မောင်သုည (ရှပ်ပုံသားလေး)
“ စစ်သား အကြောင်းပြောရရင် ငါနည်းနည်းတော့ရင်ခုန်တယ်။ ဝမ်းလည်းနည်းမိတယ်။ ဂုဏ်ယူမဆုံးလည်းဖြစ်မိတယ် ”
ထုံးစံတိုင်း ကျနော်ပြောတဲ့စကားကို ရဲဘော်တွေ စိတ်ဝင်တစား နားထောင်နေကြတယ်။
“ ငါရင်ခုန်တဲ့အကြောင်း အရင်မပြောခင်မှာ ဝမ်းနည်းရတဲ့အကြောင်း အရင်ပြောရရင် ဆာဘီးယန်း ဆိုရိုးတစ်ခုက စရမှာပဲ။

Public Service Announcement
စစ်ပွဲ တစ်ပွဲဖြစ်တဲ့အခါ နိုင်ငံရေးသမားတွေက လက်နက်တွေ တပ်ဆင်ပေးတယ်။ လူချမ်းသာတွေက အရင်းနှီးနဲ့ ရိက္ခာတွေထုတ်ပေးတယ်။ လူဆင်းရဲတွေကတော့သားယောက်ျား လေးတွေ ပေးရတယ် ။
စစ်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ နိုင်ငံရေးသမားတွေက ထိပ်တန်းရာထူးတွေ ရကြတယ်။ လူချမ်းသာတွေက ပိုမိုကြွယ်ဝဖို့ အခွင့်အလမ်းတွေ ယခင်ကထက်ပိုပြီး ပြန်ရတယ်။ လူဆင်းရဲတွေကတော့ သူတို့သားတွေ ရဲ့ မြှုပ်နှံရာမြေပုံ ကို လိုက်ရှာကြရတယ်တဲ့ ။
ဒီဆိုရိုးက ငါ့အတွက် တော်တော်ဝမ်းနည်းဖို့ကောင်းတဲ့ဆိုရိုးတစ်ခု။ ထားပါတော့။
အသေအချာပြန်တွေးရင် စစ်သားတစ်ယောက်ဆိုတာ မိမိပြည်သူလူထုအတွက် အသက်နဲ့ရင်းပြီးကာကွယ်ပေးရမှာက သူ့တာဝန် သူ့အလုပ်ပဲ။ငါက ပြည်သူလူထုအတွက် အသက်စွန့် ကာကွယ်ပေးနေတာပါလို့လည်း ကင်းမွန်းတပ်ပြီး ဂုဏ်ဖော်ပြောနေစရာအကြောင်း မရှိဘူး ဟုတ်တယ်မလား။
မင်းတို့စဥ်းစားကြည့်လေ။ မင်းလုပ်နေတာက စစ်သား စစ်သားဖြစ်ရင် ဒီတာဝန်တွေထမ်းရမယ် ယူရမယ်ဆိုတာ မင်းသိနေရမယ် ။
ဒါပေမယ့် နိုင်ငံတော်နဲ့နိုင်ငံသားတွေကလည်း ပေးဆပ်ခဲ့တဲ့ အသက်တွေကို တန်ဖိုးမထားလို့တော့ မရဘူးပေါ့။
အဲဒီတော့ ငါဂုဏ်ယူမိတဲ့အပိုင်းဆက်ပြောရရင် စစ်သားတစ်ယောက်မှာ ဘယ်လိုဖြစ်တည်မှုမျိုးက လေးစားဂုဏ်ယူစရာအကောင်းဆုံးလဲ ”
ကျနော်က မေးသယောင်ယောင်ပြောတော့
ရဲဘော်တွေက သူတို့ထင်ရာမြင်ပြောကြတယ်။ ဟုတ်သည်လည်းရှိ မဟုတ်သည်လည်းရှိ။
“ အေး…ပြောရရင်တော့ အများကြီးပဲ။ အဓိကျတဲ့အချက်က စစ်သားတစ်ယောက်မှာ စစ်သားတစ်ယောက်ရဲ့ ဆောင်ထားရမယ့် ကျင့်ဝတ်တွေရှိတယ်ဆိုတာ မင်းတို့သိပြီးသား ။
ပုံမှန်အားဖြင့်တော့ လူတစ်ယောက်ဟာ တိုင်းပြည်နဲ့လူမျိုးကို အသက်ပေးကာကွယ်ဖို့ စစ်တပ်ထဲဝင်တဲ့စိတ်ဆန္ဒကိုက စစ်သားတစ်ယောက်အတွက် ဂုဏ်ယူစရာကောင်းနေပြီ။
ဟုတ်တယ်လေ။ အခုဆို ငါတို့နိုင်ငံရဲ့ တကယ့်အရေးကြီးအခန်းကဏ္ဍမှာ မင်းတို့တတွေ စစ်သားဖြစ်လာကြတယ်။
လွတ်မြောက်နယ်မြေတွေမှာ အခုပြည်သူတွေ အေးအေးချမ်းချမ်းလုပ်ကိုင်စားသောက်နေရတာ မင်းတို့ရဲ့ကာကွယ်ပေးမှုကြောင့်ဆိုတာ ငြင်းမရပါဘူး။ မင်းတို့မရှိရင် ရန်သူတွေ ဝင်လာပြီး မီးရှို့ပစ်တာ ၊ ရက်စက်သတ်ဖြတ်ကြတာ ကုန်ပေါ့။ အဲဒီရဲ့တန်ဖိုးဟာ တော်တော်မွန်မြတ်တယ်လို့ပြောရင် မှားမလား။ ဒါက အတိုချုပ်အနေနဲ့ ငါပြောတာ။
ဒါပေမယ့် မျောက်ပြဆန်တောင်းဆိုသလို ငါဟာ ပြည်သူလူထုအတွက် အသက်ပေးလုပ်နေတာဆိုပြီး မာန်တတ် လက်နက်အားကိုးနဲ့အပေါ်စီးက ပြည်သူတွေကို အနိုင်ကျင့်တာမျိုးလုပ်နေရင်တော့ မင်းတို့ဟာ ပြည်သူအချစ်တော် မဟုတ်ဘဲ ပြည်သူ ချဥ်ဖက်ပဲဖြစ်လိမ့်မယ်။
အမှန်တကယ် စစ်သားတစ်ယောက်ရဲ့တန်ဖိုးဆိုတာ မိမိပြည်သူလူထုက မိမိကို ဘယ်လောက်လေးစားဂုဏ်ယူပြီး ရိုကျိုးမှုရှိသလဲဆိုတဲ့အချက်က စစ်မှန်တဲ့ စစ်သားတစ်ယောက်ရဲ့ တန်ဖိုးပဲလို့ ငါထင်တယ်။
အေး ဟုတ်ပြီ။ ဒီနေရာမှာ “ ဂုဏ် ” ဆိုတဲ့ အရာကို ငါတို့နည်းနည်း အလေးထားစဥ်းစားကြည့်ရအောင်။
လူတစ်ယောက်ဟာ ကျင့်ဝတ်ပျက် သိက္ခာမဲ့တဲ့ စရိုက်တွေနဲ့ဆိုရင် မင်း ရွှေသင်္ကန်းခြုံထားလည်း ဂုဏ်သိက္ခာမရှိဘူးမှတ် ။
အဲတော့ လူ့ဂုဏ်ဆိုတာ ဘာလဲ ။ မင်းတို့တွေးကြည့်စမ်း။ ဒီလူ့ဂုဏ်ရှေ့မှာ သိက္ခာဆိုတာအရင်လာတယ် မဟုတ်လား။ အဲတော့ လူဟာ သိက္ခာခြုံမှ လိပ်ပြာဂုဏ်ဆောင်နိုင်တယ်။ ရိုးသားတဲ့လိပ်ပြာဂုဏ်ဆောင်နိုင်မှ လူ့ဂုဏ်သိက္ခာဆိုတာ ပေါ်လာရခြင်းပဲ။
ဆိုလိုတာက မင်းတို့ဘာအလုပ်လုပ်နေလဲ။ ဘာအတွက်လုပ်နေလဲ ။ ဘယ်သူအတွက်လုပ်နေသလဲဆိုတာ အသေအချာသိပြီးရင် မင်းတို့အလုပ်ဟာ လူ့ဂုဏ်သိက္ခာမြှင့်နေဖို့ တာဝန်ရှိတယ်။ ငါက သူတို့အတွက် ကာကွယ်နေတာပဲဆိုတဲ့ အတ္တကို အလံထူလို့မရဘူး။
ဘုန်းကြီးဆိုလည်း ဘုန်းကြီးတစ်ပါးရဲ့ သီလဂုဏ် ၊ သမာဓိဂုဏ်ရှိရမယ်။ စစ်သားဆိုရင် စစ်သားတစ်ယောက်ရဲ့ ဂုဏ်သတ္တိကျော်ဇောမှုရှိမှ အများအားကိုးယုံကြည်တဲ့ လေးစားစရာစစ်သားကောင်းဖြစ်မယ် ”
ရဲဘော်တစ်ယောက်က လက်ခုပ်ထတီးတော့ အားလုံးက တဖျန်းဖျန်းထတီးကြတယ်။
“ နောက်ဆုံးတစ်ခုထပ်ပြောမယ်။ ငါနည်းနည်းရယ်ချင်တယ်ဆိုတဲ့ကိစ္စ။ မင်းတို့အနာပေါ်တုတ်ကျရင်တော့ အခုကတည်းက ဆေးထည့်ထားကြ။
တိုင်းပြည်အေးချမ်းနေတဲ့အချိန်မှာ တပ်မတော်ထဲ စစ်သားဝင်လုပ်တာဟာ ဘယ်သူက ဖြူ ၊ မဲ ဆိုတာ အလွယ်တကူသိနိုင်တယ်။ အေး ဒါပေမယ့် တိုင်းပြည်ဖရိုဖရဲဖြစ်လာပြီ လက်နက်ကိုင် တိုက်ပွဲဝင်ရတော့မယ်ဆိုရင် ဘယ်သူမှ ဖြူ ၊ မဲ စစ်ဖို့ သိပ်အလေးမထားကြဘူး။ အင်အားကောင်းဖို့ကိုပဲ ဦးစားပေးတတ်ကြတယ်။
မင်းတို့နားရှင်းအောင် ပမာနှိုင်းပြရရင် လယ်ကွင်းပြင်မှာ စပါးပျိုးသလိုပေါ့။ မျိုးစေ့တိုင်းက မအောင်ဘူး။ တချို့မျိုးစေ့တွေဟာ အပင်သန်မာထွားကျိုင်းတဲ့အပင်တွေကို တော်တော်ဒုက္ခပေးတယ်။ ကောင်းမွန်စွာ ကြီးထွားဖို့ကို အခွင့်အရေးမရှိဘူး။
ပြောချင်တာက ဒီတော်လှန်ရေးမှာလည်း ဒီလိုပါပဲ။ အစစချင်းမှာတော့ ဘယ်သူက ဖြူတယ်၊မဲတယ်ဆိုတာ မစစ်ဆေးကြဘူး။ အမှန်တရားကိုတကယ်မြတ်နိုးလို့ ချစ်လို့ပဲ ဒီလက်နက်ကိုင်တဲ့လမ်းစဥ်ကိုရွေးချယ်တယ်လို့ ထင်ကြေးနဲ့ တော်လှန်ရေးနယ်မြေထဲဝင်လာသမျှ လူတွေကို လက်နက်တပ်ဆင်ပေးလိုက်ကြတယ်။
ဒါကြောင့် တော်လှန်ရေးရဲ့ဆိုးကျိုးဟာ မလိုအပ်ဘဲနဲ့ များလာရတာပဲ။ နောက်တော့ ဘုရားမှတ်လို့ကိုးကွယ်မိကာမှ တောင်ပို့ဖြစ်နေမှန်းသိသွားတဲ့ တချို့ ဖြစ်ရပ်တွေလည်း သတင်း မီဒီယာပေါ်မှာ မင်းတို့တွေ့ကြမယ်ထင်တယ်။
အေး တချို့ မျိုးစေ့ကောင်းတွေကျတော့ နှမြောစရာကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ဒီတော်လှန်ရေးထဲမှာ မျိုးစေ့ကောင်းကိုမှ မီးဖုတ်စားချင်တဲ့ကောင်တွေက သီးသန့်ရှိနေကြတာ။ ဒီထဲ အမြစ်မသန်တဲ့အပင်က အာဏာရှင်ဆန်လာတဲ့ လူတွေရဲ့ လွှမ်းမိုးမှုခံလိုက်ရတာပဲ။
ဒီတော့ ငါမင်းတို့ကိုမှာချင်တာက မျိုးစေ့ကောင်းဖြစ်အောင်ကြိုးစား၊ အမြစ်သန်တဲ့ စစ်သားကောင်တစ်ယောက်ဖြစ်အောင်လည်းသင်ယူ။ သူများပုံသွင်းတိုင်း ပုံစံခွက်ထဲမဝင်မိစေနဲ့။ ငါတို့ဟာ ပန်းပုထုခံဖို့ သစ်တုံး မဟုတ်ကြဘူး။ လူဟာ ပုံစံခွက်နဲ့အသက်ရှူရင် မကောင်းတဲ့အာဏာရှင်တွေရဲ့ အသုံးချခံ ဖြစ်တတ်ပါတယ်။
ဒီတော်လှန်ရေးဟာ မင်းတို့ ယူနီဖောင်းအပြည့်အစုံဝတ်ချင်ရုံသက်သက်နဲ့ မပြီးဘူး။ အဲဒီစိတ်ဓာတ်နဲ့လည်း တော်လှန်ရေးလုပ်လို့မရတဲ့ဘူး။ ဒီသမိုင်းမှာ သမိုင်းမရိုင်းဖို့ဆိုရင် မင်းတို့ရဲ့ အတွေးအခေါ်အမြော်အမြင်ကြီးဖို့လိုမယ်။
ပြည်သူထူထုဟာ အာဏာရှင်ဆို ဘယ်အာဏာရှင်ကိုမှ မလိုလားဘူး။ ရွံရှာမုန်းတီးနေကြပြီ။ ငါတို့ကလည်း တစ်ဦးတစ်ယောက်ရဲ့အာဏာတည်ဖို့ ထောက်တိုင်အဖြစ်မခံဖို့ အရေးကြီးတယ်။ ဒါကြောင့် မင်းတို့ အသိတရား သတ္တိတရားပိုရှိကြစမ်းပါ။
ကမ္ဘာ့သမိုင်းမှာလည်း စာအလွန်ဖတ်ပြီး အရည်အချင်းပြည့်ဝလှပါတယ်ဆိုတဲ့ အာဏာရှင်တစ်ယောက်ရှိခဲ့ဖူးတယ်။ အဲဒါကတော့ ဂျူးလူမျိုးခြောက်သန်းကို သတ်ခဲ့တဲ့ ဟစ်တလာပဲ။
ဟစ်တလာကို မင်းတို့သိပြီးသား။ ဒီဟစ်တလာက တော်ရုံတန်ရုံ Brain မဟုတ်ဘူး။ ဉာဏ်ထဲမှာ Political Brain ဆိုတဲ့ နိုင်ငံရေး Brain က အကြီးအကျယ်ဆုံးပဲတဲ့။ ဆရာချစ်ဦးညိုဟောပြောပွဲမှာ ငါနားထောင်ဖူးတာ။
အဲဒါကြီးနဲ့ကိုင်ပြီးတော့ ဟစ်တလာဟာ ဒီလိုတွေးတယ်။
“အာရီယံမျိုးနွယ် ငါတို့ဂျာမန်တွေသာလျှင် ကမ္ဘာကြီးကို အုပ်စိုးမယ်ဆိုရင်” ဆိုတဲ့အတွေးအခေါ်နဲ့ ကြိုးစားတော့ ဟစ်တလာဟာ သာမန်စစ်သားဘဝကနေ အဓိပတိအာဏာရှင်တစ်ယောက်ဖြစ်လာတာ။
အဲဒါ စာသိပ်ဖတ်တဲ့လူနော်။
နောက်ဆုံးတော့ တော်ပေမယ့် မကောင်းတော့ ဂျူးလူမျိုးခြောက်သန်းသတ်တဲ့ ကမ္ဘာမှာ လူအသတ်ဆုံး၊ ကြောက်စရာအကောင်းဆုံး၊ အယုတ်မာဆုံးအာဏာရှင်ဖြစ်လာတာပဲ။
ဒါကြောင့် မင်းတို့ကို ဒီတော်လှန်ရေးမှာ တော်လည်းတော်စေ၊ ကောင်းလည်းကောင်းစေဆိုတဲ့ မျိုးစေ့ကောင်း စစ်သားကောင်းတွေဖြစ်လာဖို့ ပြည်သူလူထုက မျှော်လင့်နေကြတယ်။
မင်းတို့ တော်ပြီးမကောင်းရင်လည်း ကြောက်စရာကောင်းတဲ့ စစ်သားဖြစ်လာမှာကို ပြည်သူတွေကြောက်နေသလို ကောင်းတော့ကောင်းပါရဲ့ မတော်တဲ့စစ်သားဖြစ်လာမှာလည်း တခါစိုးရိမ်နေပြန်ရော။
အဲဒီတော့ မင်းတို့ငါတို့ဟာ ပြည်သူတွေယုံကြည်ကိုးစားလောက်တဲ့ ရိုကျိုးတဲ့စစ်သားကောင်းဖြစ်ဖို့ အရေးကြီးလာတယ် ”
ရဲဘော် အားလုံး ချောင်းဟစ်သံ တချက်မကြား ၊ အားလုံးက ငြိမ်ချက်သားကောင်းနေကြတယ်။
”ငါပြောနေတာ စစ်သားကောင်းတစ်ယောက်ဖြစ်အောင် ၊ မင်းတို့ငါတို့လက်နက်ကိုင်ခေတ်မှာ သမိုင်းမယုတ်ဖို့ပြောနေတာနော်။
ဆိုတော့ ပြည်သူလူထုတွေကိုလည်း ငါ ကြိုပြီး ဒီလို တောင်းပန်ချင်တယ်။
“မျိုးစေ့တိုင်းသာ အောင်စမြဲဆိုရင် တော်လှန်ရေးဟာ ကျနော်တို့ ထင်ထားတာထက် ပိုမြန်မြန်ဆန်ဆန်အောင်ပါလိမ့်မယ်” လို့။
မင်းတို့ငါတို့အားလုံးကလည်း စစ်သားကောင်းတယောက်ဖြစ်အောင် ကြိုးစားကြမယ်နော် အားလုံး သွေးသစ္စာတည်ကြပါစေကွာ ”
ရဲဘော်အားလုံး ကျေနပ်နေကြတယ်။
ဒါပေမယ့် လူပိန်သလောက် နာမည်နဲ့လိုက်တဲ့ ရဲဘော်ပိန်သေးဆိုသူက မျောက်သစ်ကိုင်းလွတ်သလိုမျိုး ”Yes, Boss” ဆိုပြီး ဆတ်ခနဲ အလေးပြုတော့ ရဲဘော်အားလုံးရယ်နေကြတယ်။ ကျနော်ကလည်း ဒီကောင်ကြည့်ပြီး ရယ်ရင်းပြောလိုက်မိပြန်တယ်။
”ဟိတ်ကောင် မင်းရှေ့တန်းထွက်ရင် မင်းခါးကို သေနတ်နဲ့ကြိုးချည်ထား၊ မဟုတ်ရင် မြောက်ပြန်လေ တိုက်ရင် လွင့်သွားမယ်ကွ ”
” ဟားဟား….ဟားဟား ”
အားလုံး ခွပ်ထိုးခွပ်လှန်ဖြစ်သွားကြတော့တယ်။ ။
(The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ ‘ မောင်သုည(ရှပ်ပုံသားလေး)’ ရဲ့ “စစ်သား” ကဝတ္ထုတိုကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွားရောက်ဖတ်ရှုနိုင်ပါတယ်)
