ယီမင် အခြေစိုက် ဟိုသီ ပြောက်ကျားအဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီအာရေးဘီးယားမှာ အရပ်သား ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဆော်ဒီ အာရေးဘီးယား တောင်ပိုင်းမှာ ဩဂုတ်လ ၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကြောင့် ဆော်ဒီ ၇ ဦး၊ ယီမင် ၁ ဦး၊ အီဂျစ် ၂ ဦးနဲ့ ပါကစ္စတန် ၁ ဦးတို့ ဒဏ်ရာရခဲ့ကြောင်း ဆော်ဒီ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်ချုပ် တာကီ အယ်လ်မာလီကီက ပြောကြားခဲ့ပါတယ်။
ဟိုသီတွေဟာ အီရန် မဟာမိတ် လက်နက်ကိုင် တပ်ဖွဲ့တစ်ခုဖြစ်ပြီး မြို့တော် ဆာနား အပါအဝင် ယီမင်ရဲ့ အစိတ်အပိုင်း အများစုကို ထိန်းချုပ်ထားပါတယ်။ တစ်ဖက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု ယီမင် အစိုးရကို ဆော်ဒီ ဦးဆောင်တဲ့ အာရပ်နိုင်ငံတွေက စစ်ရေးအရ အကူအညီ ပေးနေပါတယ်။
လက်ရှိ အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုတွေ ဖြစ်ပေါ်နေချိန်မှာ ဟိုသီတွေနဲ့ အီရတ် အခြေစိုက် အီရန် မဟာမိတ် လက်နက်ကိုင် အင်အားစုတွေဆီက တိုက်ခိုက်မှုတွေ ရှိလာနိုင်ကြောင်း ဆော်ဒီ အစိုးရက သတိပေးထားပြီး မကြာခင်မှာပဲ နိုင်ငံတောင်ပိုင်းက နက်ဂျ်ရန်ဒေသဆီ အမျိုးအမည် မခွဲခြားနိုင်သေးတဲ့ လက်နက်ခဲယမ်းတွေ ကျရောက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဟိုသီတွေက နက်ဂျ်ရန်းကို ဒရုန်းတွေ၊ ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူဆရပြီး အသေးစိတ် အချက်အလက်တွေကိုတော့ ဆော်ဒီစစ်တပ်က မထုတ်ပြန်သေးပါဘူး။ ဒဏ်ရာ ရသူတွေထဲမှာ အရေပြားပေါ် ဆိုးဆိုးရွားရွား မီးလောင်သွားခဲ့တဲ့ ၄ နှစ်အရွယ် ကလေးငယ်လည်း ပါဝင်ခဲ့တယ်လို့ ဆော်ဒီက ပြောပါတယ်။
ဟိုသီတွေရော၊ ဟိုသီအပါအဝင် အီရန်မဟာမိတ် လက်နက်ကိုင်တွေ စုဖွဲ့ထားတဲ့ တပ်ပေါင်းစုကပါ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးပါဘူး။
ဆော်ဒီတွေနဲ့ ဟိုသီကြားမှာ ဆယ်စုနှစ်နဲ့ချီ ကြာညောင်းတဲ့ စစ်ရေးတင်းမာမှုတွေ ရှိနေပြီး အခုတော့ အီရန်စစ်ပွဲနဲ့ပါ ရောထွေး ယှက်နွှယ်လာနေတာ ဖြစ်ပါတယ်။
အစောပိုင်းမှာ အမည်မဖော်လိုသူ ဆော်ဒီ စစ်ဘက် ထိပ်တန်း အရာရှိ တစ်ဦးက အမေရိကန်နဲ့ မဟာမိတ် အာရပ်နိုင်ငံတွေရဲ့ ထောက်လှမ်းရေး အဖွဲ့တွေက ဟိုသီတွေနဲ့ အီရတ်အခြေစိုက် အီရန် မဟာမိတ် လက်နက်ကိုင်တွေဟာ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)ရဲ့ လမ်းညွှန်ချက်အရ ဆော်ဒီမှာရှိတဲ့ အရပ်ဖက် ပစ်မှတ်တွေနဲ့ အခြေခံ အဆောက်အအုံတွေကို အချိတ်အဆက်မိမိ တိုက်ခိုက်လာနိုင်ခြေ ရှိတယ်ဆိုတဲ့ သတင်းတွေ ရရှိထားကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။
ဆော်ဒီက လက်ရှိ အီရန်စစ်ပွဲကို အကြောင်းပြုပြီး အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေကပါ ပဋိပက္ခထဲ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာနိုင်ခြေရှိကြောင်း သတိပေးထားပါတယ်။ တစ်ချိန်တည်းမှာပဲ ဆော်ဒီဟာ ကာကွယ်ရေး အစီအမံတွေကို မြှင့်တင်နိုင်ဖို့အတွက် မဟာမိတ် နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့လည်း ညှိနှိုင်းနေကြောင်း သိရပါတယ်။
ကိုးကား: Reuters


















































