စစ်ကိုင်းတိုင်း ကနီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ကရဟတ်ယာဥ်ဖြင့်ပြည်သူများကိုပါလိုက်လံပစ်ခတ်ခြင်း ၊ သံဃာအပါအဝင်ပြည်သူအချို့ကို လူသားဒိုင်းပြုလုပ်နေ၍ ပြည်သူထောင်ချီထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများကပြောသည်။
စစ်ရဟတ်ယာဉ်နှစ်စီး ပျံသန်းခြင်းများရှိခဲပြီး ၊ချင်းတွင်းမြစ်ကမ်းတစ်လျှောက်မှကျေးရွာများမှ ထွက်ပြေးနေသူများကို ရဟတ်ယာဥ်ပေါ်မှစက်သေနတ်ဖြင့်ပစ်ခတ်၍ ကျေးရွာ လေးရွာမှ ဒေသခံပြည်သူ (၁၀၀၀) ကျော်ထွက်ပြေးတိမ်းရှောင်နေရကာ ဦးဇင်းတစ်ပါး နှင့် ပြည်သူ(၂) ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းကာ ပြန်လွှတ်ပေးခဲ့ကြောင်း၊ အခြားဖမ်းဆီးခံရသော ပြည်သူများ ရှိ(မရှိ) ဆက်လက် စုံစမ်းဆဲဖြစ်ကြောင်း ကနီ PDFက ယနေ့ထုတ်ပြန်သည်။
ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ကနီမြို့ နယ်တွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီတပ်၊ ပျူစောထီး နှင့် ဒလန်များပါဝင်သောအဖွဲ့ တို့သည် နိုဝင်ဘာလ ၁၀ ရက် နံနက်ပိုင်းနှင့် နေ့လယ်ပိုင်းက ကနီမြို့အထွက်တဇယ်ချောင်အုပ်စုအတွင်း ကနီ-ချောင်းမ လမ်းပိုင်း အနီး တဝိုက်တွင် အပြန်အလှန် ပစ်ခက်မှုများ ဖြစ်ပွားခဲ့သည်။ညနေ ၃ နာရီခန့်တွင်က အကြမ်းဖက် စစ်ကောင်စီ၏စစ်ရဟတ်ယာဉ် တစ်စီးရောက်ရှိလာပြီး ကနီမြို့နယ် ရှမ်းမြောင်းရွာ၊တဇယ်ချောင်ရွာ ၊ မင်းကုန်းရွာ ၊ ညောင်ပင်ဝန်းရွာ ကို ဝေဟင်မှ လက်နက်ကြီးများဖြင့် တရစပ် ပစ်ခတ်ခဲ့ရာ ကနဦးစုံစမ်းသိရှိရသမျှ ပြည်သူ(၃)ဦး ဒဏ်ရာရရှိခဲ့ပြီး အများပြည်သူများ၏ အခြားသော ပျက်စီးဆုံးရှုံးမှုစာရင်းကိုအတိအကျ သိရှိနိုင်ရန် အချက်အလက်မှတ်တမ်းများ ကောက်ယူနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ကနီမြို့နယ်) People’s Defense Force (Kani)က သတင်းထုတ်ပြန်သည်။
ကနီမြို့နယ်ရှိ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီက စစ်ရဟတ်ယာဥ်ဖြင့် ယမန်နေ့ညနေတွင် လာရောက်ပစ်ခတ်သောကြောင့် အရပ်သား ၁၆ဦးသေနတ်ကျည်ထိမှန်ထားကြောင်း ဒေသခံများက People’s Spring သို့ပြောသည်။

Public Service Announcement
“ချင်းတွင်းမြစ်ပေါ်ကနေ ဝဲပြီး စက်သေနတ်တွေနဲ့ ပျက်သွားတာ။အချက်ပေါင်းမနည်းဘူး။ ရွာသား၁၆ယောက် ထိသွားတယ်။ လွတ်မယ်ထင်ပြီးပြေးတာ။ ကောက်ရိုးပုံနားမှာ ပုန်း နေတဲ့သူတွေလည်းထိကုန်တာ”ဟု ဒေသခံတစ်ဦးကPeople’s Spring သို့ပြောသည်။
“စစ်ဖြစ်တဲ့နေရာနဲ့ဝေးတဲ့နေရာကိုတော့သွားနေတာ၊အဲလိုသွားနေတုန်းအပစ်ခံရတာ” ဟုဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲကြောင့် ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး(၂)ဦးမှာ စိုးရိမ်ရဒဏ်ရာများရထားကြောင်း၊အကြမ်းဖက်စစ်ကောင်စီ၏ ဘက်မှ (၅)ဦး ဒဏ်ရာရရှိခဲ့ကြောင်းကနီ PDFကအသိပေးသည်။
ကနီနယ်အတွင်း စစ်ကောင်စီဘက်မှ ဝင်မနားတိုက်ပွဲအပြီး ဒုတိယအကြိမ်အဖြစ် လေကြောင်းပစ်ကူသုံးခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် စစ်ကောင်စီတပ်သည် တဇယ်ချောင်ရွာတွင် တပ်စခန်းချထားကြောင်း ဒေသတွင်းသင်္ဂတုံချောင်းရိုးသတင်းစဉ်က ဖော်ပြသည်။


















































