Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က အမိန့်ဖြင့်ခိုင်းစေ၍ ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်အဆောက်အဦးများ ဖျက်ဆီးခဲ့ရဟု AAထံ အလင်းဝင်လာသူပြော

AAထံအလင်းဝင်ပါကနှိပ်စက်သတ်ဖြတ်ခံရမည်ဟု သင်တန်းကတည်းက စစ်ကောင်စီလိမ်ညာဝါဒဖြန့်ဟုဆို

အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် တပ်သား နိုင်ဝင်းစိုး

ဇူလိုင်-၂၀၊ ၂၀၂၅။ ထားမြတ်/People’s Spring

ရက္ခိုင်ပြည်နယ်အတွင်း ပြည်သူလူထုနေအိမ်များဖျက်ဆီးရန် စစ်ကောင်စီတပ်က အမိန့်အာဏာဖြင့်ခိုင်းစေခဲ့ကြောင်း အာရက္ခတပ်တော်(AA)ထံ အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သားသစ် တပ်သား နိုင်ဝင်းစိုးက ပြောသည်။

ကော့မှူးမြို့နယ်၌ နေထိုင်သူ ကိုနိုင်ဝင်းစိုးကို စစ်ကောင်စီက ၂၀၂၅ ဇန်နဝါရီတွင် စစ်မှုထမ်းရန် အဓမ္မစုဆောင်းခဲ့ပြီး ရဲမွန်တပ်မြို့၌ စစ်သင်တန်း ၁လခွဲပေးကာ ရက္ခိုင်ဒေသသို့ ပို့ဆောင်ခဲ့ဟုဆိုသည်။

ငပလီ၌ တပ်ပျက်ပြီး စစ်တွေမြို့၌ ပြန်လည် စုပေါင်းဖွဲ့စည်းထာသည့် တပ်မ(၅၅) ၌ တာဝန်ထမ်းဆောင်ခဲ့ရပြီး အမြင့်ကျွန်း ရှေ့တန်းကာကင်း၌ ရောက်ရှိစဉ် ဒေသခံများဖြင့်ချိတ်ဆက်ပြီး AA ထံ အလင်းဝင်ခဲ့ဟု တပ်သားနိုင်ဝင်းစိုးက ပြောသည်။

Public Service Announcement

Public Service Announcement

ရက္ခိုင်ဒေသသို့ ရောက်ရှိစဉ် ဘန်ကာဆောက်၊ ဆက်သွယ်ရေးမြောင်းတူ၊ ဗုံးခိုကျင်းတူး စသည်တို့အပြင် ရွာများကိုဝင်ပြီး နေအိမ်များကို ဖျကဆီးခဲ့ရဟု ဆိုသည်။

“သူတို့ရဲ့ အာဏာနဲ့ ရွာတွေကိုဝင် သူတို့ပြောတဲ့ အိမ်တွေကို ဖျက်ရတယ်။ ဘုန်းကြီးကျောင်းက တိုင်တွေကအစ ကျနော်တို့တွေအကုန်လုပ်ရတယ်” ဟု တပ်သား နိုင်ဝင်းစိုးက ပြောသည်။ စိတ်ထဲကမပါသော်လည်း အမိန့်ဖြင့် ဖိအားပေး ခိုင်းစေခံရခြင်းဖြစ်ဟု ပြောပြသည်။

“အဲဒီလိုဖိနှိပ်တာတွေရှိတဲ့အတွက် ထွက်ပြေးချင်တဲ့သူတပုံကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့က ကျနော်တို့ကို ခြိမ်းခြောက်ထားတာ က အမြင့်ကျွန်းရဲ့ရှေ့မှာ အာရက္ခတပ်တော်ရှိတယ် မင်းတို့အဲဒီ တပ်တော်ထဲကို အလင်းဝင်တာဖြစ်ဖြစ် အဖမ်းခံရတာ ဖြစ်ဖြစ် ရောက်သွားတဲ့အချိန်မှာ မင်းတို့ကို အမျိုးမျိုးနှိပ်စက်မယ် ၊ လက်ပြန်ကြိုးတွေတုတ်ပြီး ရိုက်မယ် လည်လှီးသတ်တာတွေ ပြီးလို့ရှိရင် အစာရေစာ အငတ်ခံပြီး ထားတာတွေ အဲဒီလိုမျိုးတွေပြပြီး ခြိမ်းခြောက်တာပေါ့” ဟု တပ်သား နိုင်ဝင်းစိုးက ပြောသည်။

စစ်မြေပြင်မှ ထွက်ပြေးပါကလည်း အနောက်မှ လိုက်ပစ်မည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားဟု ဆိုသည်။

“အကြောက်တရားတွေနဲ့ စိုးမိုးထားတာ။ များသောအားဖြင့်ဖုန်းတွေကိုသိမ်းထားတာ။ မိဘတွေနဲ့ အဆက်အသွယ် ပေးမလုပ်ပါဘူး။ အပြင်လောကသတင်းတွေနဲ့လည်း ဘာမှ အဆက်အသွယ်မရဘူး။ အမှောင်ချထားတာ”ဟု တပ်သား နိုင်ဝင်းစိုးက ပြောသည်။

အာရက္ခတပ်တော်ကို ရောက်ပါက နှိပ်စက်ခံရမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသော်လည်း လက်တွေ့တွင်ယင်းသို့မဟုတ်ဘဲ အာရက္ခတပ်တော်က အစစ အကူအညီပေးသည်ဟုလည်း ပြောသည်။

အာရက္ခတပ်တော်သို့ အလင်းမဝင်ရောက်စေရေးအတွက် စစ်ကောင်စီက သင်တန်းမှာကတည်းက AAက ရက်စက်သည်ဟု ရုပ်သံ၊ ဓာတ်ပုံများ ပြသခဲ့ဟုလည်း ၎င်းကပြောပြသည်။ ထွက်ပြေးလိုသည့် စစ်ကောင်စီ တပ်သားများအနေဖြင့် စစ်ကောင်စီ၏ ပြောဆိုချက်များ မယုံကြည်ဘဲ အလင်းဝင်ကြရန် ဖိတ်ခေါ်ခဲ့သည်။

စစ်ကောင်စီသည် ပြည်သူများကို အဓမ္မ စုဆောင်းပြီး ကရင်ဒေသ ပို့ဆောင်မည့် တပ်သားများကို ကရင်အမျိုးသားအစည်းအရုံး(KNU)ထံ အလင်းဝင်ပါက KNUက ရက်ရက်စက်စက် သတ်ဖြတ်သည်ဟုဝါဒဖြန့်ထားသကဲ့သို့ ကချင်စစ်မြေပြင်သို့ ပို့ဆောင်မည့် သူများကိုလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ပါက KIAက ရက်စက်စွာသတ်ဖြတ်သည်ဟုလိမ်ညာဝါဒဖြန့်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။