အင်ကြင်း/People’s Spring
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် စစ်ကောင်စီတပ်စွဲရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင်နေရာအချို့၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(နိုဝင်ဘာ ၂၀ရက်) ည ၇နာရီခန့်က မြင်းခြံမြို့ပေါ်ရှိ စစ်ကောင်စီတပ်စွဲရာ ဒေသအခေါ် ကျောက်ရုံးကြီး(မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး)နှင့် စစ်သားများတပ်စွဲရာ Myingyan Hotel အနီးနေရာများအား မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
“မြင်းခြံဟိုတယ်မှာက သူတို့(စကစ)တွေပဲနေတာ။ အရာရှိပိုင်းတွေတို့၊ ပျူစောထီးတွေတို့ ဖဲရိုက်တယ်။ အဲမှာ ဂျင်ဝိုင်းတွေလည်းရှိတယ်”ဟု MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement
မြင်းခြံမြို့နယ်ရှိ ဒေသခံပြည်သူများ၏ အိုး၊အိမ်၊စည်းစိမ်တို့အား အကြမ်းဖက် ခိုးယူမီးရှို့နေသော စစ်ကောင်စီတပ်သားများအား လက်တုံ့ပြန် တိုက်ခိုက်ခြင်းဖြစ်ကြောင်း MBTက အသိပေးသည်။
စစ်ကောင်စီတပ်သည် မြင်းခြံမြို့နယ်အရှေ့ပိုင်းရှိ ကျေးရွာများအား စစ်ကြောင်းထိုးသတ်ဖြတ်နေပြီး ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင် နေရကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၁ ရက်ကစ၍ မြင်းခြံခရိုင်၊မြင်းခြံမြို့နယ်၊ ကွမ်းစိုက်ရွာတွင် သုံးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
နိုဝင်ဘာ ၁၄ ရက်ညကလည်း မြင်းခြံမြို့နယ်၊ ကျောက်ရံရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။


















































