အိမ်သွင်/People’s Spring
ရန်ကုန်မြို့တွင် စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးမှုဆက်တိုက်ပြုလုပ်နေပြီး ယခုရက်ပိုင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် အဓမ္မဖမ်းဆီးခံရပြီး စစ်သားစုဆောင်းခံရသူ အများစုပါဝင်ပြီး နေကြောင်း ရန်ကုန်တိုင်းစစ်ဒေသ၊ စစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝက သတိပေးသည်။
“ရန်ကုန်မှာရှိကြတဲ့ လူငယ်၊ လူရွယ်များသတိရှိကြပါ။ အတင်းအဓမ္မ လူသစ်စုဆောင်းတာတွေ ပေါ်တာဆွဲတာများလာပါတယ်”ဟု ရဲဘော်ဒေဝက ယနေ့(ဒီဇင်ဘာ ၁၅က်)နံနက်တွင် လူမှုကွန်ရက်မှတစ်ဆင့် သတိပေးထားသည်။
အသေးစိတ်အသိပေးထားခြင်း မရှိသော်လည်း ယခုရက်ပိုင်းအတွင်း ဖမ်းမိထားသည့်စစ်သုံ့ပန်းများအနက် တပ်သားသစ် ၈၀ရာခိုင်နှုန်းရှိသည်ဟု ဆိုသည်။
ရန်ကုန်မြို့တွင် အာဏာသိမ်းစစ်အုပ်စုက လူငယ်များအားဖမ်းဆီးမှု ပိုမိုဆိုးဝါးနေသည်ဟု မြို့ခံများကလည်း ပြောသည်။
“ရန်ကုန်က ည၈နာရီလောက်ဆို လူကြဲသွားပြီ။ အရင်နဲ့ ဘာမှမဆိုင်တော့ဘူး။ စစ်တပ်က လူလိုက်ဆွဲနေတာ အခြေအနေပိုဆိုးလာတယ်။ ရပ်ကွက်ထဲကကလေးတွေ ပုန်းနေရတာတောင်ရှိတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက ပြောသည်။
ဒီဇင်ဘာ ၆ရက်ညက ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်တွင် လူငယ်ငါးဦးကို စစ်ကောင်စီလက်အောက်ခံရဲများက ဖမ်းဆီးသွားပြီး တစ်ဦး ကျပ် ၅သိန်းဖြင့် ပြန်လည်ရွေးထုတ်ခဲ့ရကြောင်း သတင်းရရှိသည်။
အသက် ၁၈နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်းအပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီကလိုက်လံဖမ်းဆီးနေခြင်းဟု သတင်းရရှိသည်။
ထို့အပြင် ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ် ဖြစ်ပေါ်နေသည်။
စစ်ကောင်စီ၏ စစ်သား၊ ရဲနှင့် ပျူစောထီးများဖြင့် ဖွဲ့စည်းထားသောအဖွဲ့က ရန်ကုန်မြို့ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးများထံ ရောင်းစားနေသည့် လူမှောင်ခိုဂိုဏ်းစျေးကွက်ဟု အဆိုပါဖြစ်ရပ်များသိရှိသော ရပ်ကျေးအဖွဲ့ဝင်များနှင့် ရောင်းစားခံရသည့် မိသားစုဝင်အချို့က ပြောသည်။
“လူစားထိုးလိုတဲ့ ထွေအုပ်ရုံးက စာရေးတွေနဲ့ ချိတ်ပြီးရောင်းစားတဲ့စျေးကွက်ဖြစ်နေတာ။စစ်မှုထမ်းဥပဒေဆိုတာနဲ့ကိုင် ပေါက်တော့ ဘယ်သူမှဝင်မရှုပ်ရဲဘူး။ရပ်ကွက်တွေထဲ လူငယ်တွေ ပျောက်တယ်ဆိုတာ အဲဒီလို လုပ်စားနေကြတာ။သူတို့က တစ်ဖွဲ့ထဲ မဟုတ်ဘူး။မှော်ဘီ က လူလိုရင် မှော်ဘီပို့တယ်။ပဲခူးဘက်က လူလို့ရင်လည်း ပို့တယ်။ချိတ်အလိုက် ဂိုဏ်းအလိုက်ပဲ ။တရားဝင် လိုလုပ်နေကြတာ။တစ်ပတ်ကို လေးငါးယောက်လောက်ရှာပို့နေတာ။ဒါ ကျွန်တော် သိတဲ့ အရေ အတွက် ပဲရှိသေးတယ်”ဟု တောင်ဒဂုံမြို့နယ်ရှိ ရပ်ကျေးအဖွဲ့ဝင် တစ်ဦးက လူထုနွေဦးသို့ ပြောသည်။
နိုဝင်ဘာနောက်ဆုံးပတ်နှင့် ဒီဇင်ဘာပထမပတ်အထိ ရန်ကုန်မြို့ရှိ အင်းစိန်၊လှိုင်သာယာ၊အရှေ့ဒဂုံနှင့် တောင်ဒဂုံမြို့နယ်များတွင် လူထုနွေဦးက စုံစမ်းသိရှိရသော ဖြစ်စဥ်ငါးခုထက်မနည်းရှိခဲ့သည်။
လူထုနွေဦးက စုံစမ်းသိရသော ဖြစ်စဥ်များနှင့် ရောင်းစားခံရသော လူငယ်မိသားစုဝင်များ၏ ပြောဆိုချက်များအရ ညပိုင်းအချိန် လူပြတ်သည့်နေရာများ သို့မဟုတ် တစ်ဦး၊နှစ်ဦးသွားလာသည့် လူငယ်များအား ပစ်မှတ်ထားကာ မြို့နယ်အလိုက် စစ်ကောင်စီ လက်ပါးစေများက ဖမ်းဆီး ရောင်းစားခြင်းဖြစ်သည်။
ရန်ကုန်ရှိ မြို့နယ်အချို့တွင် စစ်မှုထမ်းဥပဒေအတွက် ရပ်ကွက်ရုံးများက အပတ်စဥ်တစ်ခုလျှင် တစ်အိမ်ထောင် ကျပ်နှစ်ထောင်မှ ငါးထောင်အထိ ကောက်ယူမှုရှိနေသည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးများအကြောင်းပြချက်မှာ အပတ်စဥ်တစ်ခုလျှင် ပေးပို့ရသည့် လူဦးရေမပြည့်မီခြင်းကြောင့် အခြားရပ်ကွက်များမှ အစားထိုးခေါ်ယူရခြင်းကြောင့်ဟု ဆိုသည်။
“ပြီးခဲ့တဲ့ရက်က အပတ်စဥ် (၇)အတွက် လူစာရင်း အသိပေးဖို့ ဓမ္မာရုံခေါ်တယ်။အဲဒီမှာ အသက် ၂၄ ကနေ ၃၅ အထိပဲ အဓိက ခေါ်တယ်ပေါ့။ဒါပေမယ့် အပတ်စဥ် (၆)အထိ ကောက်ခံရတဲ့ လူဦးရေ စာရင်းက မပြည့်မီခဲ့ဘူးတဲ့။ထွက်ပြေးတဲ့သူတွေရော၊ နိုင်ငံ ခြားထွက်သွားတဲ့သူတွေကြောင့်လို့ ပြောတယ်။အဲဒါကြောင့် တစ်အိမ်ထောင် ကျပ်နှစ်ထောင် ပေးရမယ်ဆိုပြီး အုပ်ကြီးက ခေါ်ပြောတယ်”ဟု အရှေ့ဒဂုံ ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။
သို့သော် စစ်မှုထမ်းဥပဒေဖြင့် ခေါ်ယူခံရမှု မဲပေါက်၍ မလိုက်ချင်ပါက တစ်ဦးလျှင် ကျပ်သုံးသိန်းပေးရသည်ဟု စုံစမ်းသိရှိရသည်။
စစ်ကောင်စီသည် ရန်ကုန်တိုင်းအပြင် မန္တလေးတိုင်း၊ ဧရာဝတီတိုင်းနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်မှုများ ပိုမိုပြုလုပ်နေသည်။