အောက်တိုဘာ-၁၇၊၂၀၂၆။ဒလပန်း/People’s Spring
ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ ပေါင်းတည်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်ကြောင့် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၃ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက် ညနေ ၃ နာရီကျော်အချိန်မှာ ပေါင်းတည်မြို့နယ် ၊ အင်းမမြို့အခြေစိုက် တပ်မ (၆၆)က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပေါင်းတည်မြို့နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ခုတ်ကြီးနေရာကို ပါရာမော်တာနဲ့ ဗုံးသီးကြဲချခဲ့တာလည်းဖြစ်ပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသား ၁ဦီး၊ ၈ နှစ်အရွယ်ကလေးငယ်နဲ့ လသားအရွယ် ကလေးငယ် ၁ဦး စုစုပေါင်း ၃ ဦးသေဆုံးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“ကလေးမိဘတွေက ပဲခင်းထဲ ဆေးဖြန်းနေတာ။ မိဘတွေကိုတော့မထိဘူး။ကလေးတွေထိသွားတာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲ့ဒီကျေးရွာမှာ လက်နက်ကိုင်အဖွဲ့တွေ မရှိသလို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ စစ်တပ်က ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ရက်မှာလည်း ပေါင်းတည်မြို့နယ် ကြာနီကန်ကျေးရွာမှာရောက်ရှိနေတဲ့ စစ်တပ်ဟာ ပေါင်းတည်မြို့ နယ် နဲ့ နတ်တလင်းမြို့အစပ်မှာရှိတဲ့ ပြောင်တောင်အနီးကို ကာမီကာဇဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။
အောက်တိုဘာလ ပထမပတ်ကစပြီး စစ်တပ်ဟာ ပေါင်းတည်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးတာတွေလုပ်နေသလို အရပ်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။



















































