Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုမှာ သမိုင်းတလျှောက် ပထမဆုံးအကြိမ် အမျိုးသမီး သမ္မတသစ် ကျမ်းသစ္စာကျိန်ဆို

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုပြီး အရေးပါတဲ့ အချိန်ကာလ တစ်ခုကို ရောက်ရှိလာပြီလို့ မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတက ပြောကြားခဲ့ပါတယ်။

အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍ ပိုပြီး အရေးပါတဲ့ အချိန်ကာလ တစ်ခုကို ရောက်ရှိလာပြီလို့ မက္ကဆီကိုရဲ့ ပထမဆုံး အမျိုးသမီး သမ္မတက ပြောကြားခဲ့ပါတယ်။

ပုံမှန်အားဖြင့် ၆ နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲဟာ မက္ကဆီကိုအတွက် အရမ်းအရေးပါတဲ့ နိုင်ငံရေး အခမ်းအနားတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း အောက်တိုဘာ ၂ ရက်နေ့ အစီအစဉ်ကတော့ သာမန်ထက်ကို ပိုထူးခြားခဲ့ပါတယ်။

အဲဒီ အခမ်းအနားမှာ ခေတ်သစ် မက္ကဆီကို နိုင်ငံရဲ့ နှစ်ပေါင်း ၂၀၀ ကျော် သမိုင်းတလျှောက် ပထမဆုံး အကြိမ်အဖြစ် အမျိုးသမီး တစ်ဦးဟာ မက္ကဆီကိုရဲ့ အမြင့်ဆုံး နိုင်ငံရေး အာဏာပိုင် ရာထူးကို ရယူခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အသက် ၆၂ နှစ် ရှိပြီဖြစ်တဲ့ ကလော်ဒီယာ ရှင်ဘွန်းဟာ မက္ကဆီကို နိုင်ငံရေး နယ်ပယ်မှာ အမျိုးသားတွေသာ အဓိက နေရာရနေတဲ့ အစဉ်အလာတွေကို ချိုးဖောက်ပြခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။ သူဟာ မြို့တော် မက္ကဆီကို စီးတီးရဲ့ ပထမဆုံး အမျိုးသမီး မြို့တော်ဝန် အဖြစ်လည်း မှတ်တမ်း ရေးထိုးပြခဲ့ဖူးပြီး အခုတော့ တစ်နိုင်ငံလုံးအတွက် ပထမဆုံး အမျိုးသမီးခေါင်းဆောင် ဖြစ်လာတာပါ။

ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် လက်သီးဆုပ်ကို မြှောက်ရင်း အောင်ပွဲခံချိန် လွှတ်တော် အတွင်းထဲက အမတ်တွေရော၊ အပြင်ဖက်မှာ စုရုံးနေတဲ့ ပြည်သူတွေကပါ သမ္မတကြီးလို့ အော်ဟစ် ထောမနာပေးခဲ့ကြပါတယ်။

သမ္မတအဖြစ် ပထမဆုံး ပြောကြားတဲ့ မိန့်ခွန်းမှာတော့ ရှင်ဘွန်းဟာ အမျိုးသမီးတွေရဲ့ ခေတ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ လှပပြီး ချစ်ခင်စရာကောင်းတဲ့ နိုင်ငံရဲ့ အနာဂတ်ကို ပုံဖော်ရာမှာ အမျိုးသမီးတွေကလည်း ပိုမို တာဝန်ယူလာမှာဖြစ်ကြောင်း ထည့်သွင်း မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူက ဆရာရင်းဖြစ်ပြီး ရာထူးသက်တမ်းစေ့လို့ နုတ်ထွက်ခဲ့သူ သမ္မတဟောင်း အန်းဒရက်စ် မန်နျူရယ်လ် လိုပက်ဇ် အော့ဘရာဒေါကိုလည်း အလေးအနက် ကျေးဇူးတင်စကား ပြောခဲ့ပြီး ခေတ်သစ် မက္ကဆီကို သမိုင်းမှာ အရေးအကြီးဆုံး နိုင်ငံရေးခေါင်းဆောင်၊ ပြည်သူတွေအတွက် တိုက်ပွဲဝင်ခဲ့တဲ့ သူရဲကောင်း၊ လူထုရဲ့ ချစ်ခင်မှုကို အရဆုံး ခေါင်းဆောင်လို့ ညွှန်းဆိုသွားခဲ့ပါတယ်။

တကယ်လည်း သမ္မတ အော့ဘရာဒေါရဲ့ ရာထူးကာလ နောက်ဆုံးနေ့ရက်တွေမှာ လူထုထောက်ခံနှုန်းက မက္ကဆီကို သမိုင်းမှာ ဘယ်ခေါင်းဆောင်မှ မကြုံဖူးလောက်အောင် မြင့်တက်ခဲ့တာကြောင့် ရှင်ဘွန်း ပြောသလိုပဲ သူဟာ ပြည်သူတွေရဲ့ ချစ်ခင်မှုကို ပိုင်ဆိုင်ရင်း ကျောခိုင်းသွားတဲ့ သမ္မတလို့ သတ်မှတ်နိုင်ပါတယ်။

တစ်ဖက်မှာလည်း အော့ဘရာဒေါလို ခေါင်းဆောင်မျိုးရဲ့ နေရာကို ဆက်ခံရတာဟာ သူ့အတွက် တာဝန်ကြီးလွန်းတယ် ဆိုတာကို နားလည်ပေမယ့် တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ရှင်ဘွန်းက ပြောပါတယ်။ သူ့ရဲ့ နိုင်ငံရေး အခင်းအကျင်းတွေကို မိတ်ဆက်ရာမှာ သမ္မတဟောင်း အော့ဘရာဒေါ လက်ထက်က မူဝါဒတွေကို အများကြီး ပြန်လည် ကိုးကားသွားမယ်လို့လည်း ရှင်ဘွန်းက အတည်ပြုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ်တာအတွင်း မက္ကဆီကို ပြည်သူတွေထဲက ၉.၅ သန်းလောက်ဟာ ဆင်းရဲတွင်းကနေ ဘယ်လို လွတ်မြောက်လာခဲ့ကြသလဲ၊ အလုပ်လက်မဲ့ ပြဿနာတွေ ဘယ်လို လျော့ကျသွားသလဲ၊ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်တွေ ဘယ်လို အကြိမ်ကြိမ် တိုးပေးနိုင်ခဲ့သလဲ ဆိုတာတွေကို အမှတ်ရနေဖို့ လိုတယ်လို့လည်း သူက ဆိုပါတယ်။

ရှင်ဘွန်းက အဲဒီ အခြေခံကောင်းတွေကို ဆက်ထိန်းရင်း သူ့လက်ထက်မှာတော့ မက္ကဆီကို နိုင်ငံကို ကမ္ဘာပေါ်မှာ အကောင်းဆုံး အခမဲ့ ပြည်သူ့ကျန်းမာရေး စနစ်မျိုး ပိုင်ဆိုင်လာအောင် ကြိုးစားပေးဖို့ ရည်ရွယ်ထားကြောင်းလည်း ပြောကြားသွားပါတယ်။

တစ်ဖက်မှာလည်း သူ့ရဲ့ အစိုးရဟာ ဆင်နာလိုအာနဲ့ ချိုင်ပက်စ် ပြည်နယ်တွေမှာ မူးယစ်ဆေးဝါး မှောင်ခို ရာဇဝတ်ဂိုဏ်းတွေ အကြီးအကျယ် သောင်းကျန်းနေတဲ့ ပြဿနာမျိုးကို ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ ရှိနေပါတယ်။ အထူးသဖြင့် ဆင်နာလိုအာမှာ ဒုစရိုက်ဂိုဏ်းတွေကြား အကွဲအပြဲတွေကို အကြောင်းပြုပြီး ဆိုးရွားလှတဲ့ သွေးချောင်းစီး လူသတ်ပွဲတွေ ဖြစ်ပေါ်ပြီး ဆိုးဆိုးရွားရွား မငြိမ်သက်မှုတွေနဲ့ ကြုံနေရကြောင်း သိရပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

နိုင်ငံတကာ

လက်ရွေးစင် အသင်းရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ခြေစွမ်းပြနေမှုတွေကို အောင်ပွဲခံကြရင်း မက္ကဆီကို နိုင်ငံမှာ ဘောလုံးပရိသတ် ၄ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ကနေဒါလိုပဲ ကမ္ဘာ့ဖလား ပူးတွဲအိမ်ရှင် အသင်းတစ်သင်းဖြစ်တဲ့ မက္ကဆီကိုဟာလည်း ၁၆ သင်း ရှုံးထွက်အဆင့်ကို အောင်အောင်မြင်မြင် တက်ရောက်သွားခဲ့ပါတယ်။ မက္ကဆီကိုဟာ မြို့တော် မက္ကဆီကို စီးတီးမှာ ယှဉ်ပြိုင်တဲ့ ပွဲစဉ်မှာ အီကွေဒေါ အသင်းကို နှစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။

နိုင်ငံတကာ

မက္ကဆီကို နိုင်ငံမှာ အောင်ပွဲခံနေတဲ့ ဘောလုံးပရိသတ်အုပ်ထဲကို ကားတစ်စီးက ဝင်တိုက်ခဲ့တာကြောင့် လူ ၁၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။