Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တွင်တိုက်ပွဲပြင်းထန်​နေ

စစ်ကောင်စီတိုက်​လေယာဥ်က စစ်သား​များကို မှားယွင်းဗုံးကြဲမိပြီးစက်သေနတ်ဖြင့်ပါပစ်ခတ်ဟု​ဒေသခံများ​ပြော

ဇူလိုင်-၁၅၊၂၀၂၅။ဇော်ရမ်း/People’s Spring

ဖားကန့်တွင် KIA၊KPDF ပူးပေါင်းတပ်နှင့် စစ်ကောင်စီစစ်ကြောင်းယနေ့ နံနက်ပိုင်း အနီးကပ်တိုက်ပွဲဖြစ်နေစဉ် စစ်ကောင်စီတပ် တိုက်​လေယာဥ်ကစစ်သားများရှိနေသည့် နေရာကို မှားယွင်းဗုံးကြဲမိပြီး စက်သေနတ်ဖြင့်ပါ ပစ်ခတ်သွားကြောင်း မြေပြင်စစ်‌ရေးသတင်းရင်းမြစ်များကပြောသည်။

မော်မောင်းလျှံကျေးရွာ ဘုန်းကြီးကျောင်းနှင့် ပတ်ဝန်းကျင်ကို ဇူလိုင် ၁၅ရက်​နေ့ နံနက် ၁၁ နာရီ ၄၀မိနစ်ခန့်က လေကြောင်းတိုက်ခိုက်ခဲ့ရာ၌ ၎င်းတို့အချင်းချင်းမှားယွင်းဗုံးကြဲမိခြင်းဟုသိရသည်။

“ဘုန်းကြီးကျောင်းမှာက စစ်တပ်ကတပ်စွဲထားတာ။ တိုက်ပွဲကလည်းအနီးကပ်ဖြစ်နေတာ။ ဒီနေ့ဗုံးကြဲတာက သူ့လူသူကြဲမိတာပါ။ ပိုပြီး မဲလာနိုင်လို့ ဖားကန့်တစ်နယ်လုံး လေကြောင်းအန္တရာယ်ပိုပြီးသတိထားဖို့လိုမယ်”ဟု KPDF နှင့် နီးစပ်သော သတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

ဂျက်ဖိုက်တာဖြင့် ဗုံးကြဲပြီး စက်သေနတ်ဖြင့်ပါ သုံးပတ် ပတ်၍ ပစ်သွားသည်ဟု လေကြောင်းတိုက်ခိုက်မှုကို မြင်တွေ့ခဲ့သူများကပြောသည်။

စစ်ကောင်စီသည်ဖားကန့်ဗျူဟာကုန်းအတွက် စစ်ရေးအရ အရေးပါသည့် လမောင်းကုန်းနှင့် မော်မောင်းကုန်းကို ပြန်လည်ရရှိရေးအတွက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။

လမောင်းကုန်းနှင့် မော်မောင်းကုန်းကို သွားသည့်လမ်းမှ မှော်မောင်းလျှံ၊ မော်ဝမ်းလေး၊ အမှိုက်ပုံကျေးရွာတို့၌ KIA၊KPDF က ကြားဖြတ်တိုက်ခိုက်နေသည်။

မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီထိခိုက်သေဆုံးမှုများပြားနေပြီး ဇူလိုင်လ ၁၃ရက်ည‌နေ ၅နာရီ ၃၅ မိနစ်ခန့်တွင်လည်း အမှိုက်ပုံကျေးရွာနှင့် မှော်မောင်းကုန်းကိုလေကြောင်းမှ ဗုံးကြဲခဲ့သည်။ လူထိခိုက်မှု မရှိခဲ့သော်လည်း မော်မောင်းကုန်းကျေးရွာ အထက (ခွဲ) စာသင်ကျောင်း ပျက်စီးခဲ့သည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီက ၎င်းတို့အချင်းချင်းမှားယွင်းဗုံးကြဲသွားကြောင်းကို KIA၊KPDFနှင့်နီးစပ်သူများအပြင်ဒေသခံသတင်းရင်းမြစ်များကလည်းပြောသည်။ဖားကန့်တွင် ဇူလိုင်လ ၁၀ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့ပြီးတိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုများလည်းရှိနေသည်။

ဖားကန့်တွင်စစ်ရေးဆက်လက် တင်းမာနိုင်၍ ဒေသခံပြည်သူများလုံခြုံရေးသတိပြုကြရန် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကသတိပေးထားသည်။ ထို့အပြင် လေကြောင်းအန္တရာယ်သတိပြုကြရန် KIA၊KPDFပူးပေါင်းတပ်ကလူမှုကွန်ရက်မှတစ်ဆင့်သတိပေးနေသည်။

ဖားကန့်ဒေသသို့ စစ်တပ်ကြောင်းဝင်ရောက်လာသည့် မေလကုန်၊ ဇွန်လဆန်းမှစ၌ တိုက်ပွဲများမကြာခဏဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းတိုက်ပွဲများသည် ဖားကန့်မြို့ပေါ်အထိရောက်ရှိလာခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွားနေစဉ်ရော မဖြစ်သည့်အချိန်များ၌မှာ စစ်ကောင်စီကလက်နက်ကြီးများပစ်ခတ်မှုများရှိခဲ့ပြီး အရပ်သားသေဆုံးသူဦးရေ ၃၀ဦးခန့်ရှိနေပြီဖြစ်သည်။ ယနေ့ ညနေပိုင်းတွင်လည်း တိုက်ပွဲဆက်ဖြစ်နေပြီး စစ်ကောင်စီကလက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

https://www.facebook.com/LuduNwayOo/videos/1259121289213745

(တိုက်ပွဲဖြစ်ရာ​နေရာကို စစ်တပ်တိုက်​လေယာဥ်က လေ​ကြောင်းတိုက်ခိုက်စဥ်။ ရုပ်သံ-Jade Hunter)

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ယနေ့ ဩဂုတ် ၄ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေဆင်းလာလို့ ရေဘေးနဲ့ မြေပြိုမှု‌ဘေး ထပ်မံကြုံတွေ့နေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။