Connect with us

Hi, what are you looking for?

Short Story

‘ဖြေဆေးမရှိသော ဒဏ်ရာ’

နှစ်ထောင့်နှစ်ဆယ့်လေး ဒီဇင်ဘာညတညမှာ တိတ်ဆိတ်နေတဲ့အိမ်တအိမ်ရဲ့ ပြတင်းပေါက်တခုကနေ တိုးထွက် လာတဲ့ မှိန်ပျပျ ဖယောင်းတိုင်မီးတခုဟာ သူ့ရှေ့မှာထိုင်နေတဲ့ ကလေးတယောက်ရဲ့မျက်နှာကို ပီပီပြင်ပြင်မတွေ့ရ။

◼️မြရဲလွင်

နှစ်ထောင့်နှစ်ဆယ့်လေး ဒီဇင်ဘာညတညမှာ တိတ်ဆိတ်နေတဲ့အိမ်တအိမ်ရဲ့ ပြတင်းပေါက်တခုကနေ တိုးထွက် လာတဲ့ မှိန်ပျပျ ဖယောင်းတိုင်မီးတခုဟာ သူ့ရှေ့မှာထိုင်နေတဲ့ ကလေးတယောက်ရဲ့မျက်နှာကို ပီပီပြင်ပြင်မတွေ့ရ။ နတ်တော်လပြည့်ကျော် ၁ ရက်နေ့ဆိုပေမယ့် အရမ်းပဲ နှင်းတွေကျနေတယ်။ ပြတင်းပေါက်ကို အလှဆင်ထားတဲ့ မှန်တွေအားလုံး ရေငွေ့ရိုက်နေသလို ဖြူဖတ်ဖြူရော်နဲ့။

အရမ်းအေးတဲ့အချိန်မျိုးတွေမှာ ထမင်းကို ပူပူလောလောလေး စားလိုက်ရရင် အင်မတန် အရသာရှိကြပေမယ့် မနက်ကတည်းက တနေ့လုံးစာ ချက်ထားရတဲ့ ထမင်းအေးအေးကြီးကို အရမ်းအေးနေတဲ့အချိန် စားရတဲ့အခါမျိုးမှာ လည်ချောင်းနဲ့ လျှာက အင်တင်တင်လုပ်ချင်တယ်။ ဒါဟာ ကျနော်တို့လို လူကြီးတယောက်ရဲ့ ခံစားချက်။ အေးနေတဲ့ထမင်းကို မုန်ညင်းရွက်​ပြုတ်နဲ့ နယ်ဖတ်စားနေတဲ့ ကလေးတယောက်ရဲ့အတွေးဟာ ဘယ်လိုရှိနေမလဲ။ထမင်းစားပွဲမှာ အဖော်ဆိုလို့ ဖယောင်းတိုင်မီးသာရှိပြီး တဦးတည်း စားသောက်နေရတဲ့ ဆယ်ကျော်သက် ကလေးတဦးရဲ့စိတ်ကူးဟာ ဘယ်ကိုများ ရောက်နေမလဲလို့ တွေးပူနေမိတယ်။

သူ့ဝမ်းမီးအတွက် ညစာကို ဖြစ်သလိုစားပြီး သူ့အိပ်ခန်းရှိရာဆီကို သွားလိုက်တယ်။ သူ့လက်လေးတွေကိုလည်း အာငွေ့ပေးရင်းပေါ့။ သူ့အိမ်လေးထဲက အခန်းတော်တော်များများဟာ မှောင်အတိကျနေတယ်။ သူ့စိတ်ထဲမှာ ကြောက်စိတ် အနည်းငယ်တော့ ရှိမှာပါပဲ။ ဒါဟာ ကျနော့်အထင်သက်သက်လည်း ဖြစ်ချင်ဖြစ်မယ်။ အခန်းလွတ် တချို့ဆီကို သူ ဝေ့ကြည့်လိုက်တယ်။ အခန်းတခန်းရှေ့အရောက် ခေတ္တရပ်လိုက်ပြီး တွေတွေလေး ငေးကြည့်နေတယ်။ ဒါဟာ သူ့အမေနဲ့အဖေ အိပ်ခဲ့တဲ့အခန်းလေး။ အရင်က ဒီအခန်းလေးမှာ အလင်းရောင်ဖွေးဖွေးနဲ့ ပျော်စရာကောင်းခဲ့ပေမယ့် ခုတော့ မှောင်အတိကျပြီး အခန်းထဲက ဖုန်နံ့တချို့တောင် ရနေပြီ။

Public Service Announcement

Public Service Announcement

သူ့လက်ကလေးနှစ်ဘက်ကို ပါးစပ်နားကပ်လိုက်ပြီး ဟားခနဲ အာငွေ့ပေးလိုက်ရင်း သူ ဆက်လျှောက်လာခဲ့လိုက် တယ်။ အိပ်ခန်းထဲက ခုတင်ပေါ် လှဲချလိုက်ရင်း ဂွမ်း​စောင်ထူထူ သုံး​ထည်ကို သူ့ရင်ဘတ်ပေါ်ထိ ဆွဲတင်လိုက်တယ်။ ထွန်းထားခဲ့တဲ့ စားပွဲပေါ်က ဖယောင်းတိုင်ကိုငေးရင်း တညတာကျော်လွန်ဖို့ အိပ်ပျော်သွားဖို့ရာ ကြိုးစားလိုက်တယ်။

တဖြည်းဖြည်း ပိုအေးလာတယ်၊ ညကလည်း အပ်ကျသံတောင် ကြားရလုနီးနီး ဖြစ်လာတယ်။ သူအိပ်နေတဲ့အခန်းမှအပ လစ်ဟာနေတဲ့ ကျန်အခန်းတွေဆီကလိုလို၊ ဧည့်ခန်းဆီကလိုလို လှုပ်ရှားသံလေးတွေ စတင်ကြားလာရတယ်။ နောက် အိုးခွက်ပန်းကန်အသံတွေ ကြားလာရတယ်။ သူ​ စောင်ကို ခေါင်းလုံအောင် ဆွဲခြုံလိုက်တယ်။ ဒီအသံတွေကို သူကြားနေကြဆိုပေမယ့် ခံစားချက်ဟာ ဘယ်လိုမှ ပြောင်းလဲမသွားနိုင်သေးဘူး။ သူ အတော်လေးကို စိတ်ဆိုး ဒေါသထွက်မိတယ်။ ကျိန်ဆဲသံလည်း သူနှုတ်ဖျားက ရေရွတ်လိုက်တယ်။ အဲ့ဒီ ကြွက်နာတွေ မြန်မြန် သေမှ နားအေးမယ်။ ဒီအချိန်ဆို တော်တော်လေးသောင်းကျန်းတဲ့ ကြွက်စုတ်တွေ။

ခဏပဲ ခေါင်းကို လုံအောင်ခြုံထားနိုင်တယ်။ အသက်ရှုရ မွန်းလာတာနဲ့ ခေါင်းကို ပြန်ထုတ်လိုက်တယ်။ အခန်းအားလုံး မှောင်သွားခဲ့ပြီ။ ဖယောင်းတိုင်မီးလေးလည်း ငြိမ်းသွားပြီး ညဟာလည်း ပိုပိုပြီး အေးလာခဲ့သလို ပိုပိုပြီးလည်း ငြိမ်သက်လာခဲ့တယ်။ သူ့မျက်လုံးလေးတွေလည်း အားအင်ချိနဲ့လာပြီး မျက်ခွံကို တောင့်ခံမထားနိုင်တော့ဘဲ အမြင်အာရုံတွေ ဝေဝါးလာကာ အိပ်ပျော်သွားခဲ့တယ်။

သူ့အမည်ခေါ်သံကို သူကြားလိုက်တယ်။ ဒီအသံကို သူအမြဲလိုလို ကြားဖူးတယ်။ မိုင်းချစ် မိုင်းချစ် ဆိုတဲ့ ခေါ်သံနဲ့အတူ အိမ်ရှေ့တံခါးမကြီးကို လက်သီးဆုပ်နဲ့ ထုခေါက်သံဟာ တပါတည်း ပေါ်ပေါက်လာတယ်။ သူ အိပ်မှုန်စုံမွှားနဲ့ တံခါးမကြီးရှိရာဆီကိုသွားပြီး ဖွင့်ပေးလိုက်တယ်။ တဘက်အိမ်က သူ့အဒေါ်။

မင်း ကျွဲတကောင် မြောင်းထဲမှာ လဲနေတယ်ကြားတယ်။မင်း သွားကြည့်လိုက်ဦး။ မင်းအဖေကိုလည်း ဖုန်းဆက်ပြီးသွားပြီ။ ညက ဘယ်အချိန် အိပ်သလဲ။ အခု နေတောင်မြင့်နေပြီ။ သူ့အဒေါ်ပြောတာကို သေချာနားထောင်ရင်း မျက်နှာသစ် သွားတိုက်လိုက်တယ်။ မနက်စာချက်ဖို့ သူ့မှာ အချိန်မရတော့။ ဒါကြောင့်ပဲ သူ့အဖေဆီ သူ ဖုန်းထပ် ဆက်ကြည့်လိုက်တယ်။ ဖေဖေ ကျနော် ကျွဲကို ဘယ်လိုလုပ်လိုက်ရမလဲ၊ မင်းသွားကြည့်လိုက်ဦး၊ တယောက်တည်းမသွားနဲ့၊ ညွန့်လှိုင်နဲ့ စိုင်းသိန်းတို့ကိုပါ ခေါ်သွားဦး၊ သူတို့လိုက်ပေးလိမ့်မယ်။ ငါပြောထားပြီးပြီ.။ ဟုတ် ဟုတ်။

သူ ထမင်းမချက်ဖြစ်တိုင်း စားနေကြ ခေါက်ဆွဲဆိုင်လေးဆီ လျှောက်လာခဲ့လိုက်တယ်။ တိုဟူးနွေးနဲ့ အီကြာကွေးမှာစားအပြီး မဝတာနဲ့ ရှမ်းခေါက်ဆွဲတပွဲ ထပ်မှာစားလိုက်တယ်။ စားပြီးသွားတာနဲ့ သူ့အဖေရဲ့ မိတ်ဆွေနှစ်ဦးဆီထွက်လာခဲ့လိုက်တယ်။ သိပ်တော့မဝေးဘူး။ သူ့ကိုမြင်တော့ ကိုညွန့်လှိုင်နဲ့ ကိုစိုင်းသိန်းတို့ သူ့ဆီလာရင်း စကားပြောကြတယ်။ ငါတို့ ကားနဲ့သွားမယ်၊ မင်း ငါတို့နဲ့ တခါတည်းလိုက်ခဲ့လေ။ ကျနော် မလိုက်တော့ဘူး၊ ဆိုင်ကယ်နဲ့လိုက်ခဲ့မယ်။ ဖြစ်ပါ့မလား ကောင်လေးရာ။ ဟုတ် ရတယ်။ ဒါဆို ဦးလေးတို့ သွားနှင့်တော့၊ မူဆယ်သွားတဲ့ လမ်းပေါ်မှာပဲ ကျွဲက မြောင်းထဲမှာ လဲနေတယ်ပြောတယ်။ အေး ငါတို့ မင်းအဖေပြောလို့ သိပြီးပြီ။ ဒါဆိုလည်း မင်း နောက်က လိုက်ခဲ့လိုက်တော့နော့။

သူ့အဒေါ်အိမ်က ဆိုင်ကယ်ပြန်ငှားအပြီး သူ ထွက်ခဲ့လိုက်တယ်။ ဆိုင်ကယ်ကူရှင်ပေါ် တက်ထိုင်ရင်း သူ့ခြေထောက်နှစ်ဘက်ဟာ ဂီယာတံကိုလည်း မမီသလို ဘရိတ်တံကိုလည်း မမီဘူး၊ ဒါကြောင့် ဆိုင်ကယ်ဂွကြားမှာ ထိုင်စီးပြီးမောင်းရတယ်။ သူ့အသက်က ၁၁ နှစ်။ ကျနော် တကယ်အံ့သြမိတယ်၊ ဘာကြောင့် သူ့ကို ဆိုင်ကယ်စီးခွင့် ပြုထားသလဲ။

သူဟာ မြောင်းထဲမှာလဲနေတဲ့ ကျွဲနာကိုတွေ့ပြီး အတော်လေး စိတ်မကောင်းဖြစ်သွားတယ်။ ကျွဲဟာ ဒဏ်ရာနဲ့ အတော်ကလေးကို မကျေမချမ်းဖြစ်ပြီး ခံစားနေရပုံရတယ်။ ရှေ့ခြေထောက်နှစ်ဘက်လုံးလည်း ကျိုးနေပြီ။ နှာလည်း တဖူးဖူးမှုတ်နေတယ်။ သူ့အနီးကပ်လာရင်လည်း ခွန်အားရှိသမျှနဲ့ ရန်မူချင်သေးတယ်။ နောက်ဆုံးတော့ သူဟာ ကျွဲကို သတ်ပလိုက်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။ သူ့အဖေကို လှမ်းပြောပြီး ကျွဲကို ထာဝရ အိပ်စက်ခိုင်းလိုက်တယ်။ ပေါင်တချောင်းယူလာပြီး သူ့အဒေါ်အိမ်ဆီ ပြန်လာခဲ့လိုက်တယ်။ ကျန်တဲ့အသားတွေကိုတော့ သတ်ပေးတဲ့သူနဲ့ သူ့နောက်ကို လိုက်လာပေးတဲ့ သူ့အဖေမိတ်ဆွေတချို့ကို ခွဲယူ​စေပြီး တချို့တဝက်ကိုလည်း ရောင်းလိုက်မယ်ထင်ပါတယ်။ သူပြောတာတော့ ကျန်တဲ့အသားတွေကို ခွဲဝေပေးခဲ့တယ်ပဲဆိုတယ်။

ပြန်ရောက်တဲ့အခါ သူ့အဒေါ်ကို ယူလာတဲ့ ကျွဲပေါင်တချောင်း ထိုးပေးလိုက်တယ်။ အဲ့ဒီထဲက သူ နည်းနည်းယူမယ်ပြောပြီး အခွဲခိုင်းလိုက်တယ်။ ဒီညကို ကျွဲပေါင်သားစားပြီး ဖြတ်ကျော်မယ်လို့ သူ အားခဲလိုက်တယ်။ ညတာဟာအရမ်းရှည်တယ်။ သူ ညရောက်မှာကို စိတ်ညစ်တယ်။

သူ့အဒေါ်အိမ်မှာ သွားအိပ်လို့ရပေမယ့် ဘာကြောင့် သွားမအိပ်သလဲဆိုတာတော့ ကျနော် နားမလည်ဘူး။ ဒီလိုနဲ့ နတ်တော်လရဲ့ ညတညကို ဆက်လက် ဖြတ်သန်းရတယ်။

နောက်နေ့တော့ သူ ကျောင်းတက်ရမယ်။ ဒါကြောင့် သူ စောစောအိပ်ရမယ်ဆိုတာ သူ ကောင်းကောင်းသိထားတယ်။ အိပ်ရာထ နောက်ကျလို့မရဘူး။ သူ အိပ်ရာထနောက်ကျရင် တနေ့လုံး ဝယ်စားရမှာ။ ဝယ်စားဖို့ဆိုတာ တော်တော်မလွယ်၊ အစစအရာရာ အကုန် စျေးကြီးနေတယ်။ ခေါက်ဆွဲတပွဲကို ငါးထောင်။ သူ့လက်ထဲမှာရှိနေတဲ့ငွေနဲ့ တလစာ လောက်ငအောင် သုံးရမယ်မဟုတ်လား။

သူ့အမေနဲ့ အမကိုလည်း သနားရမယ်။ ပြည်တွင်းစစ်ကြီးကြားမှာ ငွေဟာ တန်ဖိုး တအားထိုးကျနေပေမယ့် ရှာရခက်တယ်။ သူ့အမေကော သူ့အမကော လောက်ကိုင်မှာ ခက်ခက်ခဲခဲ ငွေသွားရှာနေရတယ်။ သူ့အဖေကလည်း အာဏာရှင်ကိုတော်လှန်နေတဲ့ အဖွဲ့အစည်းတခုမှာ တာဝန်ထမ်းနေရတယ်။ တရုတ်နှစ်သစ်ကူးမှ အိမ်ကို အလည်ပြန်လာနိုင်မယ်။

နေဟာ တဖြည်းဖြည်း အားနည်းလာတယ်။ အလင်းရောင် အားနည်းလာခြင်းနဲ့အတူ အအေးဓာတ်ဟာ သိသိသာသာ ဝင်လာတယ်။ သူ့ရဲ့ညစာအတွက် သူကိုယ်တိုင် ပြင်ဆင်လိုက်တယ်။ ရှေ့ညတုန်းကအတိုင်း သူရှိနေတဲ့နေရာတဝိုက်မှာသာ အလင်းရောင်ရှိနေတယ်။ ကျန်အခန်းတချို့ဟာ မှောင်အတိ။ ကျွဲပေါင်သားနဲ့ ထမင်းကို ပူပူလေးစားနေရင်း။ ဗုံးထိပြီးဆုံးသွားတဲ့ သူ့အကိုနှစ်ယောက်အကြောင်း တွေးနေမိ​ပြန်တယ်။

စားသောက်အပြီး သူ့ဖုန်းနဲ့ ဂိမ်း ခဏ ထိုင်ဆော့နေလိုက်​သေးရဲ့။ အိပ်ချင်လာတာနဲ့ သူအခန်းဆီကိုသွားရင်း မှောင်နေတဲ့ အခန်းလေးတွေဆီ စိတ်ရောက်သွားလို့ ခေတ္တခဏ ဝေ့ဝိုက်ကြည့်လိုက်တယ်။ ဒီည သူအိပ်ပျော်ဖို့ အားစိုက်ရဦးမယ်။

ဆိုးဆိုးဝါးဝါး လေယာဥ်သံကို သူ ကြားလိုက်မိတယ်။ ထိတ်လန့်တုန်လှုပ်ခြင်းနဲ့အတူ ကျယ်လောင်လှသော ပေါက် ကွဲသံကြီးကိုလည်း ကြားလိုက်တယ်။ သူ ဖုန်းကိုရှာတယ်၊ နောက် ဖလက်မီး ဖွင့်လိုက်တယ်။ သူ့အခန်းဟာ အရမ်းကို မှောင်နေတယ်။ အိမ်တံခါးတွေအားလုံးဆီမှ အသံတွေဟာလည်း ဆူဆူညံညံကို အိမ်ထဲမှာ ပဲ့တင်ထပ်နေတယ်။ သူ အရမ်းကို လန့်သွားခဲ့ပြီ။ သူ့အဒေါ်ဆီကို ဖုန်းဆက်ဖို့လုပ်တယ်။ ခုတင်အောက်ထဲ ရောက်နေပြီဖြစ် သော်လည်း သူ့မျက်လုံးများဟာ မျက်ရည်ဆိုသော အရာတခုက ပိတ်ပင်ထားတယ်။ ဖုန်းမှန်ကို ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ ဒါ့ကြောင့် သူ့လက်မောင်းတွေကို အသုံးပြုပြီး သူ့မျက်ရည်တွေကို သုတ်ပလိုက်တယ်။ အဲ့ဒီချိန် ဖုန်းဝင်လာတယ်။ ကောင်လေး အပြင်မထွက်နဲ့ ပုန်းနေဦး။ ခဏနေ လာခေါ်မယ်ပြောပြီး ဖုန်းချသွားတယ်။ သူ့စိတ်ထဲမှာ အရမ်းကို​ခြောက်ခြားပြီး တုန်လှုပ်နေပြီ၊ အရမ်းလည်း မွန်းကြပ်လာတယ်။ သူ့နှုတ်က အသံတခုခုထွက်အောင် ကြိုးစားလိုက်တယ်။ ဒါပေမယ့် ထွက်မလာဘူး။ နည်းနည်းလေး အသံကျယ်အောင် ကြိုးစားကြည့်တယ်၊ နှုတ်ဖျားမှ ဘာသံမှ ထွက်မလာ။ နည်းနည်း စိတ်တိုလာတယ်၊ ထပ်ကြိုးစားကြည့်တယ်၊ မရ။ နောက်ဆုံးတော့ သူ အသံကုန် အော်ဟစ်ချလိုက်တယ်။

ကုတင်ပေါ်မှာ သူဟာ ထိုင်လျက်သား ဖြစ်သွားတယ်။ သူ အိပ်မက်မက်နေတာ။ ဟိုတလောကဖြစ်သွားတဲ့ ဖြစ်ရပ် တခုကို အိပ်မက်အဖြစ် ပြန်လည်မြင်ယောင်နေခြင်း။

သူဟာ အခန်းထောင့်မှာရှိနေတဲ့ ရေသန့်ဘူးထဲကရေကို ခပ်သောက်လိုက်ရင်း စိတ်ကို တည်ငြိမ်အောင် ကြိုးစားကြည့်တယ်။ အဆင်ပြေပုံရလာတော့ အိပ်ရာပေါ် ပြန်တက်လိုက်ပြီး ဟိုဟိုဒီဒီတွေးရင်း ခဏအကြာ နှစ်နှစ်ခြိုက် ခြိုက် ပြန်လည် အိပ်ပျော်သွားခဲ့တယ်။

သူ့ရဲ့ညတွေဟာ သူ့ကို အစဥ်မြဲ နှိပ်စက်နေမလား။ ညရောက်ခြင်းသည် သူ့အတွက် ဒုက္ခတခုသဖွယ် ဖြစ်နေမလားဆိုတာတော့ သူမှသာ သိတော့မယ်။ သူ အရွယ်ရောက်လာတဲ့အခါ အဲဒီအကြောင်းတွေ တဦးတ​ယောက်ကို ကောင်းကောင်းကြီး ပြန်လည်ပြောပြကောင်း ပြောပြနေပါလိမ့်မယ်။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​​မြရဲလွင်’ ရေးဖွဲ့ခဲ့တဲ့ “ဖြေဆေးမရှိသော ဒဏ်ရာ” ဝတ္ထုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …

ဝတ္ထုတို

မနက်အရုဏ်တက်သည်နှင့် အမေသည် အိပ်ရာမှ ထကာ မျက်နှာသစ်သန့်စင်ခြင်းကို လုပ်၏။ အမေ့အိမ်လေးသည် ဝါးကပ်များခင်းထားသဖြင့် အမေ့ကိုယ်သေးသေးလေးနှင့် နင်းလိုက်တိုင်းပင် တဂျွတ်ဂျွတ်မြည်၏။ အလင်းသေချာမလာသေး။ သို့သော် အမေသည် အိမ်၏ နေရာတိုင်းကို ရင်းနှီးပြီးသားဖြစ်သဖြင့် အမေ့သားအိပ်သည့်နေရာလေးကိုပင် မမြင်ရသော်လည်း လှမ်းကြည့်မိလိုက်သေးသည်။ အမေ့သားအိပ်ရာသည် ခင်းမထားပါချေတကား။ ဒါဆို မိုးမလင်းခင်ကတည်းက...

ကဗျာ

စောစုစုခင် သမီးလေ ဗုဒ္ဓကို မျက်ရည်တွေထပ်မကျဖို့ ပူဆာထားတယ် သမီးရဲ့စာသင်ခန်းထဲကအချစ်ဆုံးသူငယ်ချင်းက တောထဲမှာမေမေရဲ့။ သမီးရဲ့ဝက်ဝံရုပ်လေးကလည်းလွတ်မြောက်နယ်မြေထဲမှာသမီးရဲ့ဆံပင်အဝါရောင်နဲ့အရုပ်မလေးက ခြေထောက်တဖက် မရှိတော့ဘူးမေမေသမီးရဲ့ဖဲပြားကလစ်လေးတွေကမြေမြုပ်မိုင်းဖြစ်နေပြီလားဟင်သမီးကိုအရမ်း စတတ်တဲ့ အိမ်နားကအကိုကြီးရော အိမ်မှာရှိသေးရဲ့လားဖေဖေသိပ်ကြိုက်တဲ့ အာမီရမ်တွေက ထွက်ပြေးကုန်ပြီလားဟင် သမီးတက်တဲ့ကျောင်းကဆရာ့ကိုပြောပေးပါတချို့ပုစ္ဆာတွေက သွေးညှီနံ့ နံတယ်လို့တချို့မေးခွန်းရှည်တွေက ယမ်းနံ့ နည်းနည်းထွက်တယ်။ မေမေ လူးပေးတဲ့သနပ်ခါးက မျက်ရည်ကျလည်း ပျက်တာပါပဲ...