာဉ်နှစ်စီး ပျံသန်းရင်း တိုက်မိလို့ ပျက်ကျတယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေအပေါ် ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

Public Service Announcement
ရုရှားရဲ့ ထင်ရှားတဲ့ စစ်ထောက်ခံသူ Vlogger တစ်ဦးဖြစ်တဲ့ ဗိုဗိုးဒါး ဗီရှက်က တိုက်လေယာဉ်တွေ တိုက်မိခဲ့တဲ့ ဖြစ်စဉ်အတွက် ယူကရိန်းက ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်တွေ အချင်းချင်း တိုက်မိခဲ့တာနဲ့ ယူကရိန်းက ဘယ်လိုဆက်စပ်သလဲ ဆိုတာကိုတော့ သူက ရှင်းပြမထားပါဘူး။ အခင်းဖြစ်တဲ့နေ့က ကာ့စ်ခ်ဒေသမှာ စစ်ဆင်ရေး တစ်ခုခု လုပ်ဆောင်ခဲ့တယ် ဆိုတာမျိုးလည်း ယူကရိန်းဖက်က ထုတ်ပြန်ထားတာ မရှိပါဘူး။
လေယာဉ်နှစ်စီး တိုက်မိပြီး ပျက်ကျခဲ့တဲ့ အကြောင်းရင်းကို သဲသဲကွဲကွဲ မသိရသေးပေမယ့် ရန်သူရဲ့ တိုက်ရိုက် စွက်ဖက် နှောင့်ယှက်မှု တစ်ခုခုကြောင့်တော့ ဖြစ်နိုင်ခြေ နည်းတယ်လို့ ဆိုပါတယ်။ မြင်ကွင်းမရှင်းလင်းမှုနဲ့ လေယာဉ်မှူးတွေရဲ့ ဆုံးဖြတ်ချက် အမှားအယွင်း စတာတွေက အဓိက အကြောင်းရင်းတွေလို့ ယူဆရကြောင်း ရုရှားရဲ့ ဝါဒဖြန့် channelတွေက ဖော်ပြထားပါတယ်။
ရုရှားလေတပ်ဟာ ယူကရိန်းနဲ့ နယ်စပ်တဝိုက်မှာ ပျံသန်းရင်း မြေပြင်တိုက်ခိုက်ရေး မစ်ရှင်တွေ လုပ်ဆောင်တဲ့ Su-34 အလတ်စား ဗုံးကြဲတိုက်လေယာဉ်တွေ၊ မြေပြင်တပ်ဖွဲ့တွေကို လေကြောင်း အကာအကွယ်ပေးဖို့အတွက် Su-35Sတွေကို အသုံးပြုလေ့ ရှိပါတယ်။ အဲဒီ လေယာဉ်တွေဟာ ယူကရိန်းရဲ့ ဒရုန်းနဲ့ ဒုံးကျည်တွေကို ကြားဖြတ်ပစ်ချဖို့၊ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တွေကို ရှာဖွေ ဖျက်ဆီးဖို့ စစ်ဆင်ရေးတွေမှာလည်း ပါဝင်လေ့ ရှိပါတယ်။
Sukhoi ကုမ္ပဏီက ထုတ်လုပ်တဲ့ Su-35S လေယာဉ်တွေ စုစုပေါင်း အစီး ၁၀၀ လောက်ကို ရုရှားလေတပ်က ပိုင်ဆိုင်ထားတယ်လို့လည်း ယုံကြည်ရပါတယ်။
ကိုးကား: Kyiv Post

















































