Connect with us

Hi, what are you looking for?

နိုင်ငံတကာ

NATOနဲ့ စစ်တိုက်ရနိုင်ခြေအတွက် ပြင်ဆင်ထားရမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးပြော

NATO စစ်မဟာမိတ် အင်အားစုနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်နိုင်ခြေအတွက် ရုရှားက အသင့်ပြင်ဆင်ထားဖို့ လိုနေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

NATO စစ်မဟာမိတ် အင်အားစုနဲ့ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်နိုင်ခြေအတွက် ရုရှားက အသင့်ပြင်ဆင်ထားဖို့ လိုနေကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးက ပြောကြားသွားပါတယ်။

လာမယ့် ဆယ်စုနှစ်အတွင်း ဥရောပမှာ ရုရှားနဲ့ NATOတို့ကြား တိုက်ရိုက် စစ်ရေးပဋိပက္ခ ကြုံလာနိုင်တယ်လို့ ဝန်ကြီး အန်ဒရီ ဘီလူဆော့ဗ်က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ NATO အဖွဲ့ဝင် ဥရောပ နိုင်ငံတွေဟာ စစ်ရေးကဏ္ဍနဲ့ ပတ်သက်ရင် သွေးနားထင် ရောက်နေကြပြီး နောင်တစ်ချိန်မှာ ရုရှားကို တိုက်ရိုက် ရင်ဆိုင်ဖို့ ရွေးချယ်လာနိုင်ကြောင်း၊ အဲဒီအတွက်လည်း ရုရှားဖက်က လာမယ့်နှစ်တွေမှာ ကြုံလာမယ့် အခြေအနေအတွက် အသင့်ပြင်ထားဖို့လိုကြောင်း ဘီလူဆော့ဗ်က ဆိုပါတယ်။

ရုရှားနဲ့ NATOကြား တင်းမာမှုဟာ ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အဆိုးရွားဆုံး အဆင့်မျိုးကို ရောက်ရှိနေပါတယ်။ ဘီလူဆော့ဗ်ကတော့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ဟာ ယူကရိန်း စစ်ပွဲရလဒ်က ရုရှားအတွက် အလေးသာစေမယ် ဆိုတာကို အခိုင်အမာ ယုံကြည်ထားပြီး ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။

ရုရှားနဲ့ NATOတို့ကြားက စစ်ရေး ပဋိပက္ခ တစ်ခုဟာ လာမယ့် ဆယ်စုနှစ်ထဲမှာ ပေါ်ပေါက်လာနိုင်တဲ့ အလားအလာမျိုး အပါအဝင် ဖြစ်နိုင်ခြေ အားလုံးအတွက် ရုရှားက အသင့်ရှိနေဖို့ လိုအပ်တယ်လို့ ဝန်ကြီးဌာနတွင်း ညှိနှိုင်းဆွေးနွေးမှု အစီအစဉ် တစ်ခုမှာ ဘီလူဆော့ဗ်က မိန့်ခွန်းပြောခဲ့ပါတယ်။ သူ့ရဲ့ မိန့်ခွန်းကို သမ္မတ ပူတင်ကိုယ်တိုင် နားထောင်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူက အမေရိကန်ဟာ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု အင်အားကို ချဲ့ထွင်နေသလို ပိုလန်နိုင်ငံမှာလည်း ဒုံးကျည်စခန်း တစ်ခုကို ဖွင့်လှစ်ထားကြောင်း၊ ဒီအခြေအနေတွေ အားလုံးဟာ NATOက စစ်တိုက်ဖို့ အသင့်ပြင်နေတယ် ဆိုတာ ညွှန်ပြနေကြောင်းလည်း ဆိုပါတယ်။ ဒါ့အပြင် ၂၀၂၆ ခုနှစ်ကျရင် ဂျာမနီမှာ အမေရိကန်ရဲ့ တာလတ်ပစ် ဒုံးကျည်တွေ ဖြန့်ကျက်မယ့် ကိစ္စကိုလည်း ဘီလူဆော့ဗ်က ထောက်ပြသွားခဲ့ပါတယ်။

ရုရှား စစ်ထောက်လှမ်းရေးတွေရဲ့ ခန့်မှန်းချက်အရ အမေရိကန်ဟာ ပစ်ခတ်ပြီး ရှစ်မိနစ်အတွင်း မော်စကိုမြို့တော်ထိ ရောက်ရှိလာမယ့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို မကြာခင် ပိုင်ဆိုင်လာတော့မယ်လို့လည်း သူက ပြောကြားသွားပါတယ်။

သမ္မတ ပူတင်ကလည်း အမေရိကန်နဲ့ အနောက်နိုင်ငံ အစိုးရတွေဟာ ရုရှားနဲ့ ပဋိပက္ခ ဖြစ်ရေးကို လိုလားနေကြောင်း စွပ်စွဲခဲ့ပြီး ရုရှားက NATOကို အချိန်မရွေး စတင် တိုက်ခိုက်လာနိုင်တယ် ဆိုတာမျိုး အဲဒီနိုင်ငံတွေရဲ့ ပြည်သူတွေကို ဖြဲခြောက်နေတယ်လို့ ဝေဖန်သွားပါတယ်။ အဲဒီ ရည်ရွယ်ချက်ကလည်း ရိုးရှင်းကြောင်း၊ NATOဟာ ရုရှားအတွက် နောက်ပြန်ဆုတ်လို့ မရနိုင်တဲ့ အနေအထား တစ်ခုဆီ တွန်းပို့နေကြောင်း၊ ပြီးတော့ ဖြစ်ရပ်တိုင်းမှာ ရုရှားရဲ့ အလွန်လို့ အပြစ်ပုံချဖို့ စီစဉ်ထားတာဖြစ်ကြောင်း ပူတင်က ဆိုပါတယ်။

နောက်ပြီး သူက ရုရှားအနေနဲ့ အမေရိကန်ရဲ့ တာတိုနဲ့ တာလတ်ပစ် ဒုံးကျည်တွေ ဖြန့်ကျက်မှုတိုင်းကို သတိကြီးကြီး စောင့်ကြည့်နေပြီး လွန်ကဲတဲ့ အဆင့်မျိုး ရောက်လာရင်တော့ ရုရှားကလည်း သင့်တော်တဲ့ တုံ့ပြန်မှု အစီအစဉ်တွေနဲ့ လက်နက်တွေ ဖြန့်ကျက်သွားမယ်လို့ ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ဥရောပတိုက်ရဲ့ လုံခြုံရေးအတွက် NATO စစ်မဟာမိတ် အဖွဲ့ထဲမှာ ဖြန့်ကျက်ပေးထားတဲ့ တိုက်လေယာဉ် စုစုပေါင်းရဲ့ သုံးပုံတစ်ပုံကို အမေရိကန်က လျှော့ချသွားမယ်လို့ သိရပါတယ်။

နိုင်ငံတကာ

NATO စစ်မဟာမိတ် အဖွဲ့ရဲ့ ဥရောပ နိုင်ငံတချို့မှာ အမေရိကန် နျူကလီးယား လက်နက်တွေ တိုးမြှင့် ဖြန့်ကျက်ရေးကိစ္စ နှစ်ဖက် ဆွေးနွေးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ရုရှားဒရုန်း ပျက်ကျလို့ ရိုမေးနီးယားမှာ အဆောက်အအုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

ဥရောပရောက် အမေရိကန်တပ်တွေ ရုပ်သိမ်းမယ့် ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဥရောပ မဟာမိတ် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ တွေ့ဆုံချိန်မှာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ရှင်းပြဖို့ ကြိုးစားခဲ့ပါတယ်။