ဇူလိုင်-၄၊၂၀၂၅။အိမ်သွင်/People’s Spring
အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားသောအမ်းမြို့ နှင့် ကမ်းထောင့်ကြီးမြို့ကို ဇူလိုင်လ-၄ ရက်နံနက်ပိုင်း၌စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။
အမ်းမြို့၊ပျဉ်းတောရပ်ကွက်စာသင်ကျောင်းကို ယနေ့ နံနက် ၁၁နာရီ ၄၅မိနစ်၌ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ပြီး မိနစ်အနည်းငယ်အကြာတွင် ကမ်းထောင့်ကြီးမြို့တစ်နေရာကိုပါဗုံးကြဲသွားကြောင်းရခိုင်သတင်းရင်းမြစ်ကပြောသည်။
အမ်းမြို့အားဗုံးကြဲတိုက်ခိုက်မှုတွင်အဆောက်အအုံငါးလုံးထက်မနည်းပျက်စီးခဲ့ပြီးလူထိခိုက်မှုလည်း ရှိကြောင်းကနဦးသတင်းရရှိသည်။

Public Service Announcement
ကမ်းထောင့်ကြီးမြို့အားဗုံးကြဲမှုတွင် ထိခိုက်မှုအခြေအနေကိုမူမသိရသေးပေ။ကမ်းထောင့်ကြီးမြို့သည် မြေပုံမြို့နယ်တွင်ပါဝင်သည်။
အမ်းမြို့သည် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)အခြေစိုက်သည့်မြို့ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ၂၀ ရက်တွင်AA က နပခအား သိမ်းယူသည့်တိုက်ပွဲ၌ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကို AAက အရှင်ဖမ်းဆီးခဲ့သည်။
စစ်ကောင်စီတပ်သည် ဇွန်လ ၁၉ ရက်ညကလည်း မင်းပြားနှင့် ပေါက်တောမြို့နယ်ကို လေကြောင်းမှ ဗုံးကြဲခဲ့သည်။
စစ်ကောင်စီသည်ရခိုင်ပြည်နယ်အတွင်းAAထိန်းချုပ်ထားသည့်မြို့နယ်များကို ပြီးခဲ့သည့် မေလမှစတင်၍ လေကြောင်းတိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေသည်။
ကျောက်တော်မြို့ကိုမေလ ၁၃ရက်၊ ၁၄ရက်နှင့် ၁၅ ရက်က ၃ရက်ဆက် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား၂၁ ဦးသေဆုံးခဲ့သည်။ ထို့အပြင် AA ထိန်းချုပ်ထားသည့် သံတွဲမြို့ကိုလည်းဇွန်လ ၇ရက် ညပိုင်းက စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲရာ စစ်ဘေးရှောင်လေးဦး သေဆုံးခဲ့သည်။
အာရက္ခတ်တော်(AA) က ရခိုင်ပြည်နယ်ရှိ ၁၇ မြို့နယ်အနက် စစ်တွေ ၊ကျောက်ဖြူ ၊ မာန်အောင် မြို့နယ်မှ အပ ကျန်မြို့နယ်အားလုံးကို သိမ်းပိုက်ထိန်းချုပ်ထားသည်။




















































