Connect with us

Hi, what are you looking for?

သတင်း

အလုပ်သမားအရေးဆောင်ရွက်နေသူ STUM ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ထပ်မံ ဖမ်းဆီး

၎င်း၏သမီးဖြစ်သူအပါအဝင် ၇ ဦးကိုလည်း စစ်ကောင်စီ ဖမ်းဆီး

ပြီးခဲ့သည့် မေလ ၁ရက် အပြည်ပြည်ဆိုင်ရာအလုပ်သမား​နေ့အခမ်းအနားတွင် ဒေါ်မျိုးမျိုးအေး ပညာ​ပေးဟော​ပြော​နေစဥ်။ ဓာတ်ပုံ - STUM

ဇူလိုင်-၂၉၊၂၀၂၅။ People’s Spring

အလုပ်သမားအရေးဆောင်ရွက်နေသော သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်-မြန်မာ(STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် ၎င်း၏ သမီးဖြစ်သူ အပါအဝင် ခုနှစ်ဦး ကို စစ်ကောင်စီက ဖမ်းဆီးသွားသည်။

ဇူလိုင် ၂၅ ရက် ည ၉ နာရီခွဲက ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် နဝရတ်လမ်းရှိ ဒေါ်မျိုးမျိုးအေးနေထိုင်ရာ အိမ်သို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါ အဝင် အရပ်ဝတ် ၁၀ ဦးခန့်က ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။

ဖမ်းဆီးခံရပြီး လေးရက်မြောက်အထိ ဒေါ်မျိုးမျိုးအေး၏ နောက်ဆက်တွဲသတင်းများ မသိရသကဲ့သို့ ယမန်နေ့(ဇူလိုင် ၂၈ ရက်) ညပိုင်းတွင် ၎င်း၏ သမီးဖြစ်သူ အပါအဝင် အလုပ်သမားအရေးဆောင်ရွက်သူများကို စစ်ကောင်စီက ထပ်မံဖမ်းဆီးခဲ့သည်။

Public Service Announcement

Public Service Announcement

“အမေ့အခြေအနေက ဆေးပုံမှန်သောက်ဖို့ လိုတဲ့အခြေအနေမှာ ရှိတဲ့အတွက် အမေ့သတင်းရဖို့ ကြိုးစားနေပါတယ်။ ဘယ်ရောက်နေတယ် ဘာဖြစ်နေတယ် ဘာမှ သေချာမသိရသေးတဲ့အတွက် အပူတပြင်း စုံစမ်းနေရတာကြောင့် တခြား ဘာကိုမှ မပြောချင်သေးပါဘူး”ဟု ဒေါ်မျိုးမျိုးအေး၏ သမီး ဖြစ်သူက ၎င်းအဖမ်းမခံရမီ တစ်ရက်အလိုတွင် ဖေ့ဘွတ်ခ် လူမှုကွန်ယက်၌ ရေးသားထားသည်။

ထို့အပြင် STUM ရုံးကိုလည်း စစ်ကောင်စီ အဖွဲ့ဝင်များက ဝင်ရောက်စစ်ဆေးရှာဖွေမှုများရှိခဲ့ပြီး ရုံးကို သော့ခတ်ခဲ့ကြောင်း သိရသည်။

“အန်တီမျိုးကို အခုနှစ်စကတည်းက မြို့နယ်ရဲစခန်းတွေမှာ ကုမ္ပဏီပိုင်ရှင်နဲ့ ပိုင်ရှင် ကိုယ်စားလှယ်တွေက အမှုဖွင့်ထားတာတွေရှိတယ်။ အဓိကတော့ အကြောင်းမဲ့ အလုပ်ထုတ်ခံရတဲ့ လုပ်သားတွေ နစ်နာကြေးရအောင် ကူညီခဲ့တယ်။ ပြီးတော့ ဥပဒေဘောင်အတွင်းကနေ အလုပ်သမားအခွင့်အရေး တောင်းဆိုလို့ရတာတွေ လမ်းညွှန်ပြတယ်။ ဒါကြောင့် စက်ရုံအလုပ်ရုံပိုင်ရှင်တွေက မကျေနပ်ကြဘူး။ နောက်တစ်ချက်က လုပ်ခလစာ တိုးမြှင့်ရေးနဲ့ဆိုင်တဲ့ ဆန္ဒခံယူမှုတွေများလာတာကို နောက်ကွယ်ကနေ သွေးထိုးနေတယ်ဆိုပြီး စကစရဲ့ ယူဆချက်တွေကြောင့် အခုလိုဖြစ်တာလို့မြင်တယ်” ဟု အလုပ်သမားအရေးဆောင်ရွက်နေသူတစ်ဦးက ရှင်းပြသည်။

ဒေါ်မျိုးမျိုးအေးသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်ကပင် ပုဒ်မ ၅၀၅(က)ဖြင့် အင်းစိန် ထောင်၌ ခြောက်လကြာ ဖမ်းဆီးခံခဲ့ရဖူးသည်။

အာဏာသိမ်းပြီးနောက်ပိုင်းစစ်ကောင်စီသည် အ လုပ်သမားအရေးဆောင်ရွက်သူ ၁၀၀ ထက်မနည်းကို ပုဒ်မ အမျိုးမျိုးတပ်ကာ ဖမ်းဆီးထားပြီး ထိုအနက် မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(MICS) အထွေထွေ အတွင်းရေးမှူးချုပ် ဦးသက်နှင်းအောင်သည် ထောင်တွင်း နှစ်ရှည်ထိန်း သိမ်းခံထားရသည်။

စစ်ကောင်စီသည် လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့် နှင့် အဓမ္မစေခိုင်းခြင်း ဆိုင်ရာ ILO ပြဋ္ဌာန်းချက်များကို စဉ်ဆက်မပြတ် ချိုးဖောက်နေ၍ ယခုနှစ် ဇွန်လ ၅ ရက်က အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် ILO က မြန်မာနိုင်ငံပေါ်အရေးယူကြောင်းဆုံးဖြတ်ချက် ချမှတ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook