Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ကို စူပါမန်းနဲ့ နှိုင်းယှဉ်လိုက်တဲ့ အိမ်ဖြူတော်

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လက်ရှိ ရုံတင်ပြသနေတဲ့ စူပါဟီးရိုး ရုပ်ရှင် Supermanထဲက အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စူပါမန်းနဲ့ အိမ်ဖြူတော်က ခိုင်းနှိုင်းထားခဲ့ပါတယ်။

The White House

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို လက်ရှိ ရုံတင်ပြသနေတဲ့ စူပါဟီးရိုး ရုပ်ရှင် Supermanထဲက အဓိက ဇာတ်ဆောင်ဖြစ်တဲ့ စူပါမန်းနဲ့ အိမ်ဖြူတော်က ခိုင်းနှိုင်းထားခဲ့ပါတယ်။

DC Comicsရဲ့ ကမ္ဘာကျော် စူပါဟီးရိုး ဇာတ်ကောင်ဖြစ်တဲ့ Supermanကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတဲ့ ပိုစတာမှာ မင်းသား ဒေးဗစ် ကိုရန်စ်ဝတ်ရဲ့ မျက်နှာအစား ထရမ့်ရဲ့ ပုံနဲ့ အစားထိုး ပြင်ဆင်ပြီး အိမ်ဖြူတော်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။

စူပါမန်း ဇာတ်ကောင်ဟာ စူပါဟီးရိုး ပရိသတ်တွေကြားမှာတော့ မျှော်လင့်ချက်ရဲ့ သင်္ကေတလို့ လက်ခံထားကြလေ့ရှိပြီး ပိုစတာထဲမှာတော့ အမှန်တရား၊ တရားမျှတမှုနဲ့ အမေရိကန်လမ်းစဉ်ဆိုတဲ့ စာသားတွေကို ဆောင်ပုဒ်လိုမျိုး ရေးထိုးထားပါတယ်။ အဲဒီအချက်တွေကို ရည်ညွှန်းပြီး အိမ်ဖြူတော်ရဲ့ Facebook pageက ထရမ့်ကို ချီးကျူး ဂုဏ်တင်ထားတာ ဖြစ်ပါတယ်။

ပုံနဲ့အတူ ရေးထားတဲ့ စာသားထဲမှာတော့ ‘မျှော်လင့်ချက်ရဲ့ သင်္ကေတ – အမှန်တရား၊ တရားမျှတမှု၊ အမေရိကန် လမ်းစဉ် – စူပါမန်း ထရမ့်’လို့ ဖော်ပြထားပြီး အမေရိကန် အလံငယ်လေး တစ်ခုပုံ အီမိုဂျီကိုပါ ထည့်သွင်းထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ အမာခံ လော်ဘီတွေကတော့ အဲဒီပို့စ်အောက်မှာ သူ့ကို ချီးကျူးရေးသားနေကြသလို တချို့ကလည်း ဟာသဆန်ဆန် အငေါ်တူးတဲ့ မှတ်ချက်တွေ ရေးသားခဲ့ပါတယ်။

တစ်ဦးက တကယ်သာ အပြင်လောကမှာ စူပါမန်း ရှိနေရင် ထရမ့်ရဲ့ နယ်နှင်မှုကို ခံရပြီးလောက်ပြီလို့ ဆိုပါတယ်။ အဲဒါကတော့ အမေရိကန်ကို တရားမဝင် ရွှေ့ပြောင်း အခြေချသူတွေကို သည်းသည်းမည်းမည်း နယ်နှင်နေတဲ့ ထရမ့်ရဲ့ မူဝါဒကို ဆိုလိုတာပါ။ စူပါမန်းဟာ ခရစ်ပ်တန်ဆိုတဲ့ ဂြိုဟ်ကနေ အမေရိကန်ကို ကလေးဘဝမှာ ရောက်လာတဲ့ ဂြိုဟ်သားတစ်ဦး ဖြစ်ပါတယ်။

တစ်ဦးကတော့ ထရမ့်လုပ်နေတာတွေဟာ စိတ်ကူးယဉ် ဇာတ်ကောင်တွေထက်တောင် ထူးဆန်းနေပြီးသားလို့ မှတ်ချက်ပြုထားပါတယ်။ နောက်တစ်ယောက်က ဒါဆိုရင် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကရော စူပါမန်းရဲ့ ကမ္ဘာ့ရန် လက်စ်လူသာလားလို့ မေးခွန်းထုတ်ထားပါတယ်။

နောက်တစ်ယောက်ကတော့ ထရမ့်သာ စူပါမန်းဆိုရင် မူကွဲဗားရှင်းမျိုး ဖြစ်လိမ့်မယ်ဆိုပြီး Homelanderရဲ့ ပုံကို တင်ထားခဲ့ပါတယ်။ Homelander ဆိုတာက Amazon Primeက ထုတ်လွှင့် ပြသနေပြီး အရမ်းအောင်မြင်နေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Boysထဲက ဇာတ်ကောင်ပါ။ Homelanderဟာ စူပါမန်းကို တုပသရော် ဖန်တီးထားပြီး အင်မတန် ဆိုးယုတ်တဲ့၊ ကောက်ကျစ်တဲ့၊ အစွမ်းအစတွေကို အလွဲသုံးစားလုပ်တဲ့ အကြီးစား ဗီလိန်လို့လည်း ဆိုနိုင်ပါတယ်။

ဒါရိုက်တာ ဂျိမ်းစ်ဂန်း ရိုက်ကူးတဲ့ Superman ဇာတ်ကားကို အမေရိကန်မှာတော့ ဇူလိုင် ၁၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

ကိုးကား: White House

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့် ပိုင်ဆိုင်တဲ့ ဂေါက်ကွင်းနားမှာ လက်နက်ကိုင်ပြီး မသင်္ကာစရာ လှုပ်ရှားနေသူ တစ်ဦးကို ဖမ်းဆီးထားကြောင်း အမေရိကန် အာဏာပိုင်တွေက အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...