Connect with us

Hi, what are you looking for?

သတင်း

သန်းခေါင်စာရင်းကောက်ယူရန် ရေဘေးကယ်ဆယ်ရေးစခန်းများရှိ ပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီ ဖိအားပေးနေ

ရေဘေးသင့်ဒေသများတွင် သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများရှိပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီကဖိအားပေးနေကြောင်း သတင်းရရှိသည်။

စက်တင်ဘာလအတွင်းက ရေဘေးသင့်ခဲ့သည့် မန္တလေးတိုင်းအတွင်းရှိ မြို့တစ်မြို့အား တွေ့ရစဥ်။ဓာတ်ပုံ-CJ

ဇေအောင်/People’s Spring

ရေဘေးသင့်ဒေသများတွင် သန်းခေါင်စာရင်းကောက်နိုင်ရေးအတွက် ကယ်ဆယ်ရေးစခန်းများရှိပြည်သူများအား အိမ်ပြန်ရန် စစ်ကောင်စီကဖိအားပေးနေကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၁ ရက်တွင် စတင်ကောက်ယူမည့် သန်းခေါင်စာရင်းအတွက် ကယ်ဆယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများအား မူလနေရပ်သို့ အတက်နိုင်ဆုံး ပြန်လည်ရောက်ရှိရန် လိုအပ်ကြောင်း စစ်ကောင်စီ၏ ဒုချုပ်စိုးဝင်းက စက်တင်ဘာ ၂၇ရက်က နေပြည်တော်၌ပြုလု​ပ်သည့် ရေဘေးအစည်းအဝေး၌ ပြောကြားသည်။

Public Service Announcement

Public Service Announcement

နေပြည်တော်၊ ပျဥ်းမနားကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စစ်ကောင်စီ၏ လက်အောက်ခံ Non CDM ဝန်ထမ်းများက နေရပ်ပြန်ရန်ဖိအားပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ရေဘေးသင့်ပြည်သူများမှာ ​နေအိမ်များပျက်စီးခြင်း၊ နုံးများတင်ကျန်နေခြင်း၊ လမ်းများပျက်စီးခြင်းများကြောင့် နေအိမ်ပြန်နေရန် အခက်အခဲများရှိနေသည်ဟု ရေဘေးသင့်ပြည်သူများက ပြောသည်။

“ဝမ်းတွင်းက ရေဘေးသင့်ပြည်သူတွေထဲက အိမ်ကျန်သေးတဲ့သူတွေက ပြန်နေနေပါပြီ။ အိမ်တွေရေနောက်ပါသွားလို့ ပြန်စရာအိမ်မရှိတဲ့သူတွေကတော့ နီးစပ်ရာခိုကပ်နေသူကနေဘုန်းကြီးကျောင်းနေ၊ အဆင်ပြေသလိုနေနေကြတာပါပဲ။”ဟု Voice Of Wundwin အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် မနက်ဖြန် အောက်တိုဘာ ၁ရက်တွင် အိမ်တိုင်ရာရောက် သန်းခေါင်စာရင်းကောက်ယူရန် အောက်ခြေ Non CDM ဝန်ထမ်းများအား ဖိအားပေးနေသည်။

သို့သော် မြေပြင်တွင်မူ Non CDM ဝန်ထမ်းများအနေဖြင့် စစ်ကောင်စီထိန်းချုပ်ထားသည့် မြို့ပေါ်များ၌ပင် မကောက်ရဲဘဲ နေအိမ်များထံ စာရွက်လိုက်ဝေ၍ ဖြည့်ခိုင်းထားရသည်ဟု သိရသည်။

သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဆောင်ရွက်ခြင်း၊ ကောက်ယူရာတွင် ပါဝင်သူများကို ဖိအားပေးခြင်း၊ ဖယ်ကျဉ်ခြင်း၊ လူမှုရေးပြစ်ဒဏ်ခတ်ခြင်း၊ သန်းခေါင်စာရင်း ကောက်ယူမှုကို မပူးပေါင်းခြင်း၊ မဖြေဆိုခြင်း၊ မလွှဲရှောင်သာ၍ ဖြေဆိုရပါက အချက်အလက်များ လွဲမှားဖြေဆိုခြင်း၊ ပြည်သူလူထုအချင်းချင်းနှင့် တော်လှန်ရေးရဲဘော်များအား လိုအပ်သလို အကာအကွယ်ပေးခြင်း စသည်တို့ကို လုပ်ဆောင်နိုင်ကြောင်း ရန်ကုန်သပိတ် အင်အားစုများက ထုတ်ပြန်ထားသည်။

စက်တင်ဘာ ဒုတိယပတ်က ဖြစ်ပွားခဲ့သည့် တိုင်ဖွန်းမုန်တိုင်းယာဂိ၏ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ အနှံ့အပြားတွင် ရေကြီးရေလျှံခြင်းများနှင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၂၆ ရက်အထိ ရေဘေးသင့် လူဦးရေ ၁သန်းခန့် ရှိကြောင်း၊ အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှု အများဆုံး ဖြစ်ခဲ့ပြီး လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ကာ ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကုလသမဂ္ဂလူသား ချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ထားသည်။

သို့သော် အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲ၊ စစ်ကောင်စီ၏ သတင်းအမှောင်ချမှုများကြောင့် မြေပြင်၌ သေဆုံးသူအရေအတွက်သည် အထက်ပါပမာဏထက်များပြားကြောင်း ​ရေဘေးသင့်ပြည်သူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ ဒေသခံတွေ ရေဘေးကြုံတွေ့နေစဉ်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ စစ်ကြောင်းထိုးမီးရှို့မှုတွေ၊ ပစ်ခတ်သတ်ဖြတ်မှုတွေကို ငါးနှစ်​ကျော်ကြာကြုံတွေ့ရင်ဆိုင်ခဲ့ရ၊ ရင်ဆိုင်နေရတဲ့ အညာဟာ အခုတခါမှာတော့ ရေဘေးကပါထပ်ဆင့်ရောက်ရှိလာခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်နဲ့တန့်ဆည်မြို့နယ်တွေမှာရက်ဆက်မိုးကောင်းနေတာကြောင့်ဒေသတွင်းမူးမြစ်ကမ်းတလျှောက်ရှိရွာအချို့ ရေဝင်နေပြီးဒေသခံတွေနဲ့စစ်ရှောင်ပြည်သူတွေ ရေဘေးရင်ဆိုင်နေရတယ်လို့ဒေသတွင်းသတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

မြို့နယ်‌‌၂၀ထက်မနည်း ရေကြီးနစ်မြုပ်၊ နေအိမ်အချို့ ပျက်စီး