Connect with us

Hi, what are you looking for?

Short Story

“မင်းသေလို့ မဖြစ်ဘူး”

ကျနော် စာမရေးဖြစ်တာ တော်တော်ကြာသွားပြီလို့ ပြောရမယ်။ ဒါကလည်း စိတ်ဒဏ်ရာတွေကြောင့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ မသိစိတ်က ပြိုလဲနေတာကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။

မောင်သုည (ရှပ်ပုံသားလေး)

”တရားသဖြင့်နွှဲနေကြတဲ့ ဒီတိုက်ပွဲမှာ မတရားသ

ဖြင့် သတ်ဖြတ်ခံရတဲ့ လူထုတွေအတွက် ယူကျုံး

မရ နာကျည်းနေကြတုန်းပဲ ”

Public Service Announcement

Public Service Announcement

x x x

ကျနော် စာမရေးဖြစ်တာ တော်တော်ကြာသွားပြီလို့ ပြောရမယ်။ ဒါကလည်း စိတ်ဒဏ်ရာတွေကြောင့် ဘာမှ လုပ်ချင်ကိုင်ချင်စိတ်မရှိဘဲ မသိစိတ်က ပြိုလဲနေတာကြောင့်လို့ပြောရင် မှားမယ်မထင်ပါဘူး။

ကျနော့်လိုပဲ ကျနော့်ပတ်ဝန်းကျင်မှာ စိတ်ဓာတ်ကျပြီး ပြိုလဲနေတဲ့လူတွေ ရှိနေတာကိုလည်း တွေ့ရတယ်။ တခြားတခြားသော လူတွေလည်း တက်တက် ကြွကြွ ရှိမနေကြဘူး။ အားလုံးက လဲသေလို့မရသေးတဲ့ နှောင်ကြိုးပေါ်မှာ ခိုတွယ်ရင်း အားတင်းထားကြတယ်။

ကျနော်နဲ့ အကျွမ်းတဝင်ဖြစ်နေကြတဲ့ မိတ်ဆွေသူငယ်ချင်းတချို့နဲ့ စကားပြောဖြစ်တဲ့အခါမှာလည်း သူ့တို့နှလုံးသားရဲ့ ငိုရှိုက်သံတွေကို ကြားရသိရတော့ ကျနော် ပိုလို့တောင် စိတ်ဝမ်းနည်းမိတယ်။

အဲဒီတော့ ကျနော်ကိုယ်တိုင်ကလည်း တော်လှန်ရေးတလျှောက်လုံး မိမိကိုယ်မိမိ အားတင်းပြီး ကျော်ဖြတ်နေရသူဆိုတော့ သူ့တို့ရဲ့ဒဏ်ရာတွေကို နှစ်သိမ့်ပေးတာကလွဲရင် ဘာမှ လုပ်ပေးနိုင်စွမ်း မရှိခဲ့ဘူးဆိုတာ ဝန်ခံပါတယ်။

ဒီလိုပါပဲ၊ တခြားသော ရဲဘော်ရဲဘက်တွေမှာလည်း စိတ်ဒဏ်ရာကိုယ်စီနဲ့ မိမိကိုယ်မိမိ အားတင်းပြီး ဘယ်တော့မှ အရှုံးမပေးဘူးဆိုတဲ့ သံမဏိစိတ်ဓာတ်နဲ့ တော်လှန်ရေးခရီး ဆက်နေကြရပါတယ်။

အခုဆို ရဲဘော်တွေက ကျနော့်ဆီလာပြီး ဟိုမေးဒီမေးနဲ့ ကော်ဖီတခွက်ကို ကျနော့်စကားနဲ့ စီးမျောလေ့ မရှိကြတော့ဘူး။ တရားသဖြင့် နွှဲနေကြတဲ့ ဒီတိုက် ပွဲမှာ မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ လူထုတွေအတွက် ယူကျုံးမရ နာကျည်းနေကြတုန်းပဲ။

အမှန်တိုင်းပြောရရင် တခါတခါ ကျနော်ကိုယ်တိုင် စိတ်တွေ အရမ်းမွန်းကျပ်မိတယ်။ ဒီလို မွန်းကျပ်အားကြီးလာရင် ကျနော်ဖတ်ဖူးတဲ့ စာအုပ်တွေအကြောင်း၊ မဟုတ်ရင် ကျနော်ကြုံတွေ့ရတဲ့ ဖြစ်ရပ်လေးတွေကို ကျနော့်အနားမှာ အမြဲအတူရှိပေးတဲ့ သူငယ်ချင်း ရွှေဝင်းလှိုင်ကို ရင်ဖွင့်မိတယ်။

များသောအားဖြင့် တော်လှန်ရေးရဲ့ အားနည်းချက် အားသာချက်တွေ၊ နောက် ကျနော်တို့ လက်ရှိ ရှိနေကြတဲ့ စစ်ရှောင်လူကြီးတွေ၊ တပ်ရင်းမှူး၊ တပ်ခွဲမှူး စစ်ကြောင်းမှူး စတဲ့ တော်လှန်ရေးမင်းများရဲ့ တော်လှန်ရေး ရပ်တည်ချက်တွေမှာ ဘယ်အရာက ဘယ်လိုမှားတယ်၊ ဘာတွေက မှန်တယ်၊ ဘယ်လိုလုပ်ရင် တော်လှန်ရေးအတွက် ပြည်သူတွေအတွက် ကောင်းကျိုးပြုနိုင်သလဲ၊ ခရီးတွင်နိုင်သလဲ ဆိုတာတွေကို အပြန်အလှန်ပြောဖြစ်တာက များပါတယ်။

x x x

တနေ့က ကျနော့်သူငယ်ချင်း ရွှေဝင်းလှိုင်နဲ့ ကျနော် စစ်ရှောင်စခန်း ရောက်ဖြစ်ကြတယ်။ အဲဒီနေ့က ကျနော့်ညီမတယောက်က ဖုန်းလိုင်းသုံးဖို့ဆိုပြီး စစ်ရှောင်တောင်ပေါ်တက်သွားတာ ဘယ်လောက်မှမကြာပါဘူး ကျနော့်ညီမနဲ့ သူ့သူငယ်ချင်းတွေ ကျနော့်ဆီ အပြေးအလွှား ပြန်ရောက်ချလာပြီး သူ့တို့လိုင်းသုံးတဲ့တောင်ကြီးက တုန်လှုပ်နေတယ်လို့ပြောတယ်။

ကျနော်က မယုံပါဘူး။

”နင့်တို့တွေကို သရဲခြောက်တာဖြစ်မယ်” လို့ ပြောလိုက်တော့ သူ့တို့က သူ့တို့မလိမ်ကြောင်း ဇွဲရှိရှိနဲ့ ကျနော့်ကို ပြန်ပြောတယ်။

ညကျတော့ သတင်းတွေထဲမှာ ငလျင်လုပ်လို့ လူတွေသေဆုံးပြီး ရှေးဟောင်းဘုရားတွေ ပြိုကျပျက်စီးသွားတဲ့ သတင်းကို တွေ့လိုက်ရတယ်။

ကျနော် တော်တော် ဆွံ့အသွားတယ်။ ကျနော်တို့နိုင်ငံ ဘယ်လောက်များ ဝဋ်ဒုက္ခကြီးနေလို့ အခုလို ဘေးအန္တရာယ်အမျိုးမျိုးနဲ့ ကြုံနေရသလဲဆိုတာ တွေးမိတယ်။

ကျနော့်အသိစိတ်မှာလည်း နိုင်ငံကြီးမှာ ဒုက္ခတွေ တောင်ပုံရာပုံဖြစ်နေတော့ ဘယ်ဒုက္ခက ပိုနာကျင်တယ်၊ ဘယ်ဒဏ်ရာက ပိုနက်တယ်ဆိုတာ တွေးမရတော့ဘူး။

အစကနေ ပြန်စဥ်းစားကြည့်တော့ ကိုဗစ်ကပ်ဘေးမှာ လူ့အသက်အမြောက်အများ ကပ်ဆိုးမှာ ဆုံးရှုံးခံခဲ့ရတယ်။ နွေပူတော့လည်း ရေတွေခန်းခြောက်လို့ အသက်တွေ ခန်းခြောက်ရပြန်တယ်။ မိုးရွာတော့လည်း ရေတွေကြီးပြီး အိမ်တွေမျောလို့ အသက်တွေပါ မျောရပြန်တယ်။ ပြီးတော့ မျက်ရည်တွေမျော၊ ကုန်ဈေးနှုန်းတွေမျော။

ဒုက္ခပေါင်းစုံဟာ ကျနော်တို့လူထုအပေါ်မှာ အားမနာ ပါးမနာနဲ့ အလူးအလဲ ခါးစည်းခံစေခဲ့တယ်။

ဟော အခု ငလျင်လှုပ်လို့ တိုက်တွေပြိုကျတော့လည်း အသက်တွေ ပြိုကျရပြန်ပြီ။ ဒီကြားထဲ မီးလောင်ပြန်တော့ အသက်တွေလောင်၊ နှလုံးသားတွေလောင် လောင်မြိုက်ခံရမှုပေါင်းများစွာနဲ့ ကျနော်တို့နိုင်ငံက ပြည်သူလူထုတွေ။ ရင်ကွဲစရာ ရင်နာစရာတွေက အာရှမှာတော့ မြန်မာနိုင်ငံက ထိပ်ဆုံးက သရဖူဆောင်းထားတယ်လို့ပြောရင် မှားမယ်မထင်ဘူး။

ဒီလိုရင်ဆိုင်နေရတာတောင် စစ်မိစ္ဆာတွေရဲ့ မတရားသတ်ဖြတ်ခြင်း ခံရတာတွေ၊ စစ်မှုထမ်းဖို့ လူထုကို အဓမ္မဖမ်းခံရတာတွေ၊ လေယာဥ်ဗုံးကြဲခံရတာတွေ။

ဟာ ! တကယ် ကျနော်တို့နိုင်ငံ တော်တော် စုတ်ပြတ်သပ်သွားပြီ။ စစ်မိစ္ဆာပါးစပ်က လူသားခြင်းစာနာမှုဆိုတာ ခွေးပါးစပ်က နတ်စကားထွက်တာကလွဲရင် ဘာမှမပေါ်ဘူး။

ဒီလိုစုတ်ပြတ်သပ်နေလို့ သူများနိုင်ငံထွက် လုပ်စားပြန်တော့လည်း သူများနိုင်ငံမှာ လုစားယက်စားနဲ့ ထမင်းတလုတ် စားရဖို့ ခဲရာခဲဆစ်။ တချို့ဆို ကိုယ့် ကိုယ်ကို အဆုံးစီရင်သွားကြတယ်။

ဟော အလုပ်ရပြန်တော့လည်း သူ့တို့နိုင်ငံသားတွေ မလုပ်ရဲတာ၊ မလုပ်ချင်တာတွေကို ကျနော်တို့နိုင်ငံသားတွေက အလုအယက်လုပ်ပြီး အသက်တချောင်းကို လုရှူနေရရှာတယ်။

ကဲ ဒီခေတ် ဒီကာလမှာ ဒီအခြေအနေက ကျနော်တို့နိုင်ငံသားတွေဟာ ရှင်လျက်နဲ့ သေနေကြတဲ့ ငရဲသားနဲ့ မတူဘူးလား။ တကယ့်ငရဲဆိုတာ ဒီလိုပါလို့ပြောရင် မယုံကြည်နိုင်စရာ ဘာအကြောင်းရှိလဲ။

x x x

သိပ်မကြာခင်က ရဲဘော်တယောက်နဲ့ဆုံတော့ သူကပြောတယ်။

”သေသွားတဲ့လူတွေကို ကျနော် သိပ်အားကျမိတယ်” တဲ့။

သူပြောချင်တဲ့ အဓိပ္ပါယ်ကို ကျနော် သဘောပေါက်ပါတယ်။ ဟုတ်တယ်လေ ဒီလို ငရဲမှာမသေဘဲ ငရဲခံနေရမယ့်အစား သေသွားတာက တကယ် လွတ်မြောက်ငြိမ်းချမ်းပဲလို့ ဆိုလိုတာပဲ။

ဒါနဲ့ပဲ ကျနော့်မှာ အဲဒီရဲဘော်ကို ဟိုဟိုဒီဒီဖျောင်းဖျပြီး နားချခဲ့ရသေးတယ်။

”မဟုတ်သေးဘူး ငါ့ကောင်၊ မင်းသေလို့မဖြစ်ဘူး။ မင်းဘဝမှာ အရာအားလုံးထက်ချစ်လို့ အကောင်းဆုံးဆိုတဲ့အရာတွေ ထားခဲ့ပြီး အသက်ကို ပုံအောချစ် ခဲ့တဲ့ တော်လှန်ရေးမှာ ငါတို့သဲ တပွင့် အုတ်တချပ်လောက်တော့ အသုံးဝင်နေမှဖြစ်မယ်။ အလကားသေပစ်လိုက်ရင် မင်းထင်သလို လွတ်မြောက်သွားမယ်၊ ငြိမ်းချမ်းသွားမယ်ဆိုပေမယ့် အဲဒီငရဲက အဆုံးသတ်သွားမတဲ့လား”

ရဲဘော်က ဘာမှမပြောပါဘူး ငြိမ်ပြီပဲနေတော့တယ်။

”အဲဒီတော့ မင်းမသေနဲ့ဦး၊ သေတယ်ဆိုတာ လွယ်တယ်၊ မသေဘဲ ပြည်သူအတွက်၊ မိမိနိုင်ငံအတွက်၊ ကိုယ်နိုင်သလောက်လေး အကျိုးပြုလို့ရတဲ့ နည်းလမ်းတွေရှိသေးတယ်။ လုပ်နိုင်တဲ့အလုပ်တွေ ရှိသေးတယ်။ အခုဆို ငါတို့ပြည်သူတွေရဲ့ ဘဝတွေက မင်းသိတဲ့အတိုင်းပဲ။

“တချို့ပြည်သူတွေက မင်းခပ်တိုက်မှ သောက်ရမယ့်လူတွေ အများကြီးပဲရှိတယ်။ ဒီလိုပဲ ငါခပ်တိုက်မှ သောက်ရမယ့်လူတွေလည်း ရှိတယ်။

“အခုဆို ငါတို့ပြည်သူတွေက ဒုက္ခတွေ ဘယ်လောက်ရောက်နေပါစေ၊ ကျင့်ပြီးသား တရားအတွက် အဆုံးထိလျှောက်ဖို့ အသက်ထက်ချစ်ရတဲ့ တော်လှန် ရေးကို ဒုက္ခတွင်းထဲကနေ စိတ်ထက်သန်စွာ အကောင်းဆုံး ပါဝင်နေကြတုန်းပဲ။

“ဆိုတော့ မင်းမသေနဲ့ဦး၊ မင်းမပြိုလဲနဲ့ဦး၊ မင်းသေလို့မဖြစ်ဘူး၊ မင်းပြိုလဲလို့မဖြစ်ဘူး။ ငါတို့ခပ်မှ သောက်ရမယ့် လူထုတွေအတွက် ငါတို့ ဒီငရဲကနေအကောင်းဆုံး လွတ်မြောက်နိုင်ဖို့ အတူတကွ ကြိုးစားကြရမယ်”

ရဲဘော်ရဲ့ သက်ပြင်းတချက်ချသံအနောက်မှာ ခပ်ယဲ့ယဲ့ အပြုံးတချို့ ကျနော်တွေ့ရတယ်။

”တကယ်ဆို အခုချိန်မှာ ငါတို့က အရင်ကထက်ပိုပြီး ကြံ့ခိုင်သန်မာသင့်တယ်။ ပြည်သူတွေက တော်လှန်ရေး မအောင်သေးသရွေ့ သဘာဝဘေးအမျိုးမျိုးနဲ့ ကြုံရဦးမယ်။ ကြုံလာတဲ့အခါ ငါတို့က တယောက်နိုင်ရင် တယောက်၊ နှစ်ယောက်နိုင်ရင် နှစ်ယောက်၊ မိမိနိုင်သလောက် တွဲထူဖို့ အမြဲအသင့်ဖြစ်နေဖို့ အင်မတန် အရေးကြီးနေပြီ။ စစ်မိစ္ဆာတွေရဲ့ လက်အောက်မှာ ပြည်သူတွေရဲ့ဘဝက ဘာမှ အာမခံချက်ရှိတာ မဟုတ်ဘူး။ ပြည်သူက ပြည်သူကိုကူဖို့ အသက်ရှင်ကျန်ခဲ့တဲ့ ငါတို့ပြည်သူတွေက သန်မာနေဖို့လိုတယ်။

“အမှန်တိုင်းပြောရရင် လက်ရှိရင်ဆိုင်နေရတဲ့ ဒုက္ခတွေဆိုတာ တော်လှန်ရေးကာလဖြစ်နေလို့ ပြည်သူတွေက မဖြစ်သင့်တဲ့ဒုက္ခတွေပါ ရနေကြရတာပါ။ ကူရာမဲ့ဖြစ်နေကြရတာပါ။

“ရေဘေး၊ မီးဘေး၊ ငလျင်ဘေး စတဲ့ သဘာဝအန္တရာယ်တွေဟာ တော်လှန်ရေးအောင်ရင် ကြုံလာသမျှဘေးတွေကို အသာလေး ငါတို့ရင်ဆိုင်နိုင်၊ ဖြေရှင်းနိုင်တယ်ဆိုတာ ယုံကြည်တယ်။ ဒါကြောင့် မင်းသေလို့မဖြစ်သလို မအလ မသေလို့မဖြစ်ဘူး။ ဒင်းရဲ့သေဆုံးခန်းကို ငါ့တို့ အရသာရှိရှိ မြိန်မြိန်ကြီးကြည့်ဖို့ တော်လှန်ရေးကို ပိုအားစိုက်ရမယ်။

“ကဲ အခုတော့ မင်းသေလို့မဖြစ်ဘူး။ ငါတို့ခပ်တိုက်မှ သောက်ရမယ့်လူတွေအတွက် ဖိုက်တင်းပါ ရဲဘော်”

ရဲဘော်က အဝေးမှာ လှမ်းမြင်နေရတဲ့ ပိတောက်ပန်းတွေ ကြွေနေတာကိုကြည့်ပြီး ”သေသွားတဲ့လူတွေကို ကျနော် သိပ်အားကျတယ်” ဆိုတဲ့စကားကို ထပ်တလဲလဲ ပြန်စဥ်းစားနေဟန်နဲ့ ကျနော့်ကို ကျေးဇူးတင်ပါတယ်လို့ပြောပြီး လက်ဆွဲနှုတ်ဆက်လေတယ်။ ။

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်သုည (ရှပ်ပုံသားလေး)” ရေးဖွဲ့တဲ့ “မင်းသေလို့ မဖြစ်ဘူး” ဝတ္ထုတို ကို People’s Spring က ပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

တချို့ညတွေမှာ အိပ်ပျော်ဖို့ဝဋ်ဒုက္ခကြီးမြင့်စွာကြိုးစားခဲ့ရပြီး တချို့သောမနက်ခင်းတွေမှာ ဆက်လက်အိပ်စက်ဖို့ ဒါမှမဟုတ် နိုးနေလျက်နဲ့ ပေတေပြီး မျက်လုံးတွေအတင်းမှိတ်ထားပစ်လိုက်ဖို့ ဆုံးရှုံးခြင်းဆိုတာကို နားလည်ရတယ်။

ကဗျာ

နွေးနွေးမောင်ရှိန် ချစ်ခြင်းမေတ္တာကို ထည်လဲသုံးကြတဲ့ခေတ်။ လူတွေက လမ်းမှာတွေ့လို့ နှုတ်ဆက်ရင်တောင် ‘ချစ်ခြင်းမေတ္တာ’ လို့ အော်သွားကြတယ်။ လမ်းပေါ်က အသီးရောင်းတဲ့ တွန်းလှည်းမှာလည်း ‘ချစ်ခြင်းမေတ္တာ’ တွေ အော်ရောင်းနေတယ်။ ရှေ့တန်းမှာတိုက်နေကြတာလည်း ‘ချစ်ခြင်းမေတ္တာ’ နဲ့ပဲ။ ‘ချစ်ခြင်းမေတ္တာ’တွေ မဖြန့်ဝေနိုင်တော့လို့ ကားတွေလည်း ဝေးဝေးမသွားနိုင်ကြတော့ဘူး။ ခရိုနီ/ဘောမ ဘားတွေ/ကလပ်တွေမှာလည်း...

ကဗျာ

◼️ဓီရ်ခေတ်အိမ် ငါ့ဝင်သက်တွေကို မယုံကြည်တော့ဘူး။လေးဘက်လေးလံကရန်သူတွေဝိုင်းတိုက်ခိုက်ကြချိန်ဖြေဖျားနဲ့ထိုးဖွလိုက်စကြာဝဌာထဲမှာထပ်ရနိုင်စရာ ဘဝမကျန်တော့ဘူး၊တောင်ထိပ်မြင်ကွင်းကို ငါမကြည့်နိုင်တော့ဘူးငါ့ကြွေးကြော်သံတွေက ရင်ခေါင်းဝက မကျော်ဘူး၊ပြာတွေနဲ့အတူကြွေကျသွားတုန်းကငါ့အတွက်ဘယ်မြစ်ရေမှ ဆန်မတတ်ခဲ့ဘူး၊မြို့ပြက သွေးကြွေးမချန်ဘူးငါမရီနိုင်ဘူးငါမပြုံးနိုင်ဘူးအိမ်ပြန်လမ်းမှာ ၁၃ နှစ်ကြာပြီငါ့အိမ်ဝက မြက်ရိုင်းတွေကိုငါမကျော်နိုင်ဘူး၊ငါ့ညနေခင်းတွေအသံမပါတော့ဘူးငါကျရှုံးနေပုံကို ပရိသတ်တယောက်အနေနဲ့ပြန်ကြည့်ပြီးတီးလိုက်တဲ့ လက်ခုတ်သံထဲငါ့လက်ခုတ်သံအကျယ်ဆုံးပဲဒါပေမယ့်ရှေ့ကဇာတ်ဝင်ခန်းတွေကိုငါမမှတ်မိဘူးဘယ်ကောင့်ဆီက ပုန်းလို့ပုန်းနေမှန်းမသိဘဲပန်းဆိုးတန်းကိုမရောက်ဖြစ်တဲ့ရက်တွေမှာစီးကရက်တွေကိုငါမီးညှိတယ်Youtube က ငါ့ထက်အသက် ၂ ဆလောက်ကြီးတဲ့သီချင်းတွေကိုဖွင့်ထားပြီးလမ်းကဖြတ်သွားတဲ့ စော်တွေကို ထိုင်ငေးတယ်ဘဝက ညနေခင်းဆိုရင် ဒုက္ခတွေကိုဘီယာအဖြစ်ပြောင်းပေးဖို့ဘုရားတယောက်ယောက်တာဝန်ယူသင့်တယ်မင်းတို့ဖန်ဆင်းတဲ့ကမ္ဘာမှာငါ့လိုနာရီဝက်နေနိုင်ရင်ဒုက္ခတွေကိုတကျိုက်တည်းမော့မယ်ဒီလိုဆိုတော့လည်းကိုယ့်တာဝန်ကိုယ်မယူနိုင်တာရန်ကုန်တခုတည်းမဟုတ်ဘူးယုံကြည်မှုဆိုတာ မှုတ်ထုတ်လိုက်တဲ့ဆေးလိပ်ငွေ့တွေကိုလိုက်ဖမ်းခြင်းပဲသို့မဟုတ်...

ရသစာတမ်းငယ်

အမှောင်ဘက်ခြမ်းမှာ ပျော်နိုင်ဖို့ ပညာရေးကိုခုတုံးလုပ်ပြီး ဖြူစင်တဲ့ ကလေးငယ်တွေရဲ့ ရသင့်ရထိုက်တဲ့ ကျောင်းသား အခွင့်အရေးတွေကို ကျောင်းဆရာ၊ ဆရာမတွေကနေတဆင့် စနစ်တကျ ရိုက်ချိုးခိုင်းဦးမယ်။ ဒါဟာ ဖန်တရာထပ်နေတဲ့ လုပ်ကွက်တွေပဲ …