Connect with us

Hi, what are you looking for?

သတင်း

ဖားကန့် နေရာအချို့၌ တိုက်ပွဲဖြစ်နေဟုဒေသခံများပြော

ဖားကန့်မြို့နယ်အတွင်းနေရာ​လေးခု၌ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြရန် ဒေသခံများကအချင်းချင်းသတိပေးနေကြသည်။

ဖားကန့်​ဒေသသို့​ရောက်ရှိ​နေ​သော စစ်တပ်နှင့် ပြည်သူ့စစ်များကို ​မေလကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ

ဇွန်-၉၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်မြို့နယ်အတွင်းနေရာ​လေးခု၌ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီနှင့် KIA၊ KPDF ပူးပေါင်းတပ်တိုက်ပွဲဖြစ်နေပြီး နေအိမ်ပြင်ပမထွက်ကြရန် ဒေသခံများကအချင်းချင်းသတိပေးနေကြသည်။

လုံးခင်းကျေးရွာအုပ်စုမှ နေရာအချို့၊ မဇွန်ယာန်နှင့် ဆန်ခါကျေးရွာ၊ ကုဠေမှော်လုပ်ကွက်နေရာများတွင် နံနက် ၈နာရီခန့်မှစ၍ သေနတ်ပစ်ခတ်သံများထွက်ပေါ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်​​ကြောင်းဒေသခံအချို့ကပြောသည်။

“၈နာရီခန့်မှာ စဖြစ်ပြီး ခဏရပ်တယ်။ နောက်ပြီး ဆက်ပစ်ကြတယ်။ မနက် ၁ဝနာရီခွဲလောက်ကအဆိုးဆုံးဖြစ်တယ်။ လက်နက်ကြီးလက်နက်ငယ်သံတွေကိုဆက်တိုက်ကြားရတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဖားကန့်ကိုမေလ ၂၉ရက်မှစ၍စစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးနောက် ဒေသခံအချို့ တိမ်းရှောင်သွားကြပြီး အများစုသည် ဖားကန့်တွင်နေထိုင်နေဆဲဖြစ်သည်။

“သတိအနေအထားအမြဲရှိနေဖို့ပဲအချင်းချင်းသတိပေးနေကြရတယ်။ ချိန်ကိုက်ဗုံးတစ်လုံးလိုပဲ။ ဘယ်အချိန်ဘာထဖြစ်မယ်ဆိုတာမသိဘူး” ဟုလုံးခင်းဒေသခံတစ်ဦးကပြောသည်။

မဇွပ်ယာန်ကျေးရွာ၌ ဇွန်လ ၅ရက်မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်နေခဲ့ရာမှ ဇွန် ၉ ရက်တွင်တိုက်ပွဲပြန်ဖြစ်ခြင်းဟု သိရသည်။ထိုအပြင် ယနေ့မနက်ပိုင်းတွင် မော်စီဆာကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးပစ်ခတ်ခံရကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်အတည်ပြု၍မရသေးပေ။

ကာမိုင်း-လုံးခင်း -ဖားကန့်လမ်းအတိုင်းဧပြီလ ၂၃ရက်က ဝင်လာသည့်စစ်ကောင်စီစစ်ကြောင်းသည် ‌မေလ ၂၇ရက်၌ လုံးခင်းယမ်းချက်စက်ရုံသို့ ရောက်ရှိလာပြီးနောက်မေလ ၂၈ရက်မှစ၍ လုံးခင်းပတ်ဝန်းကျင်တွင် စစ်ကြောင်းထိုးစဉ် တိုက်ပွဲဖြစ်ခဲ့သည်။ မေလ ၂၉ရက် နေ့လယ်ပိုင်းတွင် ဖားကန့်သို့ရောက်ရှိလာကာ ဖားကန့်ကျောက်စိမ်းမှော်ဝန်းကျင်တွင် စစ်ကြောင်းထိုးရန်ကြိုးစားခဲ့သည်။ KIA တပ်စွဲထားသည့်နေရာများကိုလည်း ဖယ်ရှားရန် ဖိအားပေးပြီး ကျောက်စိမ်းလုပ်ကွက်အချို့ကိုလည်းမီးရှို့ဖျက်ဆီးခဲ့သည်။

ဇွန်လ ၃ရက်ကဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာရှိတင်အောင်ကြိုင်လုပ်ကွက်အမည်ရ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ရှိ ယမ်းဂို​ဒေါင်အား စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်ခတ်ရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ပြီး လူသုံးဦး သေဆုံး၊ ဆယ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့သည်။

ထို့အပြင်ဇွန်လ ၆ရက်ညကလည်းလုံးခင်းဒေသ ခွန်ဆာကုန်းအနီးရှိ ယမ်းနှင့် ဓါတ်​​​​မြေသြဇာဂို​ဒေါင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့ရာ မြေပြင်၌ယမ်းသိုလှောင်ထားသည့်နေရာပြင်းထန်သည့်ပေါက်ကွဲမှုဖြစ်ခဲ့ပြီး ကလေးသုံးဦးအပါအဝင် ​ဒေသခံ ၉ဦး သေဆုံးခဲ့သည်။

ဇွန် ၉ ရက်မနက်အစောပိုင်းတွင်လည်းဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသနမ့်မှော်အုပ်စု မှောလကင်းရွာတွင်ယမ်းအိတ်များတင်ထားသည့်ကားသုံးစီးကို စစ်ကောင်စီက ဒရုန်းဗုံးကြဲ၍ မီးလောင်ပျက်စီးခဲ့သည်။

လက်ရှိဒေသတွင်းစစ်ရေးအခြေအနေအရအရပ်သားပြည်သူများအနေဖြင့် ည ၉နာရီမှ မနက် ၄နာရီအတွင်း ပြင်ပသို့မထွက်ရန် KIA၊PDF ပူးပေါင်းတပ်က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။