Connect with us

Hi, what are you looking for?

သတင်း

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ အတည်ပြု

ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စုစည်းပြီး တပ်တစ်တပ်တည်းအဖြစ်တည်ဆောက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါတယ်။

(ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNDF)

အောက်တိုဘာ-၁၇၊၂၀၂၆။ဇော်ဝင်း/People’s Spring

ကရင်နီပြည်နယ်တွင်းမှာရှိတဲ့ တော်လှန်ရေးတပ်တွေ စုစည်းပြီး တပ်တစ်တပ်တည်းအဖြစ်တည်ဆောက်နိုင်ဖို့ ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို အတည်ပြုပြဌာန်းလိုက်ပါတယ်။

မနေ့ကကျင်းပတဲ့ ကရင်နီပြည်ကြားကာလလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာ ဥပဒေမူကြမ်းတင်သွင်းပြီး ကရင်နီပြည်ကြားကာလ လွတ်တော်ကနေ ဥပဒေကြမ်းအဆင့်နဲ့ ဥပဒေအတည်ပြုပြဌာန်းတာတွေကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။

ကရင်နီပြည်တွင်းမှာ ရှိတဲ့တပ်တွေကို စုစည်းပြီး တပ်တစ်တပ်တည်း အဖြစ်တည်ဆောက်နိုင်ဖို့ ၊ တော်လှန် ရေး တပ်တွေအားလုံး ဥပဒေတစ်ခုတည်းကို တပြေးညီကျင့်သုံးနိုင်ဖို့ ၊တပ်ဖွဲ့ဝင်တွေ ကျင့်ဝတ် စည်းကမ်း အမိန့်နာခံမှုအားကောင်းစေဖို့နဲ့ ကရင်နီပြည်သူပြည်သားနဲ့ ကရင်နီပြည်ကိုသော်လည်းကောင်း ပြည်ထောင်စုကိုသော်လည်းကောင်း ကာကွယ်စောင့်ရှောက်တဲ့ ပရော်ဖက်ရှင်နယ်တပ်ကို တည်ဆောက်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက် (၄)ရပ် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

“ဥပဒေကို လွတ်တော်က ပြဌါန်းလိုက်ပြီး ဖြစ်ပေမဲ့ နောက်ဆက်တွဲကျင့်သုံးနိုင်ဖို့က IEC ဥက္ကဌက လက်မှတ်ရေးထိုးဖို့တော့ လိုပါသေးတယ်။ အဲဒါပြီးရင်တော့နောက်ဆက်တွဲ အနေနဲ့ အဓိက အပြောင်းလဲ (၃) ရပ်ရှိနိုင်ပါတယ်”လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌ စောအားလ်ဒိုက လူထုနွေဦးကို ပြောပါတယ်။

ကရင်နီပြည်တပ်ပေါင်းစုံမှာပါတဲ့ တပ်ဖွဲ့ဝင်တွေက ဒီဥပဒေကို အပြည့်ဝလိုက်နာကျင့်သုံးရမှာဖြစ်ပြီး တပ် တွေက အရပ်ဘက် ကြီးကြပ်မှုကို ခံယူကာ ကျင့်ဝတ် စည်းကမ်းအမိန့်နာခံမှု နဲ့ ပြည်သူနဲ့တပ် ဆက်ဆံရေးအပိုင်းတွေပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ထားပါတယ်။

ကရင်နီပြည်မှာ တပ်ဖွဲ့တွေရှိပြီး တပ်ပိုင်းဆိုင်ရာလုပ်ရှားဆောင်ရွက်မှုရှိပေမယ့် ကရင်နီတပ်ပေါင်းစုံမှာ မပါဝင်တဲ့ တပ်တွေအနေနဲ့ကတော့ ဥပဒေကို တစ်စိတ်တစ်ပိုင်း လိုက်နာကျင့်သုံးရမှာဖြစ်ပြီး အထူးသဖြင့် အရပ်သားတွေနဲ့ ဆက်စပ်ပြီး ကျူးလွန်တဲ့ ပြစ်မှုတွေရှိလာရင် ဒီဥပဒေမှာ ပြဌာန်းထားတဲ့ အတိုင်း လိုက်နာကျင့်သုံးရမှာလို့ သိရပါတယ်။

အရပ်ဘက်နဲ့ ဆက်စပ်ကျူးလွန်တဲ့ ပြစ်မှုမှန်သမျှ အရပ်ဘက်တရားရုံးမှာသာ စစ်ဆေးစီရင်ဖို့ အတိ အလင်း ပြဌာန်းချက် ပါဝင်တဲ့အတွက် အရပ်သားအပေါ် တပ်ဖွဲ့ဝင်တွေကျူးလွန်တဲ့ ပြစ်မှုတွေလျော့နည်းလာမယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်ဒုတိယဥက္ကဌက အသိပေးပါတယ်။

“ဒီဥပဒေကို စိစစ်ပြင်ဆင်တဲ့နေရာမှာ အထူးထည့်သွင်းစဉ်းစားတဲ့ အချက် နှစ် ချက်ရှိပါတယ် ။ နံပတ် တစ်အချက််က တပ်ကို အရပ်သားကြီးကြပ်မှုအောက်မှာ ရှိဖို့ဖြစ်တယ် ၊ နံပတ် ၂ အချက်က တပ်ဖွဲ့ဝင် အမျိုးသမီးများရဲ့ အခန်းကဏ္ဍကို အထူးထည့်သွင်းပြင်ဆင်ထားတယ်ဆိုတာ ဖော်ပြလိုတယ်”လို့ သူက ပြောပါတယ်။

ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေပြဌာန်းလိုက်တာက ကရင်နီလူထုနဲ့အရပ်ဖက် အဖွဲ့အစည်းတွေ မျှော်လင့် တောင်းဆိုနေတဲ့ စည်းလုံးညီညွတ်သော ကရင်နီ တပ်မတော် ( UKSA) ဖြစ်လာမယ့် ကြိုတင်ပြင်ဆင်မှုလို့ သူက ထပ်ပြောပါတယ်။

“တော် လှန်ရေးက ကြာနိုင်တယ်ဆိုပေမဲ့ စုစည်းညီညွတ်မှုရှိရင် အင်အားလည်း ပိုကြီးမယ်။ ခုခံစစ်ဖြစ်စေ တိုက်စစ်ဖြစ်စေ ပိုထိရောက်မယ်။ စစ်ရေးလိုအပ်ချက်တွေအတွက်လည်း ပိုပြီးပြည့်စုံလာနိုင်တယ်။ ပြည်သူတွေကို ကာကွယ်မှုပိုပေးနိုင်မယ်လို့ ယုံကြည်တယ်။စုစည်းညီညွတ်ရင် တော်လှန်ရေး အချိန်မြန်မြန် ပြီးနိုင်ပါမယ်”လို့ UKSA အမြန်ဆုံးပေါ်ထွက်လာဖို့ ကရင်နီပြည် နိုင်ငံ့ဝန်ထမ်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုကောင်စီ(KSCSC-CDM) ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ ကရင်နီပြည်နယ်ရဲ့စစ်ရေးကဏ္ဍမှာ ကရင်နီစစ်ဦးစီးကော်မတီ (JCS)က ဦးစီးနေပေမယ့် ကြားကာလပြည်နယ်အုပ်ချုပ်ရေးကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်မှုမရှိဘူးလို့ သိရပါတယ်။

ကနဦးဖွဲ့စည်းထားတဲ့စစ်ဦးစီးကော်မတီ(JCS)ထဲမှာ ကရင်နီပြည်တပ် မတော် (KA)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ် မြောက်ရေးတပ်ဦး KNPLF ၊ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ KNSO၊ ကရင်နီအမျိုးသားငြိမ်း ချမ်းရေးနဲ့ ဖွံ့ဖြိုးရေးပါတီ(KNPDP)နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်KNDF နဲ့ ဒေသခံ တော်လှန်ရေးအဖွဲ့အချို့ ပါဝင်ပါတယ်။

စစ်ရေးအချက်အလက်တွေအရ စစ်အာဏာသိမ်းတဲ့ ၂၀၂၁မှာ ဖွဲ့စည်းခဲ့တဲ့ KNDFဟာ တပ်ရင်း ၃၀ ကျော်ရှိပြီး ကရင်နီပြည်နယ်တွင်း အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။

ပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်တွေဖြစ်တဲ့ KNPP/KA ၊ KNPLF (ကလလတ)၊ KNLP ၊KNPDP နဲ့ KNSO တို့ရဲ့ အင်အားဟာ ၅,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်၀န်းကျင်က ဖွဲ့စည်းခဲ့တဲ့ ကယန်းအမျိုးသားတပ်မတော် KNA ရဲ့ အင်အားကလည်း ၈၀၀ ဝန်းကျင်ရှိလာတယ်လို့လည်း ပြည်တွင်း စစ်ရေးလေ့လာသူတွေက ခန့်မှန်းပါတယ်။

ဒါ့အပြင် ကရင်နီဒေသမှာ အမျိုးသားညီညွတ် ရေးအစိုးရ(NUG)ရဲ့ မြို့နယ်အလိုက်တပ်ရင်း ဖွဲ့စည်းထားတာရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ ကာကင်းစခန်း ငါးခုကိုသိမ်းပိုက်ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆၀ကျော်သေဆုံးကာ လက်နက်မျိုးစုံ ၄၀ကျော် ရရှိခဲ့သည်ဟု ကရင်နီပြည်တပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့က ယနေ့(ဧပြီ ၂ ရက်)တွင် ထုတ်ပြန်သည်။