Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် မီးအချိန်ဖြင့်ခွဲပေးသော်လည်း ပျက်ချိန်ပိုများနေ

ရန်ကုန်မြို့ရှိ မြို့နယ်အများစုတွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှု ယခင်ကထက်ဆိုးဆိုးရွားရွားခံစားနေရသည်ဟု ဒေသခံများက ပြောသည်။

(လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့ညပိုင်းမြင်ကွင်းကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)
(လျှပ်စစ်မီးပျက်နေသည့် ရန်ကုန်မြို့ညပိုင်းမြင်ကွင်းကို တွေ့ရစဥ်။ ဓာတ်ပုံ - PS)

ရောင်နီ/People’s Spring

“ဒီရက်တွေမှာ လာရမယ့်အချိန်ဆို နာရီဝက်လောက် အလာပြတယ်။ ပြီး‌တော့ ပျက်။ ပျက်တော့မယ့် အချိန်မရောက်ခင် ခဏလာ။ပြန်ပျက် ။အဲဒီလိုသံသရာလည်နေတာ”ဟု သာကေတမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့၌ နံနက် ၅ နာရီမှ ည ၉ နာရီအတွင်း ၄နာရီခြားတစ်ကြိမ် အလှည့်ကျမီးပေးနေခြင်းဖြစ်ပြီး တစ်ရက်လျှင် ရှစ်နာရီ ဓာတ်အားဖြတ်တောက်နေခြင်း ဖြစ်သည်။

သို့သော် မီးလာရမည့် အချိန်များတွင်လည်း ဝန်အားမနိုင်သောကြောင့်ဟု အကြောင်းပြကာ မီးဖြတ်နေပြီး အချို့ရက်များတွင် ညဘက်များပါ မီးပျက်နေကြောင်း သုဝဏ္ဏမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

“ပျက်လို့ရတဲ့ မြို့နယ်ကြ ပျက်နေပြီး ပျက်လို့မရတဲ့မြို့နယ်ကြ မပျက်ပါဘူးဗျာ။ ပျက်လို့ရတဲ့ မြို့နယ်ကြ ည၉နာရီလာရမယ့်နေ့တောင် ၅မိနစ်လာပြီး ၁နာရီပြန်ပျက်သွားတာတွေပါ”ဟု ရန်ကင်းမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

လက်ရှိဓာတ်အားထုတ်လုပ်မှု အခြေအနေအရ ည ၉ မှ ၁၁ နာရီအထိ အလှည့်ကျမီးပေးသည့်စနစ် ထပ်တိုး သတ်မှတ်ထားကြောင်း လျှပ်စစ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် ယခုနှစ်စက်တင်ဘာမှစတင်၍ မီးတာခများကို ယခင်ထက်နှစ်ဆခန့် တိုးမြှင့်လိုက်သောကြောင့် ပြည်သူများအနေဖြင့် မီးအချိန်မမှန်သော်လည်း မီတာခများမှာ ယခင်ထက်ပိုများနေကြောင်း ဒေသခံများက ဆိုသည်။

သို့သော် ဝန်အားမမျှတသောကြောင့်ဟု အကြောင်းပြ၍ မီးခဏခဏ ပျက်နေသော်လည်း ၎င်းတို့ မီးပေးချင်သည့် အချိန်တွင် အချိန်ပြည့် မီးပေးလေ့ရှိကြောင်း လှိုင်မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

“လူကြီးလမ်းကြောင်းရှိတယ်ဆိုရင် မီးပေးတယ်။ သူတို့လုပ်ကွက်တွေက အရင်အတိုင်းပဲ။ ပြောရရင် သူတို့လုပ်ချင်တာလုပ်လို့ရတယ်ဆိုတာပြချင်တာ။ ” ဟု ၎င်းက သုံးသပ်သည်။

စစ်ကောင်စီက အာဏာသိမ်းပြီးချိန်ကတည်းက နိုင်ငံတဝန်း၌ လျှပ်စစ်မီးပြတ်တောက်မှုကို ဆိုးဆိုးရွားရွားရင်ဆိုင်နေရခြင်းဖြစ်ပြီး ပြည်ပရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းက ထွက်ခွာသွားခဲ့သည်။

ထိုမတိုင်မီက တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ် လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄,၂၀၀ ရှိခဲ့သော်လည်း စစ်ကောင်စီလက်ထက်တွင် မဂ္ဂါဝပ် ၂,၀၀၀ ခန့်သာ ထုတ်လုပ်နိုင်တော့သည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ဇန်နဝါရီက မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ကိုလုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန် စီစဉ်ထားခဲ့သည်။

သဘာဝဓါတ်ငွေ့အရည် (LNG)ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။

နွေရာသီတွင် မီးမပျက်စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ပြည်သူတွေက တော်လှန်ရေးအင်အားစုတွေနဲ့အတူ စစ်အာဏာရှင်ကို တော်လှန်နေဆဲဖြစ်ကြောင်း အာဏာသိမ်း ၅နှစ်ပြည့်မှာ လူထုလှုပ်ရှားမှုပြုခဲ့ပါတယ်။

သတင်း

နေပြည်တော်နဲ ရန်ကုန်မြို့မှာ ယမန်​​နေ့ညကငလျင် ၂ကြိမ်လှုပ်ခတ်ပြီးတဲ့နောက် ဒီနေ့မနက်အ​စောပိုင်းမှာလည်း ရန်ကုန်မြို့နဲ့ မိုင် ​လေးဆယ်​ကျော်​ပဲ​ဝေးတဲ့ ညောင်တုန်းမြို့ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄ဒဿမ၅အဆင့်ငလျင် လှုပ်ခတ်ခဲ့တာမှာရန်ကုန်ကသိသိသာသာခံစားရပါတယ်။

သတင်း

"အပြန်အလှန်ပစ်ခတ်မှုတော့ မဖြစ်လိုက်ဘူးဗျ။ ကျနော်တို့က ဒရုန်းနဲ့ပဲ ဗုံးသီးကြဲချပြီး ပြန်လာခဲ့တာပါ။ သူတို့ဘက်က ရမ်းသမ်းပြန်ပစ်တာမျိုးတော့ ရှိပါတယ်"ဟု ၎င်းက ပြောသည်။

သတင်း

ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ် ဖြစ်ပေါ်နေသည်။