အောက်တိုဘာ – ၁၃ ၊၂၀၂၆
သက်တမ်းဝက်ရွေးကောက်ပွဲဝင်မယ့်အမေရိကန်ရဲ့အာဏာရရီပတ်ဘလစ်ကန်ပါတီအတွက်ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးအီလွန်မတ်စ်ခ်က ဒေါ်လာ ၂၇၆ သန်းကျော်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရပါတယ်။
နိုဝင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက်ရီပတ်ဘလစ်ကန်ပါတီကိုအားပေးထောက်ခံပြီးအလှူငွေတွေ ထည့်ဝင်ကြရာမှာ မတ်စ်ခ်ဟာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
မတ်စ်ခ်ရဲ့နိုင်ငံရေးလုပ်ဆောင်ချက်တွေကိုတာဝန်ယူပေးထားတဲ့ America PACက ရီပတ်ဘလစ်ကန် ပါတီရဲ့ မဲဆွယ်စည်းရုံးရေး ရန်ပုံငွေ စာရင်းနဲ့ ပတ်သက်ပြီး အဲဒီကိန်းဂဏန်းကို အတည်ပြုပေးခဲ့ပါတယ်။

Public Service Announcement
SpaceXနဲ့ Teslaတို့လို နည်းပညာ လုပ်ငန်းစုကြီးတွေကို ဦးဆောင်နေတဲ့ ဘီလီယံနာ သူဌေးကြီးရဲ့ ထည့်ဝင်မှုတွေထဲက အများစုဖြစ်တဲ့ ဒေါ်လာ ၁၅၈ သန်းဟာ ရီပတ်ဘလစ်ကန် ပါတီကို ထောက်ပံ့နေတဲ့ အကြီးမားဆုံး နိုင်ငံရေး အသုံးစရိတ် အဖွဲ့အစည်းဖြစ်တဲ့ အထက်လွှတ်တော် ဦးဆောင်မှု ရန်ပုံငွေ အဖွဲ့ဆီကို လှူဒါန်းခဲ့တာလို့ သိရပါတယ်။
မတ်စ်ခ်ရဲ့ စီးပွားရေး အင်ပါယာမှာ အထူးအရေးပါတဲ့ တက္ကဆက်စ် ပြည်နယ်ရဲ့ အထက်လွှတ်တော် အမတ်နေရာကို ရီပတ်ဘလစ်ကန် ပါတီက ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ အဲဒီအဖွဲ့က ငွေကြေး အလုံးအရင်း အသုံးပြုပြီး မဲဆွယ်မှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ဇူလိုင်လကစလို့ရီပတ်ဘလစ်ကန်ပါတီရဲ့အောင်နိုင်ရေးမဲဆွယ်လှုပ်ရှားမှုတွေမှာ မတ်စ်ခ်ထည့်ဝင်လှူဒါန်းထားတဲ့ ငွေကြေးပမာဏတွေကို New York Times သတင်းစာက စတင် ဖော်ပြခဲ့ပါတယ်။
မတ်စခ်ဟာ ရီပတ်ဘလစ်ကန် ပါတီရဲ့ အမာခံ ကျောထောက်နောက်ခံ ငွေကြေး ပံ့ပိုးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် သမ္မတ ရွေးကောက်ပွဲတုန်းကလည်း မတ်စ်ခ်ဟာ ရီပတ်ဘလစ်ကန်ပါတီ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ရဲ့ မဲဆွယ်ရေး မစ်ရှင်တွေအတွက် ဒေါ်လာ သန်း ၃၀၀ နီးပါး ပုံအော လှူဒါန်းခဲ့ပါတယ်။
ထရမ့် သမ္မတ ဖြစ်လာပြီး အစောပိုင်း လတွေမှာတော့ မတ်စ်ခ်ဟာ အစိုးရ အဖွဲ့ထဲမှာ လပိုင်းလောက် ပါဝင်ခဲ့ပြီး ဌာနဆိုင်ရာ အသုံးစရိတ်တွေ လျှော့ချစေတဲ့ စီမံကိန်းတွေကို ကြီးမှူးခဲ့ဖူးပါတယ်။
နိုဝင်ဘာလမှာ ကျင်းပမယ့် သက်တမ်းဝက် ရွေးကောက်ပွဲမှာတော့ မတ်စ်ခ်ရဲ့ အဓိက အာရုံကျမှုဟာ တက္ကဆက်စ်ပြည်နယ် အထက်လွှတ်တော် အမတ်နေရာ ဖြစ်နိုင်တယ်လို့ သတင်းတွေက သုံးသပ် ဖော်ပြထားပါတယ်။ အဲဒီ နေရာအတွက် ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု ပြည်နယ် ရှေ့နေချုပ် ကန်ပက်စ်တန်နဲ့ ဒီမိုကရက်တစ် ပါတီရဲ့ ဂျိမ်းစ်တာလာရီကိုတို့ အားပြိုင်နေကြပါတယ်။
တက္ကဆက်စ်ပြည်နယ်မှာပြည်နယ်တစ်ခုလုံးအတိုင်းအတာနဲ့ ဩဇာသက်ရောက်စေတဲ့ ရာထူးတစ်ခုခုမှာ ၁၉၉၄ ခုနှစ်နောက်ပိုင်း ဘယ်ဒီမိုကရက်တစ် ပါတီဝင်မှ အနိုင်မရခဲ့ဖူးသေးပါဘူး။
အစဉ်အလာအရ အဲဒီလောက် ရီပတ်ဘလစ်ကန် ပါတီအတွက် ထောက်ခံမှု အားကောင်းထားတဲ့ ပြည်နယ်မှာ အထက်လွှတ်တော် ဦးဆောင်မှု ရန်ပုံငွေအဖွဲ့ဟာ လာမယ့် သက်တမ်းဝက် ရွေးကောက်ပွဲအတွက် မဲဆွယ်စရိတ် ဒေါ်လာ သန်း ၁၀၀ ကျော်ထိ သုံးစွဲထားပါတယ်။
ဒီအခြေအနေကရီပတ်ဘလစ်ကန်တွေဟာတက္ကဆက်စ်အထက် လွှတ်တော် အမတ်နေရာကို လက်လွှတ်ရမှာ စိုးရိမ်နေတဲ့ အဓိပ္ပါယ် ဖြစ်နိုင်ကြောင်း လေ့လာသူတွေက သုံးသပ် ပြောဆိုထားပါတယ်။
ကိုးကား -New York Times



















































