Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ဘတ်ဂျတ်နဲ့ ချဲ့ထွင် အဆင့်မြှင့်ထားတဲ့ ရေတပ်စခန်းကို ကမ္ဘောဒီးယား တရားဝင် ဖွင့်လှစ်

တရုတ်ရဲ့ ငွေကြေး အထောက်အပံ့နဲ့ အဆင့်မြှင့် တည်ဆောက်ထားတဲ့ ရေတပ်စခန်း အသစ်ကို ကမ္ဘောဒီးယားက တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

တရုတ်ရဲ့ ငွေကြေး အထောက်အပံ့နဲ့ အဆင့်မြှင့် တည်ဆောက်ထားတဲ့ ရေတပ်စခန်း အသစ်ကို ကမ္ဘောဒီးယားက တရားဝင် ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အဓိက ရေတပ်စခန်းလို့လည်း သတ်မှတ်နိုင်တဲ့ ရီအမ်ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ဖွင့်ပွဲ အခမ်းအနားကို ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်မာနတ်ကိုယ်တိုင် ကြီးမှူးခဲ့ပါတယ်။ အမေရိကန် အစိုးရကတော့ အဲဒီ ရေတပ်စခန်းဟာ ထိုင်းပင်လယ်ကွေ့ကို တရုတ်က ဩဇာဖြန့်ကျက်ရာမှာ အခြေစိုက် စခန်းအဖြစ် အသုံးချတာကို ခံရဖွယ် ရှိတယ်လို့ ယူဆနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်းမှာရှိတဲ့ ရေတပ်စခန်းကို စတင် တည်ဆောက်ချိန်က အမေရိကန်ရဲ့ ငွေကြေး မတည် ထောက်ပံ့မှုတွေ ပါဝင်ခဲ့ပေမယ့် အခုလို အသစ်ပြန်လည် ချဲ့ထွင် မွမ်းမံမှုမှာတော့ တရုတ်ဘတ်ဂျတ် အကူအညီကို အလုံးအရင်း ရယူထားပါတယ်။

အထူးသဖြင့် ပင်လယ်ဖက်ကို ရှည်ရှည်လျားလျား ထိုးထွက်နေတဲ့ ဆိပ်ခံအသစ်တစ်ခု ပါဝင်လာခြင်းက ပိုကြီးမားတဲ့ သင်္ဘောတွေ ဆိုက်ကပ်နိုင်စေမှာ ဖြစ်ပါတယ်။ ကမ္ဘောဒီးယား ရေတပ်မှာ အဲဒီလို သင်္ဘော အကြီးစားတွေ ရှိမနေတာကြောင့် ဒါဟာ တရုတ် လေယာဉ်တင် သင်္ဘောတွေ ဆိုက်ကပ်ဖို့ ရည်ရွယ် တည်ဆောက်တာ ဖြစ်နိုင်ကြောင်း စွပ်စွဲ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ နောက်ပြီး အဆင့်မြှင့် မွမ်းမံမှုတွေမှာ သင်္ဘောတွေကို ပြင်ဆင်နိုင်မယ့် လွန်းတင် သင်္ဘောကျင်း အသစ်တစ်ခုလည်း ပါဝင်လာပါတယ်။

Public Service Announcement

Public Service Announcement

ရီအမ် ရေတပ်စခန်းကို အဆင့်မြှင့် ပြင်ဆင်မှုဟာ တရုတ်ရဲ့ ငွေကြေး အလုံးအရင်း မတည်မှုနဲ့ အကောင်အထည် ဖော်ခဲ့တာ ဖြစ်တဲ့အတွက်လည်း အမေရိကန်က ပိုပြီး သတိကြီးကြီးနဲ့ လေ့လာ စောင့်ကြည့်ခဲ့ပါတယ်။ အဲဒီလို ငွေကြေး မတည်ပေးခဲ့တာကြောင့်လည်း တရုတ်ရေတပ်ဟာ ရေတပ်စခန်းကို သုံးစွဲခွင့်နဲ့ ပတ်သက်လို့ သီးသန့် အခွင့်ထူးတွေ ရရှိမယ်လို့လည်း အမေရိကန်က ယုံကြည်နေပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ကမ္ဘောဒီးယားတို့ကတော့ အဲဒီကိစ္စကို ငြင်းဆိုထားပါတယ်။

ရေတပ်စခန်း ဖွင့်လှစ်မှု အခမ်းအနားမှာတော့ ဝန်ကြီးချုပ် ဟွန်မာနတ်က တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ နှစ်ပတ်အကြာမှာ ကမ္ဘောဒီးယားကို အလည်အပတ် ခရီးစဉ် လာရောက်မယ်လို့လည်း အတည်ပြုသွားပါတယ်။ သူက ရေတပ်စခန်း ပြင်ဆင်မွမ်းမံ ချဲ့ထွင်မှုမှာ ရှီရဲ့ အစိုးရက အကူအညီ ပေးခဲ့တာတွေ အတွက်လည်း ကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။

ကမ္ဘောဒီးယား အစိုးရက ရီအမ် ရေတပ်စခန်းကို လက်ဝါးကြီးအုပ် မောင်ပိုင်စီးထားတာမျိုး လုပ်မှာ မဟုတ်ဘဲ မိတ်ဆွေနိုင်ငံ အားလုံးရဲ့ စစ်သင်္ဘောတွေကို ဆိုက်ကပ်ရပ်နားခွင့် ပြုသွားမယ်လို့လည်း ဟွမ်မာနတ်က ဆိုပါတယ်။ တစ်ဖက်မှာတော့ တရုတ်ဟာ ဒေသတွင်းမှာ ကမ္ဘောဒီးယားရဲ့ အရင်းနှီးဆုံး၊ ဩဇာ အလွှမ်းမိုးနိုင်ဆုံး စူပါပါဝါ မဟာမိတ်အဖြစ် ရပ်တည်နေပါတယ်။

ဂျပန် ပြည်စောင့်တပ်ရဲ့ ရေတပ်ကလည်း ကမ္ဘောဒီးယားဟာ အဲဒီ ရေတပ်စခန်းမှာ ဂျပန်သင်္ဘောတွေ ဆိုက်ကပ်ရပ်နားဖို့ ဖိတ်ကြားခဲ့တယ်လို့ အတည်ပြုပေမယ့် အသေးစိတ်ကိုတော့ မထုတ်ပြန်ပါဘူး။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလတုန်းက အမေရိကန် တိုက်ရေယာဉ် USS Savannahနဲ့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ တော်ဝင် ကနေဒါ ရေတပ်ရဲ့ ဖရီးဂိတ် စစ်သင်္ဘော HMCS Ottawaတို့ဟာ အဲဒီ ရေတပ်စခန်းမှာ ကမ်းကပ်ခဲ့ကြဖူးပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။