ရဲခေါင်/People’s Spring
မကွေးတိုင်းအတွင်း စစ်ရေးအရ အရေးပါသည့် နေရာများ၌ စက်တပ်လေထီးများကို စစ်ကောင်စီက ဖြန့်ကျက်ထားကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။
ဆိပ်ဖြူမြို့နယ်အခြေစိုက် ကာကွယ်ရေးပစ္စည်းစက်ရုံကပစ-၂၁ နှင့် ကပစ-၂၂၊ ပေါက်မြို့နယ်ရှိ ကပစ- ၂၄ အပါအဝင် ပွင့်ဖြူမြို့နယ် ဝါတပ်နှင့် မကွေးမြို့နယ် မကွေးလေတပ်တို့တွင် လူလိုက်ပါ တိုက်ခိုက်သည့် စက်တပ်လေထီး Paramotor များကို ဖြန့်ကျက်ထားခြင်းဟု ဆိုသည်။
Paramotor (သို့) စက်တပ်လေထီးများကို စစ်ကောင်စီဘက်က စစ်ရေးပစ်မှတ်နှင့် တိုက်ပွဲများတွင် အသုံးမပြုရဲဘဲ ပြည်သူများ နေထိုင်ရာ ကျေးရွာများအတွင်းသို့ ရမ်းကား၍ ဗုံးသီးများချ တိုက်ခိုက်လာသည်ကိုသာ တွေ့ရှိရကြောင်း အထက်ပါတာဝန်ရှိသူက ရှင်းပြသည်။

Public Service Announcement
“အခုချိန်ထိတော့ ကျနော်တို့ သတင်းရသလောက် စစ်ရေးမှာ သုံးတာမျိုး မတွေ့ရသေးပါဘူး။ လေယာဉ်တွေတောင်မှ ပြည်သူလူထုရဲ့ သတင်းပေးပို့မှုနဲ့ ကျနော်တို့ ကြိုတင် သိရှိနေရတဲ့အတွက် နှေးကွေးပြီး အသံကျယ်တဲ့ စက်တပ်လေထီးကို စစ်ရေးပစ်မှတ်မှာ မသုံးရဲသေးတာလို့ ယူဆရပါတယ်”ဟု ၎င်းက ပြောသည်။
သို့သော် လက်နက်အင်အားမပြည့်စုံသေးသည့် မကွေးတိုင်း၏ စစ်ရေးတွင် ထိုစက်တပ်လေထီးများအသုံးပြုလာနိုင်ခြေကို စောင့်ကြည့်ရဦးမည်ဟု အသိပေးသည်။
“ပစ်ချနိုင်ဖို့ကိုတော့ ကြိုးစားရမှာပေါ့”ဟု စစ်ကောင်စီ၏ စက်တပ်လေထီးနှင့်ပတ်သက်၍ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ စက်တပ်လေထီးအသုံးပြုကာ လူထုအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုအတွက် ပြည်သူများအနေဖြင့် စက်တပ်လေထီး (သို့) Paramotor များ ပျံသန်းနေသည် တွေ့ရှိပါက မပေါ့ဆဘဲ ဂရုစိုက်ရန်လည်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးသည်။
ထို့အတူ စက်တပ်လေထီး အသုံးပြုမှုအပါအဝင် စစ်ကောင်စီ၏ လှုပ်ရှားမှုအချက်အလက်များကိုလေကြောင်း သတိပေး Channel များ၊ အခြားတပ်ရင်းတပ်ဖွဲ့များနှင့် မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့သို့ Page Messanger မှ တဆင့် သတင်းပေးပို့ရန်လည်း တိုက်တွန်းသည်။
စစ်ကောင်စီသည် စက်တပ်လေထီးဖြင့် တိုက်ခိုက်မှုကို ၂၀၂၄ နှစ်ကုန်ပိုင်းတွင် မန္တလေးတိုင်း ငါန်းဇွန်မြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်တို့တွင် စတင်အသုံးပြုခဲ့သည်။
ထို့နောက် လေတပ်စခန်းနှင့် အခြေစိုက်တပ်များစွာရှိသည့် မိတ္တီလာမြို့ အနီးတစ်ဝိုက်ရှိ တော်လှန်ရေးအစုအဖွဲ့အားကောင်းရာ တောင်သာမြို့နယ်ကို စက်တပ်လေထီးဖြင့် ၁၀ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရသည်။
လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ၏ အချက် အလက်အရ ထိုဖြစ်စဥ်များတွင် ပြည်သူ ခုနှစ်ဦးသေဆုံးခဲ့ရပြီး ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။


















































