ဒေါ်လာဈေးကို စစ်ကောင်စီဗဟိုသတ်မှတ်သည့်နှုန်းထက်
၀ ဒသမ ၅ ရာခိုင်နှုန်းအတွင်းသာအတိုးအလျှော့ပြုလုပ်၍ရောင်းရမည်ဟု အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က နိုဝင်ဘာ ၉ ရက်တွင်ထုတ်ပြန်သည်။
အကြမ်းဖက်စစ်အုပ်စု၏ ဗဟိုဘဏ်က ဒေါ်လာဈေးကို လွတ်လပ်စွာရောင်းဝယ်ခွင့်ပြုကြောင်း စက်တင်ဘာ ၁၀ ရက် ထုတ်ပြန်ခဲ့သော်လည်း နှစ်လအကြာတွင် ယခုကဲ့သို့ပြန်လည် ကန့်သတ်လိုက်ခြင်းဖြစ်သည်။ ထိုကန့်သတ်ချက်သည်ယနေ့( နိုဝင်ဘာ ၁၀ ရက်)တွင် စတင်အကျုံးဝင်မည်ဟုဆိုပြီး ကန့်သတ်ချက်ကို ကျော်လွန်ပါက နိုင်ငံခြားသုံးငွေစီမံခန့်မူဥပဒေ၊ နိုင်ငံခြားသုံးငွေစီမံမူစည်းမျဉ်းများဖြင့်အရေးယူမည်ဟု ထုတ်ပြန်ချက်တွင်ပါဝင်သည်။
ထိုကန့်သတ်ချက်ကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ခွင့်ရထားသည့် လိုင်စင်ရဘဏ်များ၊ ငွေလဲ ကောင်တာများတို့ကလိုက်နာရမည်ဖြစ်သည်။ ထိုပြင် ယခုသတ်မှတ်ချက်ကို ကုမ္ပဏီအချင်းချင်းရောင်းချရာတွင်လည်း လိုက်နာရမည်ဟုသတ်မှတ်ချက်အသစ်ကိုပါ စစ်ကောင်စီဗဟိုဘဏ်က ထည့်သွင်းထားသည်။
“ဒါက ကုမ္ပဏီတွေရောင်းတာကိုပါ ကန့်သတ်နေတာဆိုတော့ ဈေးကွက်ကို အတင်းအကျပ်ကို ထိန်းချုပ်နေတာ”ဟု ရန်ကုန်အခြေစိုက်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးပြောသည်။

Public Service Announcement
ယခုကာလသည် ပို့ကုန်ဝင်ငွေများပြန်လည်ဝင်ရောက်လာချိန်ဖြစ်၍ ဘဏ်များကို ရောင်းချရာတွင် ဒေါ်လာဈေးနှိမ်ရန်အတွက်ဖြစ်သည်ဟု ပို့ကုန်လုပ်ငန်းရှင်တစ်ဦးကသုံးသပ်သည်။
နိုဝင်ဘာ ၉ ရက်တွင် ပြင်ပပေါက်ဈေးတွင် တစ်ဒေါ်လာလျှင် ငွေလဲကောင်တာ အရောင်းဈေး ၁၉၄၅ကျပ်သတ်မှတ်ထားပြီး အဝယ်ဈေးကို ၁၉၂၅ကျပ် ဈေးဖွင့်ထားသည်။ သို့သော်လည်း စစ်ကောင်စီ၏ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ၁၇၅၅ကျပ်သာဈေးဖွင့်သည်။ ပြင်ပေါက်ဈေးထက် တစ်ဒေါ်လာကို ကျပ် ၂၀၀ခန့် ဈေးခွာထားခြင်းဖြစ်သည်။
စစ်ကောင်စီက နိုင်ငံတော်အာဏာကို လုယူပြီးနောက် ဧပြီလ ၄ ရက်တွင် ဒေါ်လာရောင်းဝယ်မူကို ဗဟိုဘဏ်သတ်မှတ်နှုန်းထက် ၁ ဒသမ ၆ ရာခိုင်နှုန်းသာ ခွာ၍ ရောင်းချရမည်ဟု စတင်ကန့်သတ်ခဲ့သည်။ ထိုနောက် မေလ ၁၂ရက်တွင် ၁ ရာခိုင်နှုန်းဟု ပြောင်းလဲသတ်မှတ်ခဲ့သည်။ ထိုနောက် ၀ ဒသမ ၈ရာခိုင်နှုန်းအထိလျော့ချခဲ့သည်။ ထိုသို့သတ်မှတ်ခြင်းကြောင့် ဈေးကွက်တွင် ၁၀နှစ်ကြာပျောက်ကွယ်သွားသည့် ဒေါ်လာမှောင်ခိုဈေး ပြန်လည်ပေါ်ပေါက်လာခဲ့သည်။ စစ်ကောင်စီသတ်မှတ်သကဲ့သို့ ၅ရာခိုင်နှုန်းသာဈေးတင်ရောင်းရမည်ဆိုပါက နိုဝင်ဘာ ၁၀ ရက်တွင် ၁၈၄၂ ကျပ်ဖြင့်သာ ဘဏ်နှင့် ငွေလဲကောင်တာများကအရောင်းအဝယ်ပြုလုပ်ရမည်ဖြစ်သည်။
စက်တင်ဘာ ၁၀ ရက်တွင် ကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့သည်ဟုဆိုပြန်။ စက်တင်ဘာလကုန်ပိုင်းတွင် တစ်ဒေါ်လာကို ကျပ် ၂၈၀၀အထိ စံချိန်တင်မြင့်တက်ခဲ့သည်။


















































