မိထက်/People’s Spring
နေပြည်တော် အမြန်လမ်းပိုင်းတွင် လူမှုကူညီအသင်း ကားတစ်စီး တိမ်းမှောက်မှုဖြစ်ပြီး အသင်းသားသုံးဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သတင်းရရှိသည်။
မတ်လ ၁၆ရက်က ရန်ကုန်မှ နေပြည်တော်သို့ လူနာသွားပို့ပြီး ပြန်လာသည့် လူမှုကူညီရေးအသင်းကားတစီးသည် အမြန်လမ်း မိုင်တိုင် (၉၇)တွင် ခွေးအားရှောင်စဉ် တိမ်းမှောက်သွားခြင်းဟု လူမှုကူညီရေးအဖွဲ့တစ်ခုက ပြောသည်။
” ခွေးကိုရှောင်ရင်းဖြစ်တာလို့ သိရတယ်။ လူနာပို့ပြီးအပြန်မှာ ဖြစ်တာ။ ဒီရက်ထဲ လူနာတင်ကားတွေဆက်တိုက်ဖြစ်နေတယ်။ ကျွမ်းကျင်တဲ့ယာဉ်မောင်းတွေ မောင်းဖို့လိုတယ်။ အခုလိုတွေဖြစ်တော့ ထိခိုက်ဆုံးရှုံးမှုများတယ်”ဟု ရန်ကုန် မြို့အခြေစိုက် လူမှုကူညီအဖွဲ့တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement
သေဆုံးသူသုံးဦးမှာ အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦး ဖြစ်သည်။ ဒဏ်ရာရှိသူနှစ်ဦးမှာလည်း ပြင်းထန်၍ ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ထားရသည်။
မတ်လ ၁၄ ရက်ကလည်း ရန်ကုန်တိုင်း အလုံမြို့နယ်တွင် ဆေးရုံဆင်းလာသည့် လူနာတင်လာသော ကားတစ်စီး လမ်းဘေးသစ်ပင်အားဝင် ရောက်တိုက်မိခဲ့ပြီး လူနာများ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။


















































