Connect with us

Hi, what are you looking for?

Short Story

“အိတ်မည်းကြီး”

အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။

တာပလု

အိတ်တလုံးကို အချိန်အတော်ကြာတဲ့အထိ မျက်လုံးထဲမှာ ပြန်ပြန်ပေါ်လာတယ်။ အခုအချိန်ထိလည်း တခါတခါ ပြန်ပေါ်လာတုန်းပဲ။ သတိမရအောင် ဖျောက်ထားကြည့်တော့လည်း မရပါဘူး၊ ပြန်ပေါ်လာတာပဲ။ ဘာလို့ ဒီလောက်တောင် စွဲလန်းရလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပြီး မေးခွန်းထုတ်ကြည့်တယ်။ကျနော်နဲ့ အချိန်အတော်ကြာကြာ အတူရှိခဲ့ကြဖူးလို့ပဲ နေမှာပါဆိုပြီး ကိုယ့်မေးခွန်းရဲ့အဖြေကို ပြန်ရလိုက်တယ်။

ကျနော် စာကြည်ခန်းထဲမှာ ရေနံဆီမီးခွက်တလုံးရဲ့ အလင်းရောင်နဲ့ တယောက်ထဲ အလုပ်ရှုပ်နေတတ်တယ်။ တခါတလေတော့ ကျနော့်ညီက ကျနော့်စာကြည့်ခန်းထဲလာပြီး ကျနော်နဲ့အတူ စာတွေ အော်ကျက်တတ်တယ်။ အခန်းဆိုတာ အိမ်တအိမ်ရဲ့ အများမမြင်နိုင်တဲ့ နေရာပါ။ အခန်းကို ဝါးထရံနဲ့ ကာထားတယ်။ ဒီဝါးထရံက ကျနော့်အသက်ထက် ကြီးတယ်လို့ အဖေကပြောတယ်။ နှစ်ပေါင်း ၃၀ ကျော် ရှိပြီ။ ဝါးတွေဆိုတာ နေမထိ၊ မိုးမထိ၊ နှင်းမထိရင် နှစ်ပေါင်း ၁၀၀ လောက် သက်တမ်းကို မယိုင်မနဲ့ဘဲ ကြံ့ကြံ့ခံနိုင်မယ့်သဘောတော့ ရှိတယ်။

အဲဒီဝါးထရံပေါ်မှာ အမြဲတမ်းလိုလို နေရာယူထားတာက အမည်းရောင် အိတ်တလုံးပါ။ နှစ်ပေါင်း ၃၀ ကျော် သက်တမ်းရှိတဲ့ ဝါးထရံက အိမ်တအိမ်ရဲ့ အခန်းဖွဲ့စည်းပုံမှာ စနစ်တကျဖြစ်အောင် တာဝန်ယူရတဲ့အပြင် အိတ်တလုံးကိုပါ ထမ်းပိုးထားရပါသေးတယ်။ အဲဒီအိတ် မရောက်ခင်ကတော့ နာရီတလုံး၊အဖေ့ပုဆိုးနဲ့ ကျနော်တို့ ညီအကိုတွေရဲ့ အဝတ်အစားတချို့ကို ထမ်းပိုးထားရတာပါ။ တခါတလေတော့ အဖေ့အင်္ကျီတွေပါ ထမ်းပိုးထားရပါတယ်။ အမေ့ထဘီတွေကတော့ ဒီထရံပေါ် လာမတင်ဘူး။

Public Service Announcement

Public Service Announcement

ဒီဝါးထရံပေါ် တင်ထားတဲ့အရာတွေထဲမှာ ကျနော်တို့ ငယ်ဘဝက ဓာတ်ပုံ‌တွေလည်းပါတယ်။ ပေါ့ပေါ့ပါးပါးပဲ ထမ်းပိုးထားရတာပါ။ အိတ်မည်းတလုံး ရောက်လာကတည်းက နောက်ထပ် လေးလံတဲ့ ဝန်ပိုတခုကို စတင် ထမ်းပိုးရတော့တာပါ။

အိတ်ထဲမှာ ဖူးဖောင်းပြည့်နှက်နေတဲ့ စာရွက်စာတမ်းတချို့ ရှိတယ်။ တခါတလေ အမှတ်တမဲ့နဲ့ အဲဒီစာရွက်စာတမ်းတွေထဲက စာရွက်တရွက်ကို ဆွဲထုတ် ပြီး ဖတ်ကြည့်တယ်။ ဘာတွေရေးထားမှန်း မသိဘူး။ သူ့နေရာနဲ့သူ စာရွက်ကို အစီအစဉ်တကျ ပြန်ထားလိုက်တယ်။

အိတ်မည်းတလုံး ဒီဝါးထရံပေါ် ရောက်ရှိလာချိန်ကစပြီး ကျနော်တို့မိသားစု စီးပွားရေး ခြွတ်ခြုံကျဖို့ အစပြုလိုက်တာပဲ။ အိတ်တလုံး ထရံပေါ်ချိတ်ဆွဲထားယုံနဲ့ မိသားစုစီးပွားရေး ထိခိုက်စရာလိုသလားဆိုတဲ့ မေးခွန်းမျိုး မေးနိုင်ပါတယ်။ သေချာတာကတော့ ကျနော်တို့မိသားစု အိတ်မည်းတလုံး ရောက်ရှိလာချိန်ကစပြီး ဆင်းရဲတွင်း နက်သထက် နက်သွားတာပါပဲ။

အဖေက အိတ်မည်းတလုံးကို ပခုံးတဘက်မှာချိတ်ပြီး မနက်မိုးလင်းတာနဲ့ အိမ်ကနေ ထွက်သွားတယ်။ ညနေ မိုးစုတ်စုတ်ချုပ်မှ အိတ်တလုံးနဲ့ အိမ်ကိုပြန် ရောက်လာတယ်။ ကော်လံဂတုံး အင်္ကျီအဖြူကိုဝတ်ပြီး ခုလိုပဲ မနက်သွား ညပြန် တယောက်ထဲ အလုပ်ရှုပ်နေတတ်ပါတယ်။ ကျနော်တို့က အဖေဟာ အမှုတခုခုကို လိုက်နေတာလို့ပဲ သိထားတယ်။ အမှုတခုဖြစ်ရင် တရားရုံးသွားရတာ ရှေ့နေငှားရတာတွေနဲ့ အမှုအခင်းနဲ့ ဆိုင်တာတွေကို ရှာဖွေဖတ်မှတ် လေ့လာတာတွေ သူလုပ်ချင်လုပ်နေမှာပါ။ ကျနော်တို့က သူ ဘာတွေလုပ်နေသလဲဆိုတာကို နားမလည်သလို နားလည်အောင်လည်း မမေးဖြစ်ပါဘူး။

မနက်မိုးလင်းတာနဲ့ အိတ်တလုံးကို ပခုံးမှာချိတ်ပြီး ထွက်သွားလိုက်၊ ညနေအိမ်ပြန်လာလိုက် လုပ်နေတာ ဘယ်လောက်ကြာသွားလဲဆိုတာတောင် သတိမထားမိလိုက်ဘူး။ကျနော် အလယ်တန်းကျောင်းသားဘဝကနေ တက္ကသိုလ်တက်တဲ့အထိ အဖေက အိတ်တလုံးနဲ့ပဲ အလုပ်ရှုပ်နေတုန်းပါ။

သူဝတ်နေကျ ကော်လံဂတုံး အင်္ကျီအဖြူက ဖားဥတွေစွဲပြီး ညိုညက်ညက်တောင် ဖြစ်နေပါပြီ။ အင်္ကျီတထည် ဟောင်းနွမ်းသွားလို့ နောက်ထပ်အင်္ကျီတထည် ဝယ်ဝတ်ဖို့ ငွေကြေးအလုံအလောက် မရှိလို့ဆိုတာ ပြောနေစရာ မလိုတော့ပါဘူး။ ကျနော်တို့လည်း တစတစနဲ့ မပြည့်စုံခြင်းကို စတင်ခံစားလာရပါပြီ။

ဆန်အိုးထဲ ဆန်မရှိတာ၊ လူတောတိုးဖို့အတွက် ဝတ်စရာမရှိတော့တာ၊ ကျောင်းစရိတ်အတွက် လိုအပ်တဲ့ ငွေကြေးတွေကို လုံလောက်အောင် မပေးနိုင်တာတွေ မသိမသာနဲ့ ကြုံလာရသလို သိသိသာသာကြီး ကွယ်ဝှက်ထားလို့မရအောင် ကြုံလာရတာတွေလည်း ရှိလာပါတယ်။ မိသားစုတစုရဲ့ စီးပွားရေးချွတ်ခြုံကျခြင်း၊ ဟန်မပျက် အခြေအနေကနေ ဟန်ချက်ပျက်တဲ့ အခင်းအကျင်းကို ရောက်လာပါတော့တယ်။

အရပ်ထဲမှာတော့ “နင့်အဖေ အရည်မရ အဖတ်မရ အဲဒီအမှုကိုလိုက်နေလို့ နင်တို့ အခုလို‌ဖြစ်ရတာ။” အရည်မရ အဖတ်မရ အမှုကိုလိုက်နေလို့ ကျနော်တို့မိသားစု အခုလို ဖြစ်ရတာလားဆိုတဲ့ အတွေးမျိုး ခေါင်းထဲရောက်လာပါတယ်။ အချိန်အတော်ကြာတဲ့အထိလည်း ခေါင်းထဲက ထုတ်လို့မရခဲ့ဘူး။

သက်မဲ့အိတ်တလုံးက မိသားစုတစုကို စီးပွားရေးကျအောင် ဘယ်လိုလုပ်နိုင်မှာမို့လို့လဲလို့ မထင်လိုက်ပါနဲ့။ သက်မဲ့အိတ်တလုံးက သက်ရှိတွေကို အကြပ်ရိုက်စေတာမျိုးက ကိုယ်တွေ့ကြုံမှ သိရတာမျိုးပါ။ ပတ်ဝန်းကျင်ရဲ့ မှတ်ချက်တွေကြောင့်ပဲ အဖေဟာ မိသားစု စားဝတ်နေရေးကို အရေးမစိုက်ဘဲ သူ့အိတ် တလုံးနဲ့ အချိန်ပေးနေတယ်လို့ မကျေနပ်တဲ့စိတ်တွေ ပေါ်လာတယ်။

မကျေနပ်တဲ့စိတ်ဆိုတာ အဖေ့အပေါ်မှာတော့ မဟုတ်ဘူး။ အဖေနဲ့ အမြဲလိုလို အတူရှိနေတဲ့ အိတ်မည်းတလုံးကိုပါ။ ဒီအိတ်ထဲမှာ အမှုတွေရှိနေတယ်။အဖေကိုက အမှုအခင်းလိုက်ရတာကို ဆေးစွဲသလို စွဲနေတာ။ မိသားစု စားဝတ်နေရေးဆိုတာ သူနဲ့မဆိုင်တော့သလို ပစ်ထားတာလည်း ကြာခဲ့ပြီ။ မိသားစု စားဝတ်နေရေးဆိုတာ အိမ်ထောင်ဦးစီးတယောက် ရှိလျက်သားနဲ့ အခုလို ဖရိုဖရဲ ဖြစ်နေတာကြီးက လက်သင့်ခံနိုင်စရာလည်း မရှိဘူးပေါ့။

အိမ်ထောင့်တာဝန် ဝိုင်းဝန်းထမ်းရွက်ကြဖို့ဆိုတာ လောက်လောက်လားလား မဖြစ်သေးတဲ့ ကျနော်တို့ညီအကိုတွေကလည်း လူပိုတွေလို ဖြစ်လာတယ်။ မီးဖိုချောင်ထဲက ထမင်းနပ်မှန်အောင်တော့ အမေက ထိန်းထားလို့ တော်သေးတယ်ပဲ ပြောရမယ်။ ဒါဟာ အိတ်တလုံးကြောင့် ဖြစ်ရတာ။ အိတ်တလုံးထဲမှာ အမှုတွဲတွေ ရှိတယ်။ အမှုအခင်းဆိုတာ တရားရုံး ရောက်သွားတာနဲ့ တရားလိုရော၊ တရားခံရော တတိတိ ဖဲ့စားခံရတော့မှာကို ကြိုမသိထားကြလို့ ဖြစ်မှာပါ။ အဖဲ့စားခံစရာ မရှိတော့ဘူးဆိုရင်တော့ တရားမျှတခြင်းကို ဘယ်နေရာမှာ သွားရှာမလဲဆိုတာ စောဒကတက်စရာဖြစ်မှာပါ။

အဖေက တရားမျှတခြင်းကို တရားရုံးမှာ သွားရှာနေချိန်မှာ သူနဲ့ သူ့မိသားစုက တရားရုံးရဲ့ တတိတိ ဖဲ့စားခံရတဲ့ သားကောင်တွေ ဖြစ်သွားတာကိုတော့ သူ သတိမထားမိလိုက်ပါဘူး။

ကျနော်တို့ညီအကိုတွေရဲ့ တော်လှန်ရေးက အဲဒီအချိန်မှာပဲ စတင်လာပါတယ်။ ပုန်ကန်ခြင်းအလုပ်ကို စလုပ်ကြတယ်။ ကလေးသဘာဝပီပီ ကလေးအသိ၊ကလေးစိတ်နဲ့ ပြုမူဆောင်ရွက်တာမျိုးပါပဲ။ အဖေ့ကို အမူအရာတခုခုနဲ့ မထီတရီလုပ်ပြီး ပုန်ကန်တာမလုပ်ဘူး။ တရားရုံးဆိုတာကြီးကိုလည်း အမှန်တရားရှာဖွေရာနေရာ မဟုတ်ပါဘူးဆိုတဲ့ အသိလည်း မရှိခဲ့ဘူး။ ကျနော်တို့ရဲ့ ပုန်ကန်ခြင်းအရာက သက်မဲ့အိတ်တလုံးကိုပါ။ သက်မဲ့အိတ်တလုံးဆိုတာ လူသားတွေပြုသမျှ နုရတာပဲ မဟုတ်လား။

အိတ်မည်းကြီးကို ဝါးထရံမှာချိတ်ပြီး အဖေ ကျောကွယ်သွားပြီဆိုတာနဲ့ အိတ်ကို လျှာထုတ်ပြတာ၊ ပြောင်ပြတာ၊ ထရံတန်းပေါ်ကနေဖြုတ်ပြီး သစ်သားကြမ်းပြင်ပေါ်ကို “အုန်း” ကနဲမြည်အောင် ပစ်ချတာ။ ပြီးတော့ ထရံတန်းပေါ်ပြန်တင် ရှေ့ကနည်းအတိုင်း ပြန်လုပ်တယ်။ ဒါဟာ မကျေနပ်ချက်ကို ထုတ်ဖော်လိုက်တာပဲ။ လက်ခလယ်ထောင်ပြတဲ့ ယဉ်ကျေးမှု မထွန်းကားသေးလို့ အိတ်မည်းကြီးကို လက်ခလယ်ထောင်ပြတာတော့ မလုပ်မိလိုက်ဘူး။ ရိုင်းရိုင်းပြပြ အပြုအမူတခုခု လုပ်မိလိုက်သလားဆိုတာတော့ ကောင်းကောင်း မမှတ်မိတော့ဘူး။

သက်မဲ့အိတ်ကြီးတလုံးထဲမှာ အမှုအခင်းတွေ ထုပ်ပိုးသိမ်းဆည်းထားတယ်။ အဲဒီ ထုပ်ပိုးသိမ်းဆည်းထားတဲ့ အရာတွေကို ကျနော်တို့ရဲ့ လူသားဖြစ်တည်ခြင်းတချို့ကို ဖဲ့ဖဲ့ပေးလိုက်ရတာ ဘာမှ မကျန်တော့သလောက်ဘဲ။ နောက်ထပ် ဖဲ့ပေးစရာလည်း ရှိမှမရှိတော့တာ။ ဒီအိတ်မည်းကြီးကို ထရံတန်းပေါ်မှာ မမြင်ချင်တော့ဘူး။ အိတ်မည်းကြီးထဲက အမှုအခင်း စာရွက်စာတမ်းတွေဆိုတာကိုလည်း မီးပုံရှို့လိုက်ရင် ကောင်းမှာပဲ။ သက်မဲ့အိတ်ကြီးတလုံးနဲ့ သက်ရှိကလေးတွေနဲ့ အိမ်တအိမ်မှာ အဲ့လို ကတောက်ကဆ ဖြစ်ဖူးကြတယ် ဆိုတာပါပဲ။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ’တာပလု’

ရေးဖွဲ့တဲ့ “အိတ်မည်းကြီး” ဝထ္တုတိုကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …