Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ၏စစ်သားစုဆောင်းမှု လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု မြောက်ကြောင်းNUG ထုတ်ပြန်

စစ်ကောင်စီကဖမ်းဆီးပြီးစစ်သားစုဆောင်းခြင်းခံရသူလူငယ်များတွင် ကလေးသူငယ်များအပြင်စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပါဝင်နေပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု မြောက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဓမ္မစစ်သားသစ်စု​ဆောင်းခံရ​သောလူငယ်များ။ ဓါတ်ပုံ-စစ်​ကောင်စီ

“အသက် ၁၈ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ လူငယ်မျိုးဆက်တွေ အားလုံးကို ဆိုးရွားတဲ့ စစ်မြေပြင်က လူသတ်ကွင်းတွေဆီကို ဗျူဟာတစ်ရပ်အနေနဲ့ ပို့ပြီးတော့ အစုလိုက်အပြုံလိုက် ထိခိုက်ပျက်စီးစေတာ၊ သေကြေစေတာဖြစ်တဲ့အတွက် ဆိုးရွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေပြီလို့ ပြောလိုပါတယ်”

—ဦး​အောင်မျိုးမင်း

ဧပြီ-၂၉၊၂၀၂၅။ဇော်ရမ်း၊အိယိုရီ/People’s Spring

စစ်ကောင်စီကဖမ်းဆီးပြီးစစ်သားစုဆောင်းခြင်းခံရသူလူငယ်များတွင် ကလေးသူငယ်များအပြင်စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပါဝင်နေပြီး လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှု မြောက်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဓမ္မစစ်မှုထမ်းစေခြင်း -မြန်မာနိုင်ငံရှိ အတင်းအကြပ်စစ်မှုထမ်းစေခြင်း၏ လက်တွေ့အခြေအနေများအစီရင်ခံစာကိုNUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကဧပြီလ၂၈ရက်တွင်ထုတ်ပြန်သည်။

အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရသည့် လူငယ်များ၏ ထွက်ဆိုချက်များအရ ၎င်းတို့သည် နေအိမ်များ၊ လုပ်ငန်းခွင်များနှင့် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက စီမံချက်ချဖမ်းဆီးမှုများရင်ဆိုင်ခဲ့ရကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စုဆောင်းခံရသည့် လူငယ်များထဲတွင် အသက်မပြည့်သေးသည့် ကလေးသူငယ်များ နှင့် စစ်မှုထမ်းရန် မသင့်လျာ်သော ရုပ်ပိုင်း၊ စိတ်ပိုင်းမသန်စွမ်းသူများပင် ပါဝင်ကြောင်းစစ်မှုထမ်းရန်အကြုံးဝင်သည့် လူငယ်များ၏ အမည်စာရင်းကို ကောက်ယူပြီး မိသားစုဝင်များထံ ငွေညှစ်တောင်းခံသည့် ဖြစ်ရပ်များလည်း ရှိသည်ဟု​ဖော်ပြထားသည်။

အတင်းအကြပ် စစ်မှုထမ်းစေခိုင်းနေခြင်းများသည် အဓမ္မလုပ်အား ခိုင်းစေခြင်း နှင့် လူကုန်ကူးမှုမြောက်ပြီး ထို့ပြင် အသက် (၁၈) နှစ်မှ (၃၅)နှစ်အတွင်းရှိ လူငယ်များကို စစ်ရေးဗျူဟာတရပ်အနေဖြင့် ကျင့်သုံး၍ စစ်မှုထမ်းစေခိုင်းနေခြင်းသည် လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against humanity) မြောက်ကြောင်း သုံးသပ်နိုင်သည်ဟုပါရှိသည်။

“လူတွေ သိပ်ပြီးအာရုံမစိုက်မိတဲ့ကိစ္စတစ်ခုကတော့ လူငယ်တွေ စစ်မှုထမ်းဖို့အတွက် ဆက်လက်ဆင့်ခေါ်နေတုန်းပဲ။ မတရားဖမ်းဆီးနေတုန်းပဲ။ အဲဒီတော့ ဒီကိစ္စက ဆက်လက်ဆိုးရွားနေတဲ့ အရာဖြစ်တယ်။ ဒီနေရာမျိုးမှာ သာမာန်စစ်မှုထမ်းတဲ့ ကိစ္စတင်မကဘဲနဲ့ အခုလိုမျိုး ပိုမိုပြီး အန္တရာယ်ကျရောက်နိုင်တဲ့ စစ်မြေပြင်ကို ပို့ပြီး စေခိုင်းတာတွေ တွေ့တဲ့အတွက် ထွက်ပြေးလွတ်မြောက်လာသူတွေလည်း အများကြီးပါ။ ဒါတွေကို ကြည့်မယ်ဆိုရင် သာမာန်လူ့အခွင့်အရေးထက် နိုင်ငံတကာရာဇဝတ်မှုဖြစ်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ ရောက်ပြီလို့ ပြောလို့ရတယ်။ အသက် ၁၈ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ လူငယ်မျိုးဆက်တွေ အားလုံးကို ဆိုးရွားတဲ့ စစ်မြေပြင်က လူသတ်ကွင်းတွေဆီကို ဗျူဟာတစ်ရပ်အနေနဲ့ ပို့ပြီးတော့ အစုလိုက်အပြုံလိုက် ထိခိုက်ပျက်စီးစေတာ၊ သေကြေစေတာဖြစ်တဲ့အတွက် ဆိုးရွားတဲ့ နိုင်ငံတကာ ရာဇဝတ်မှုအဆင့်ကို ရောက်ရှိနေပြီလို့ ပြောလိုပါတယ်”ဟုNUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက​ပြောသည်။

အဓမ္မစစ်သားသစ်စု​ဆောင်းခံရ​သောလူငယ်များ။ ဓါတ်ပုံ-စစ်​ကောင်စီ

စစ်အုပ်စုသည် တနေ့တခြား စစ်သည်အင်အား လျော့နည်းလာမှုနှင့်ဘက်ပြောင်းလက်နက်ချမှုများ အဆမတန် များပြားလာမှုများကို အစားထိုး ဖြေရှင်းနိုင်ရန်အမည်ခံ“ပြည်သူ့စစ်မှုထမ်းဥပဒေ” ကိုဗျူဟာတရပ်အနေဖြင့် ချမှတ်ကျင့်သုံးနေသည်ဟုလည်းအသိ​ပေးထားသည်။

ကုလသမဂ္ဂ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်စစ်အုပ်စု၏ လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်နိုင်ရန်အတွက် ထိရောက်သော စီးပွားရေးပိတ်ဆို့မှုနှင့်လေယာဉ်ဆီ အပါအဝင် လက်နက်များ တင်ပို့ ရောင်းချမှုအား ပိတ်ပင်ခြင်းကို ချက်ချင်းလုပ်ဆောင်ရန်လည်း တိုက်တွန်းထားသည်။

အိမ်နီးနားချင်းနိုင်ငံများအနေဖြင့် အဓမ္မစစ်သား စုဆောင်းမှုကြောင့် ထွက်ပြေး တိမ်းရှောင်လာသောလူငယ်များကို လူသားချင်းစာနာသော မူဝါဒအား အခြေခံ၍ စောင့်ရှောက်မှုများ လုပ်ဆောင်ပေးပါရန်တိုက်တွန်းထားသည်။

စစ်ကောင်စီသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၂၄ ခုနှစ်ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် အတည်ပြုခဲ့ပြီး လူငယ်များကို အတင်းအကြပ်ဖမ်းဆီးခဲ့သည်။ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်သင်တန်းစစ်များကို အများဆုံးအသုံးပြုနေသည်။စစ်သင်တန်းဆင်းများသည် တိုက်ပွဲအတွင်း သေဆုံးမှုများနေပြီးတော်လှန်ရေးတပ်ဖွဲ့များ၏ဖမ်းဆီးခြင်း ခံနေရသည်။

အစီရင်ခံစာထဲတွင် လက်ရှိ စစ်သားသစ်အဓမ္မစု​ဆောင်းခံရပြီးပြန်လွတ်လာသူများကိုတွေ့ဆုံမေးမြန်းထားသည်များလည်းပါဝင်​ကြောင်း ဦး​အောင်မျိုးမင်းက​ပြောသည်။

စစ်သားသစ်စု​ဆောင်းခံရပြီး ​ရှေ့တန်းအ​ရောက်တွင် KNDF ထံအလင်း​ဝင်ခဲ့​သောလူငယ်အချို့။ ဓါတ်ပုံ- KNDF

စစ်သားစုဆောင်းခံရသူလူငယ်များအနေဖြင့်စစ်သင်တန်းတက်နေစဉ်ကာလတွင်ဖြစ်စေ၊သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထားတွင်ဖြစ်စေ အခြေအနေပေးသည်နှင့်ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများဖြစ်သည့် PDF၊ ပကဖ၊ ပအဖ၊ ပလဖ နှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများထံ ဘက်ပြောင်းခိုလှုံကြရန်နှင့်ပြည်သူ့ရင်ခွင်ကဲ့သို့အဖွဲ့အစည်းများထံချိတ်ဆက်ထားရန် NUGက အသိ​ပေးခဲ့သည်။

“အကြမ်းဖက်စစ်တပ်က ဆက်လက်ပြီး မတရားတဲ့ နည်းလမ်းအားလုံး သုံးပြီး စစ်မှုထမ်းခိုင်းဦးမှာ သေချာပါတယ်။ အကြမ်းဖက်စစ်တပ် ရှိနေသမျှ ကာလပတ်လုံး အခုလိုမျိုး မတရားတဲ့ အမိန့်တွေနဲ့ ပြည်သူလူထုအားလုံး ဘက်ပေါင်းစုံက ဒုက္ခရောက်နေမှာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် အကြမ်းဖက်စစ်တပ် အာဏာကနေ ဖယ်ရှားနိုင်ဖို့အတွက် ရတဲ့နည်းနဲ့၊ ဖြစ်တဲ့နည်းနဲ့ ရောက်တဲ့နေရာကနေ အတတ်နိုင်ဆုံး တွန်းလှန်ဖယ်ရှားပေးဖို့အတွက် ပါဝင်ကြပါ။ အားပေးကြပါ။ ကူညီကြပါလို့ တိုက်တွန်းလိုပါတယ်”ဟုဦး​အောင်မျိုးမင်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

ပြည်နယ်/ယူနစ် အားကောင်းရေးမှ ပြည်ထောင်စု အားကောင်းရေး (Bottom-Up Federalism) အခြေခံမူဖြင့် ပြည်နယ်/ယူနစ် ဥပဒေအစီအမံများ စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်ဒေသတို့တွင် ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းမှစ၍ အသီးသီးပေါ်ပေါက်လာကြသည်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။