Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယီမင်မှာ မဟာဗျူဟာအရ အချက်အချာကျတဲ့ ပင်လယ်နီ ဆိပ်ကမ်းမြို့ကို ဟိုသီတွေ သိမ်းယူ

ယီမင်နိုင်ငံမှာ မဟာဗျူဟာအရ အရမ်း အချက်အခြာကျတဲ့ ဆိပ်ကမ်းမြို့ တစ်ခုကို ဟိုသီ ပြောက်ကျားတပ်တွေက သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဓာတ်ပုံ - AP

ယီမင်နိုင်ငံမှာ မဟာဗျူဟာအရ အရမ်း အချက်အခြာကျတဲ့ ဆိပ်ကမ်းမြို့ တစ်ခုကို ဟိုသီ ပြောက်ကျားတပ်တွေက သိမ်းယူလိုက်ကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာက အသိအမှတ်ပြုပြီး ဆော်ဒီအာရေးဘီးယားက စစ်ရေးအရ ကျောထောက်နောက်ခံ ပေးထားတဲ့ အစိုးရ တပ်တွေဟာ စက်တင်ဘာ ၁၀ ရက်မှာ မိုခါမြို့ကနေ ဆုတ်ခွာခဲ့ရကြောင်း စစ်ရေး သတင်းရင်းမြစ်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

မိုခါဟာ ယီမင်နိုင်ငံ အနောက်တောင်ဖက် ကမ်းလွန်က ပင်လယ်နီနဲ့ အာရေဗျပင်လယ် ထိစပ်ရာ ကျဉ်းမြောင်းသွယ်လျတဲ့ ဘက်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားနားမှာ တည်ရှိပါတယ်။ အဲဒီမြို့က အီရန်မဟာမိတ် ပြောက်ကျားတပ်ဖွဲ့ လက်ထဲ ကျရောက်သွားခြင်းဟာ ပင်လယ်နီမှာ ဆော်ဒီက အသုံးပြုနေတဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းတွေအတွက် အတော်လေး အန္တရာယ် များလာစေဖွယ် ရှိပါတယ်။

အာရှနဲ့ ဥရောပကို အဓိက ဆက်စပ်ပေးရာ ကုန်သွယ်ရေလမ်းကြောင်း တစ်ခုဖြစ်တဲ့ ဘက်ဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားဟာ မိုခါမြို့နဲ့ ၇၅ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။ ဟိုသီတွေက အဲဒီရေပြင်မှာ ဖြတ်သန်း ခုတ်မောင်းနေတဲ့ နိုင်ငံတကာ အရပ်ဖက် ရေယာဉ်တွေကို ရန်ပြုမှာ မဟုတ်ပေမယ့် ဆော်ဒီရဲ့ သင်္ဘောတွေကိုတော့ ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

အီရန်စစ်ပွဲ စတင်လာပြီး ဟောမုဇ်ရေလက်ကြား အပိတ်ခံရတဲ့နောက် ဆော်ဒီဟာ ရေနံတင်ပို့မှုတွေအတွက် ပင်လယ်နီ ရေလမ်းကြောင်းကို အားကိုးနေရပြီး အခုတော့ အဲဒီရေပြင်မှာ ဟိုသီရဲ့ ကြီးမားတဲ့ ခြိမ်းခြောက်မှုကို ကြုံလာရတာပါ။

အီရန်စစ်ပွဲသာ မကဘဲ ဟိုသီနဲ့ ဆော်ဒီ တင်းမာမှုကလည်း နိုင်ငံတကာ ရေနံစျေးတွေကို ပိုမို မြင့်တက်လာစေပါတယ်။ ဟိုသီတပ်တွေဟာ မိုခါကို သိမ်းပိုက်နိုင်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ထိုးစစ်တစ်ခု စတင်ခဲ့ပြီး တိုက်ပွဲတွေအတွင်း လူရာနဲ့ချီ သေဆုံးခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။

ဆော်ဒီဦးဆောင်တဲ့ အာရပ်မဟာမိတ် နိုင်ငံတွေက ယီမင် အစိုးရရဲ့ မြေပြင်တပ်တွေကို ကူညီဖို့ ယီမင်အနောက်ပိုင်းမှာရှိတဲ့ ဟိုသီထိန်းချုပ် ဧရိယာတွေကို လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဟိုသီတွေကလည်း ဆော်ဒီ တောင်ပိုင်းက မြို့ရွာတွေနဲ့ ရေနံချက် စက်ရုံတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မိုခါ ဒေသခံတွေကတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေအပြီး ဟိုသီတပ်တွေဟာ စက်တင်ဘာ ၉ ရက် ညပိုင်းမှာ မြို့ထဲ စတင်ဝင်ရောက်ပြီး ၁၀ ရက်နေ့မှာတော့ မြို့ရဲ့ နေရာအများအပြားမှာ ဖြန့်ကျက် နေရာယူထားကြောင်း ပြောပါတယ်။ ဟိုသီတွေ ဝင်လာတဲ့အတွက် လူတွေ အထိတ်တလန့် ထွက်ပြေးကုန်ကြောင်း၊ လမ်းပေါ်မှာ ဒဏ်ရာရပြီး လဲနေသူတွေကို မြင်ရပေမယ့် ကူညီမယ့်သူ မရှိခဲ့ကြောင်း မြို့ခံ တစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၀ ရက်နေ့မှာတော့ မြို့ထဲမှာ ဟိုသီတပ်တွေက ကင်းလှည့်နေပြီး ဆိုင်တွေနဲ့ အစိုးရ အဆောက်အအုံတွေ ပိတ်ထားတယ်လို့ နောက်ထပ် မြို့ခံတစ်ဦးက ဆိုပါတယ်။ ဟိုသီတွေ ဘာဆက်လုပ်မလဲ ဆိုတာကို ဘယ်သူမှ မသိသေးကြောင်း၊ အားလုံးက လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်နေကြကြောင်း အဲဒီအမျိုးသားက ဖွင့်ဟခဲ့ပါတယ်။

လက်ရှိမှာတော့ မြို့ကို စွန့်ခွာသွားတဲ့ စစ်ရှောင် အများစုဟာ နိုင်ငံတကာ အသိအမှတ်ပြု ယီမင်အစိုးရက ယာယီမြို့တော်အဖြစ် အသုံးပြုနေတဲ့ ဆိပ်ကမ်းမြို့ အေဒင်ဆီကို ဦးတည်ပြီး အရှေ့ဖက်ကို ထွက်ခွာသွားကြပါတယ်။

၂၀၁၄ ခုနှစ်မှာ စတင်ခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ဟိုသီတွေဟာ ယီမင်နိုင်ငံရဲ့ အနောက်ဖက်နဲ့ အနောက်မြောက်ဖက်ခြမ်းက ကျယ်ပြန့်တဲ့ နယ်မြေတွေကို ထိန်းချုပ်ထားခဲ့ရပါတယ်။ မြို့တော် ဆာနားပါ ဟိုသီတွေရဲ့ လက်အောက် ကျရောက်သွားတာကြောင့် အစိုးရဟာ အေဒင်မြို့ဆီ ပြောင်းလဲ ရုံးစိုက်ခဲ့ရတာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဘီးယားမှာ အရပ်သား ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယီမင်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မသိ စစ်လက်နက် တစ်မျိုးနဲ့ ပစ်ခတ်ခံရလို့ အိန္ဒိယအလံ လွှင့်ထူထားတဲ့ သင်္ဘောတစ်စီး နစ်မြုပ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအပြီးမှာတော့ အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ယီမင်မှာ ဖြန့်ကျက်ထားတဲ့ လက်ကျန်တပ်ဖွဲ့ အားလုံးကို ရုပ်သိမ်းမယ်လို့ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ယီမင်အခြေစိုက် ဟိုသီပြောက်ကျားတွေ ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် အပါအဝင် အစိုးရ တစ်ဖွဲ့လုံး အစ္စရေး လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။