ဇေအောင်/People’s Spring
မြို့သိမ်းတိုက်ပွဲများတွင် လိုက်နာရမည့် အချက်များအပါအဝင် ရဲဘော်များ လိုက်နာရမည့်စည်းကမ်းချက်များအား နွားထိုးကြီးPDFက ထုတ်ပြန် ကြေညာသည်။
Natogyi People Defence Force မြင်းခြံခရိုင် အမှတ် (၄-၁၀) တပ်ရင်းက ၎င်းတပ်ရင်းမှ ရဲဘော်များ လိုက်နာရမည့်စည်းကမ်းချက်များအား နိုဝင်ဘာ ၁၆ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် အရပ်သားပြည်သူ များနှင့် ပတ်သက်၍ ပြည်သူများကို ကာကွယ်စောင့်ရှောက်ရန်နှင့် အရပ်သားပြည်သူများ၏ ဥစ္စာပစ္စည်းများကို ထိပါးခြင်းမပြုရန်၊အရပ်သားပြည်သူများအပေါ် မောက်မာရိုင်းပြခြင်း၊ စော်ကားခြင်း၊ လက်နက်ဖြင့် အနိုင်ကျင့် ခြိမ်းခြောက် နှိပ်စက်ခြင်း၊ ပစ်မှတ်ထားတိုက်ခိုက်ခြင်းများ မပြုလုပ်ရန် နွားထိုးကြီး PDFက သတိပေးသည်။

Public Service Announcement
ထို့အပြင် ပြည်သူလူထု အထင်မှားငြိုငြင်စေမည့် အပြောအဆို၊ အနေအထိုင်၊ အသွင်အပြင်မဖြစ်စေရန် ပြုမူနေထိုင်ရန်နှင့် အရက်ဘီယာ၊ မူးယစ်ဆေးဝါးများ သုံးစွဲခြင်း လုံးဝမပြုလုပ်ရန် တားမြစ်ထားသည်။
အထက်အဆင့်ဆင့်မှ ပေးအပ်သော အမိန့်နှင့်တာဝန်ကို လေးစားလိုက်နာရန်၊ စခန်းအခြေချနေထိုင်ရာဒေသတွင် သက်ဆိုင်ရာတာဝန်ရှိသူများ၏ အမိန့်များ၊ တပ်ရင်းတပ်ဖွဲ့၏ စည်းကမ်းချက်ကို လိုက်နာရန်နှင့် တပ်ဖွဲ့ပုံရိပ်နှင့် တပ်ဖွဲ့မှပေးအပ်ထားသော အခွင့်အာဏာကို အလွဲသုံးစားလုပ်၍ ကိုယ်ကျိူးစီးပွားအတွက် အသုံးချခြင်းမပြုရန်၊ လူမှုရေးအရှုပ်အရှင်းနှင့် ငွေကြေးအရှုပ်အရှင်းများ လုံးဝခွင့်မပြုကြောင်းနွားထိုးကြီး PDFက ထပ်မံသတိပေးသည်။
စခန်းသိမ်း၊ မြို့သိမ်း၊ နယ်သိမ်း၊ လုပ်ငန်းစဥ်များ ပြီးသည့်အခါ သိမ်းဆည်းရမိသည့်ပစ္စည်းများကို သက်မှတ်ထားသော လုပ်ငန်းစဥ်နှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ စနစ်တကျအပ်နှံရန် နွားထိုးကြီး PDFက လမ်းညွှန်သည်။
“ပြည်သူဘက်ကို ပြောင်းလှည့်ပြီးတော့မှ ပြည်သူကို ဒုက္ခပေးတဲ့ တော်လှန်ရေးကတော့ ဘယ်တော့မှအောင်မြင်မှာ မဟုတ်ပါဘူး။ ဒါမျိုးတွေလည်း ကျွန်တော်တို့ရဲဘော်တွေကအစ တာဝန်ရှိတဲ့သူအဆုံး တပ်ရင်းတပ်ဖွဲ့မှာရှိတဲ့ မည်သူမဆို၊ မည်သည့်တာဝန်ယူထားတဲ့ရဲဘော်မဆို ဒီစည်းကမ်းတွေလိုက်နာရမှာဖြစ်တဲ့အကြောင်း ထုတ်ပြန်လိုက်တာပါ။”ဟု နွားထိုးကြီး PDF တာဝန်ရှိသူက ပြောသည်။
အထက်ပါစည်းကမ်းချက်များမှ အချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက သက်မှတ်ထားသော စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းစဥ်များအတိုင်း ထိရောက်စွာ အရေးယူမည်ဖြစ်ပြီး တပ်ဖွဲ့ဝင်များ ကျူးလွန်ပါကတိုင်ကြားနိုင်ကြောင်း နွားထိုးကြီး PDFက ထုတ်ပြန်ထားသည်။
နွားထိုးကြီး PDFသည် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကို ဒေသတွင်းကာကွယ်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ တိုက်ခိုက်နေပြီး အောင်ပွဲများလည်း ရရှိထားသည်။


















































