ဇူလိုင်-၂၆၊ ၂၀၂၅။ ထားမြတ်/People’s Spring
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ဇူလိုင် ၂၅ရက်တွင် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၆ဦးထက်မနည်းသေဆုံးပြီး တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေးဌာနက သတင်းထုတ်ပြန်သည်။
စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေး(JOC) အစီအမံဖြင့် ကျောက်ကြီးမြို့နယ်၊ ရင်းတိုက်ကုန်းကျေးရွာနှင့် လက်ပတ်ကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရင်းတိုက်ကုန်းရွာ စခန်းကို အမှတ်(၂)စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း နှင့် KNLA တပ်ရင်း(၉) တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ဦး သေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရပြီး စခန်းစွန့်သွားဟု အသိပေးသည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများနှင့် စစ်သုံးဆက်စပ်ပစ္စည်းများစွာကို သိမ်းပိုက်ရရှိခဲ့ဟု မှတ်တမ်းဓာတ်ပုံနှင့်အတူ ဖော်ပြသည်။
လက်ပတ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကိုလည်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ(၂၄)၊ အမှတ်(၃၅၀၃)တပ်ရင်း၊ နဂါးနီတပ်ရင်း၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်း၊ အမှတ်(၃၇၀၃)တပ်ရင်း၊ တောကျီးကန်းတပ်ရင်း နှင့် KNLA တပ်ရင်း(၈) တို့ပူးပေါင်း၍ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၀)ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ဟု အသိပေးသည်။
ရင်းတိုက်ကုန်းရွာတိုက်ပွဲ၌ တော်လှန်ရေးရဲဘော် ၁ဦး ကျဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့ပြီး လက်ပတ်ရွာ တိုက်ပွဲတွင်လည်း တော်လှန်ရေး ရဲဘော် ၁ဦး ကျဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။
တိုက်ပွဲများအတွင်း ပိတ်မိနေသည့် စစ်ကောင်စီ တပ်မိသားစုဝင်များကို တော်လှန်ရေးတပ်ဖွဲ့များက ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အမှတ်(၂)စစ်ဆင်ရေးနယ်မြေအနေဖြင့် ပဲခူးတိုင်း စစ်ဌာနအတွင်း စစ်ကောင်စီတပ်စခန်းများကို တပြိုင်တည်း တိုက်ခိုက်သည့် စစ်ဆင်ရေးများကို ယခင်ကလည်း ဖော်ဆောင်ခဲ့ပြီး ပဲခူးတိုင်းအတွင်း စစ်ရှိန်မြှင့်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
လတ်တလော စစ်ရေး အခြေအနေများနှင့် စစ်ရေးအလားအလာများနှင့်ပတ်သက်၍ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ သတင်းပြန်ကြားရေး တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။




















































