Connect with us

Hi, what are you looking for?

Short Story

“သေနတ်ကြီးနဲ့ ပန်းစိုက်လို့ရလား ဖေဖေ”

တောကိုကိုးကွယ်မိသော ကျနော်တို့ရဲ့ အသိစိတ်များက အလွမ်းတွေ မွတ်သိပ်လို့နေတာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း ရဲဘော်ဂျွန်နီနဲ့ ကျနော်က ဟောဒီစစ်ရှောင်ကိုရောက်ဖို့ ခြေထောက်တွေကို စစ်မြင်းတကောင်ရဲ့အားနဲ့ မောင်းနှင်နေကြတယ်။

◼️မောင်သုည (ရှပ်ပုံသားလေး)

တောကိုကိုးကွယ်မိသော ကျနော်တို့ရဲ့ အသိစိတ်များက အလွမ်းတွေ မွတ်သိပ်လို့နေတာ ကြာခဲ့ပါပြီ။ ဒါကြောင့်လည်း ရဲဘော်ဂျွန်နီနဲ့ ကျနော်က ဟောဒီစစ်ရှောင်ကိုရောက်ဖို့ ခြေထောက်တွေကို စစ်မြင်းတကောင်ရဲ့အားနဲ့ မောင်းနှင်နေကြတယ်။

တောင်ထိပ်တနေရာကိုရောက်တော့ ကလေးတွေရဲ့ စာကျက်သံက ကျနော်တို့နှစ်ယောက်ရဲ့ရင်ကို ရိုက်ခတ်လာပြီ၊ ရင်ထဲမှာလည်း ပန်းတွေ အလှိုင်လှိုင်ပွင့်လို့။

”ရောက်ပြီထင်တယ်ကွ”

Public Service Announcement

Public Service Announcement

ဂျွန်နီက အားတက်သရောပြောပြီး တောင်ပေါ်က ဆင်းပြေးသွားတယ်။ သူပြေးချသွားတဲ့ ကျောပြင်ကိုကြည့်ပြီး ကျနော် အတွေးတစကို နက်ရှိုင်းစွာ ဖမ်းဆုပ်လိုက်မိတယ်။

”အဇ္စျတ္တလမ်းမထက်က အလွမ်းတွေ ဘယ်လိုမုန်တိုင်းတွေနဲ့ ပြိုကွဲပြီး ရင်ကျိုးရဦးမှာလဲလေ၊ အရင်လို ပန်းတွေပွင့်ဖို့ ဘယ်ချိန်ထိ စောင်ရဦးမှာလဲ”

နောက် ဂျွန်နီ သူ့သမီးနဲ့ တွေ့ချင်တဲ့အကြောင်း ပြောဖူးတဲ့ အချိန်တခုက အဝေးမှ လှမ်းမြင်နေရသော တောင်ပြာပြာအောက်က ရိပ်ခနဲဖြတ်သွားသလို။

”ငါ့သမီးလေးက ငါ့ရဲ့ကမ္ဘာ၊ ငါ့ရဲ့တိုင်းပြည်၊ ငါ့ရဲ့ပစ္စုပ္ပန်၊ ငါ့ရဲ့အနာဂတ်”

ကျနော် သက်မကြီးကိုချရင်း မောနေမိတော့တယ်။ ဒီနိုင်ငံမှာ ပန်းတွေ ဘယ်တော့ အနာတရကင်းကင်းနဲ့ လွတ်လပ်ငြိမ်းချမ်းစွာ ပွင့်ဖူးဝေဆာနိုင်မလဲ။

နေ့လယ်ထမင်းကို ကျနော်က ဂျွန်နီတို့မိသားစုနဲ့အတူ တညင်ရွက်ဟင်းချို၊ ငရုတ်သီးထောင်း၊ ငါးကလေးခြောက်ကြော်နဲ့စားပြီး တဲအိမ်ကလေးပေါ်မှာ ကွမ်းယာလေးစား အကြမ်းရည်လေးသောက်ပြီး ထိုင်နေကြတယ်။

ဂျွန်နီကတော့ သူ့သမီးလေးကို သူ့ရင်ခွင်ထဲထိုင်စေပြီး ဖက်နမ်းလိုက် ရှိုက်နမ်းလိုက်နဲ့ ရယ်ရယ်ပြုံးပြုံး သာယာနေကြတယ်။ သူ့သမီးက အသက်လေးနှစ် တဲ့ … စကားကလည်း တီတီတာတာနဲ့ သိပ်တတ်တော့ ဂျွန်နီ့ကို ဟိုမေး ဒီမေးလုပ်နေတယ်။

ကျနော်တောင် သူ့တို့မိသားစုကလေးကြည့်ပြီး အားကျစိတ်တို့ နိုးကြွနေမိတယ်။

ကြည့်စမ်းပါဦး ဇနီးဖြစ်သူက သူ့နံဘေးနားထိုင်ပြီး ရှေ့တန်းက စုတ်ပြဲလာတဲ့ ဘောလွယ်အိတ်ကလေးကို အပ်နဖားကြိုးထိုးပြီး ချုပ်ပေးနေတာ၊ ဂျွန်နီက ပြောက်ကျားယူနီဖောင်းနဲ့ ရင်ဘတ်မှာ အလံနီနဲ့ ကြယ်ဖြူတံဆိပ်၊ ညာလက်မှာ ပီဒီအက်တံဆိပ်၊ ဘယ်လက်မောင်းမှာ ကျနော်တို့တပ်ရင်းတံဆိပ်က သိန်းငှက်တကောင် အတောင်ပံဖြန့်ထားပြီး သိန်းငှက်ရဲ့အပေါ်မှာ ကြယ်ဖြူလေးလုံး၊ အောက်မှာ သေနတ်နှစ်လက် ထောင်ထားတယ်။

ဂျွန်နီ့ဆံပင်က ရုပ်ရှင်မင်းသားဒွေး ကေ ရှိတ်ထားတာ သပ်ရပ်လို့။ ဒီလိုပုံလေးနဲ့ သူတို့မိသားစုလေးက ကျနော်မျက်စေ့ထဲမှာ တော်တော်ခန့်ညားပြီး အေးချမ်းသာယာနေသလို ခံစားမိတယ်။ ဒီလိုနဲ့ မနေနိုင်တော့ ဂျွန်နီ့ကို ကျနော်က –

”ဂျွန်နီ ငါ မင်းတို့မိသားစုကို ဓာတ်ပုံရိုက်ပေးမယ်”

သူ့မိန်းမက ခေါင်းထောင်လာပြီး မျက်လွှာလေးချရင်း ရှက်သွေးဖြာနေတယ်။ ဂျွန်နီကတော့ ချက်ချင်းပဲ သူ့မိန်းမကို ဗိုလ်ချုပ်အောင်ဆန်းပုံတွေ ယနေ့ချိန် ထိ သမိုင်းဝင်ဓာတ်ပုံ ကျန်ရှိနေခဲ့တဲ့အကြောင်းတွေ ရှင်းပြရင်း တော်လှန်ရေးမိသားစု ဓာတ်ပုံလေးရိုက်ဖို့ ဖြောင်းဖျနေရှာတယ်။

ဇနီးဖြစ်သူမှာ ငြင်းမရတဲ့အဆုံး ဂျွန်နီက ယူနီဖောင်းအပြည့်အစုံနဲ့ သူ့သမီးလေးကို ချီထားတယ်။ သူ့မိန်းမက ဂျွန်နီ့ရဲ့လက်ကလေးကို ချိတ်တွယ်ထားလိုက် တယ်။

”ဒါ မင်းတို့ရဲ့သမိုင်းဝင်ပုံတွေပဲ၊ တော်လှန်ရေးအောင်ပြီးရင် ဒီလိုပုံတွေ ရိုက်ချင်ပါသဟဲ့ဆိုတောင် မရိုက်ရတော့ဘူး။ မင်းကံကောင်းရင် ဒီပုံကို အမေရိကန် တို့၊ စင်ကာပူတို့လို ထိပ်တန်းနိုင်ငံတွေမှာ အညတရ တော်လှန်ရေးမိသားစုဆိုပြီး လေလံတင်လို့တောင် ရသေးတာကွ”

”ဟားဟား မင်းကတော့ ပြောတော့မယ်၊ မဖြစ်နိုင်တဲ့ဟာတွေ။ ဘာဖြစ်ဖြစ်ပါကွာ ဒီပုံလေးအတွက် ကျေးဇူးတင်ပါတယ်”

” ဟ … မဖြစ်နိုင်ဘူးလို့မပြောနဲ့ ငါ့ကောင်ရေ … မင်းတို့ငါတို့ဆိုတာ နိုင်ငံရေး ဖြူလား မည်းလား နားမလည်တဲ့သူတွေတောင် နိုင်ငံသားကောင်း မဟာလုလင်တွေ ဖြစ်လာသေးတာပဲကွာ ဟား ဟား”

”ဒါတွေ အသာထားစမ်းပါဦးကွာ၊ မင်းကရော ဒီလိုတွေပြောပြီး ကျောက်စစ်ရုပ်နှလုံးသားပေါ်မှာ ဘယ်ချိန်ထိ အိပ်မောကျနေမှာလဲ။ အိမ်ထောင်ပြုဖို့ မစဥ်းစားတော့ဘူးလား”

အိမ်ထောင်တဲ့ … အဲဒီအကြောင်းတွေ တခုတ်တရ ကြင်ကြင်နာနာ ဆွေးနွေးခဲ့ဖူးတဲ့ တယောက်သောသူကို ကျနော်သတိရမိတယ်။

အခုတော့ သူမဟာ ကျနော့်နှလုံးသားထဲ သေဆုံးနေပါပြီ၊ မတရားမှုကို လူသိစိတ်မဲ့စွာ အားပေးထောက်ခံနေတတ်တဲ့ မိန်းမတယောက်ကို မယားလုပ်မယ့် အစား ကိုယ့်ဟာကိုယ် ခုတ်ထစ်ပြီး ခွေးကျွေးပစ်တာမှ ကုသိုလ်ရဦးမယ်လို့လည်း တွေးမိတယ်။

”ဟေ့ကောင် … ဒေါင်းဆက်”

ဂျွန်နီ့ခေါ်သံကြားမှ နာကြည်းနေမိတဲ့ နှလုံးသားကျောက်ပြားပေါ်က နိုးလာတယ်။

”မင်းကွာ ဒါလေးမေးတာကို ငြိမ်ချက်သားကောင်းနေလိုက်တာ ဘာတွေတွေးနေတာတုန်းကွ”

”ဘာမှမဟုတ်ပါဘူးကွာ၊ ထားလိုက်တော့”

ကျနော် အကြမ်းရည်ကို တခွက်မော့သောက်ပြီး နှလုံးသားရဲ့ဒဏ်ရာကို ပွက်ကာသီကာ မျိုချနေမိတော့တယ်။

နေစောင်းလာတော့ ကျနော်တို့ ရှေ့တန်းကိုပြန်ရတော့မယ်။ ယခုချိန်မှာ မိသားစုထက် တော်လှန်ရေးကို ဦးစားပေးရမယ်ဆိုတဲ့ အသိစိတ်က ဂျွန်နီ့အတွက် ရှေ့တန်းပြန်ဖို့ ဘာမှ လက်တွန့်နေစရာ အကြောင်းမရှိဘူးဆိုတာ ကျနော်သိတယ်။

”ကဲ … သမီး စာကြိုးစားနော်၊ ဖေဖေပြန်တော့မယ်”

ဂျွန်နီက သူ့နံဘေးမှာ ချထားတဲ့သေနတ်ကို လှမ်းယူပြီး လွယ်လိုက်တယ်။

”ဖေဖေက သေနတ်ကြီးနဲ့ ဘာလို့ စစ်တိုက်နေတာလဲ ဟင်”

ညှိုးငယ်နေတဲ့ သမီးလေးမျက်နှာကိုကြည့်ပြီး ဂျွန်နီ့နှုတ်ခမ်းတွေ ချက်ချင်းတုန်ယင်လာပြီး ကျနော့်ကို ကွက်ကြည့်ကြည့်နေတယ်။ မျက်ရည်တို့ကလည်း သူ့မျက်ဝန်းထဲ ရစ်ဝဲလာတော့ တိမ်တိုက်ကိုမော့ကြည့်ပြီး ဂျွန်နီ သူ့ရဲ့ရင်ကွဲသံကို သမီးလေးရှေ့ အသည်းမာချင်ယောင်ဆောင်ပြီး ​ထိန်းချုပ်နေတယ်။

”ဒီမှာသမီး … ဖေဖေက စစ်တိုက်နေတာ မဟုတ်ဘူး၊ သမီးလေးပန်ဖို့ ပန်းတွေစိုက်နေတာ သမီးရဲ့”

”ဟင် …”

”ဟုတ်တယ် သမီးရဲ့၊ ဖေဖေက စစ်တိုက်နေတာ မဟုတ်ဘူး၊ ပန်းတွေ အများကြီးစိုက်နေတာ”

”သေနတ်ကြီးနဲ့ ပန်းစိုက်လို့ရလား ဖေဖေ”

”ရတာပေါ့ သမီးရဲ့ … တချို့ပန်းတွေက သေနတ်နဲ့စိုက်မှ ပိုလှတဲ့ပန်းတွေပွင့်မှာ သမီးရဲ့”

”အဲဒီပန်းတွေက ဘယ်သူပန်ဖို့လဲ ဖေဖေ”

”သမီးလေးရော သမီးသူငယ်ချင်းတွေအားလုံး ပန်ဖို့ပေါ့ သမီးရဲ့”

”ဒါဆို သမီးတို့က ဘွားဘွားစုလို ပန်းတွေအများကြီး ပန်ရတော့မှာပေါ့နော်”

ဟင် … ဂျွန်နီ့သမီးက ဘွားဘွားစု တဲ့၊ ကျနော် ရင်ထဲ စိမ့်ခနဲဖြစ်သွားတယ်။ ဒေါင်းဘုရင်မရဲ့ အရှိန်အဝါ ဂုဏ်သတင်းတွေကလည်း ကျနော့်နှလုံးသားအိမ် ကို စူးစူးနက်နက် လာဆောင့်တယ်။

ကျနော်တို့နိုင်ငံမှာ ဒေါင်းဘုရင်မကို မျိုးဆက်တိုင်းက ရင်ထဲနှလုံးသားထဲ စွဲကျန်ရစ်နေပြီပဲလို့ ကျနော် အတွေးဆက်နေမိတယ်။

”ဟုတ်တယ် သမီးရဲ့၊ သမီးဖေဖေကလေ သမီးလေးကို အနာဂတ်မှာ သတ္တိကောင်းတဲ့ ပန်းကလေးလို လှစေချင်တာ သမီးရဲ့။ ဒါကြောင့် သမီးလေးအတွက် သမီးဖေဖေက ပန်းလှလှလေးတွေ အများကြီးစိုက်နေတာ”

ကျနော်က ဝင်ပြောတော့ သမီးလေးက ဝင်းပတဲ့မျက်နှာနဲ့ –

”သမီးက လှပြီးသားပါ ဦးဦးရဲ့၊ ဦးဦးနဲ့ဖေဖေတို့ နောက်တခါ ပြန်လာရင်လေ ပန်းလှလှလေးတွေ စိုက်ခဲ့နော်။ သမီးကြီးလာရင် ဘွားဘွားစုလို ပန်းလှလှလေးတွေ ပန်မယ်”

”ဟုတ်ပါပြီ သမီးရယ်၊ ဖေဖေတို့ ပြန်တော့မယ်နော်”

ဂျွန်နီ သူ့သမီးကို ဖက်နမ်းပြီး ကျနော်တို့ ပြန်လာကြတယ်။ ဂျွန်နီ့ဇနီးကတော့ နှစ် လရှည်စွာ ဝေးကွာနေသော ခင်ပွန်းကို အခုတွေ့ အခုခွဲရတဲ့ ဝေဒနာ တပွေ့တပိုက်နဲ့ ကျန်ခဲ့တော့တယ်။

ကျနော်တို့အပြန်လမ်းမှာ တောရိုင်းပန်းကလေးတွေပေါ် လိပ်ပြာလေးတွေက ခိုနားနေတယ်။

တချို့ပန်းကလေးတွေက မလှတော့ဘူး။ အပွင့်အဖတ်တွေ မြေခလို့ ရိုးတံတွေသာ အထီးကျန်စွာ ကျန်ရစ်ခဲ့ကြတယ်။

ပျားပိတုန်းတွေအဖို့တော့ ဝမ်းရေးခက်လို့၊ ပန်းဝတ်မှုန်တွေကို ဟိုမကောင်းဆိုးဝါးတွေ စားသုံးဖျက်စီးခဲ့ကြပြီပဲ။

နောက်ထပ် လှပ သာယာ ငြိမ်းချမ်းတဲ့ ပန်းတွေပွင့်ဖို့ စောင့်ရချိန်အတွက် ဒီလမ်းမထက်မှာ နာရီပေါင်း ဘယ်လောက်၊ ရက်ပေါင်း ဘယ်လောက် ကျနော်တို့ ကြိုးစားရဦးမှာလဲလေ။

ဟော … ပြောရင်းဆိုရင်း ဟိုတောင်ကြားက ပေါက်ကွဲသံနဲ့အတူ ပန်းကလေးတွေ တစစီ မြေခရပြန်ပေါ့လားဗျာ။

ချစ်ခင်လေးစားလျက်
(၂၂.၁.၂၀၂၅)

(The Call – ​ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘​မောင်သုည(ရှပ်ပုံသား​လေး)’ရဲ့ “သေနတ်ကြီးနဲ့ ပန်းစိုက်လို့ရလား ဖေဖေ” ဝတ္ထုတိုကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်​ရေးအတွက် အ​ထောက်အကူ ပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “The Call – ​ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းရဲ့ ​Facebook Page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749… မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

ဆက်စပ်သတင်းများ

ရသစာတမ်းငယ်

●ထွင် စစ်အာဏာရှင်၏လက်ထက်တွင်အဖြစ်အပျက်တို့သည်ကသောင်းကနင်း၊ ကပြောင်းကပြန် ဖြစ်ကုန်သည်။ မျက်စိတမှိတ်အတွင်းမှာပင် လက်မောင်းပေါ် လာကိုက်သော ခြင်တကောင်ကဲ့သို့ မရိုက်မီမှာပင် ဖျတ်ကနဲ့ ပျောက်ကွယ်သွားတတ်သည်။ မနေ့က ဘေးချင်းယှဥ်ထိုင်ပြီး ဂိမ်းအတူဆော့ခဲ့သော ထွန်းပြည့်စုံဆိုသည့် ပီဒီအက်ဖ်ကလေးက ရန်သူ့ဒရုန်းထိမှန်ပြီး မနေ့ညကပဲ မြေအောက်ထဲ ရောက်သွားခဲ့ပြီ။ ယခုပဲ မိသားစုလက်ဆုံ စားနေသည့် ထမင်းဝိုင်းကလေးဟာ...

ရသစာတမ်းငယ်

အသက် အမျက်အငြိုးပြည့်နှက်နေသော ကမ္ဘာမြေကြီးပါလား။မိုးကော၊ ပိတောက်ကော နောက်ကျသည်။ သည်ကြားထဲ မုန်တိုင်းများက ဝင်ရန်ရှိကြောင်း သတင်းထွက်လာသေး၏။ မတတ်နိုင်တော့… ဒီကာလများ၌ ငါပျော်ခဲ့ဖူးတာ အရက်ဝိုင်းတခုသာရှိသည်။ အတွေးများသည့်၊ စကားလုံးတွေလျှံထွက်နေသည့်အပြင် မျက်နှာများစုံသည့်နေရာလည်းဖြစ်ပြန်သည်။ ငါ့မှာ ပိုက်ဆံမရှိပေ။ ဝိုင်းထဲ လူခြောက်ယောက်ရှိပြီး ငါးယောက်မှာ ဟိုခြစ်ခြစ်ဒီခြစ်ခြစ်နဲ့ မျက်နှာငယ်များဖြင့်တောင်းခံနေရသည်။ ကျန်တဦးကား...

ဝတ္ထုတို

လမ်းတံတားတွေပြုပြင် တိုးချဲ့တာက ကောင်းတော့ကောင်းပါရဲ့။ ဒါပေမဲ့ လမ်းဘေးအရိပ်ရပင်တွေ လုံးပါးပါးကုန်ပြီး ခုလိုနွေနေ့လယ်မျိုးဆို မြင်မြင်ရာဝန်းကျင်က ကွန်ကရစ်ပင်လယ်ပြင်ကြီးလို ဖြစ်နေသည်။ အရင်ကဆို ဒီလမ်းမကြီးက မဟော်ဂနီပင်ညိုရိပ်တွေအောက်မှာ လျောင်းစက်နေတဲ့ လမ်းမကြီးပေပဲ။

သတင်း

ခွန်းနီ ဒီနေ့ပြီးရင်ဒီနေ့လိုနေ့တွေပဲ ထပ်ရောက်လာညဆိုရင်လည်းလကတစ်ခြမ်းပဲ သာတော့တယ်အဝေးကြီးကနေရာကိုအဝေးကကြည့်နေရတာဘယ်သူပျော်မလဲ။ အမှောင်ထုထဲအရောင်တွေကလည်း ဖျော့နေလိုက်တာစိတ်ကူးကိုနည်းနည်းမှ မလျှော့နိူင်ဘူးငါဟာညတိုင်း အိမ်ပြန်လာနေကျအိမ်ရှေ့က သရက်ပင်ကြီးအောက်အရိပ်တစ်ခုထိုးကျနေတာ ငါပေါ့။ အမေ့ရဲ့ဆူငေါက်သံအဖေ့ရဲ့ကြိမ်းဝါးသံနောက်ပြီး တံခါးထဖွင့်ပေးသံအဲ့ဒီလိုနောက်ကျတတ်တဲ့အိမ်အပြန်တွေအခုတော့အရိပ်ယောင်ဆောင်ထားတဲ့အတိတ်တွေပဲ ငါပြန်ရတော့တယ်။ Public Service Announcement စောက်စနစ်ကဆိုးဝါးတော့ငါတို့လူငယ်တွေဟာစစ်ကြီးထဲလုံးလားထွေးလားပေါ့။ ပင်ပင်ပန်းပန်းသင်ယူရကျိုးကျိုးနွံနွံဆည်းပူးရခက်ခက်ခဲခဲတည်ဆောက်ရအပူတပြင်းအသားကျရမောကြီးပန်းကြီးရှေ့ဆက်ရမနိူင်မနင်းထမ်းပိုးခဲ့ရစနစ်တကျနဲ့လူငယ်ဘဝကိုဆုတ်ခွာပေးခဲ့ရအတူတူချီတက်ရင်းတချို့သူငယ်ချင်းတွေလွယ်လွယ်ကူကူသေပေးလိုက်ရ။ ဒီစစ်ကြီးထဲမယ်ရှင်ကျန်နေတဲ့ကောင်တွေအဖို့နှလုံးသားဟာ ဒဏ်ရာအရဆုံးပဲ။ ဆိုလိုရင်းကိုပြန်ဆက်ရရင်အိမ်ပြန်ဖို့ဆိုတဲ့အသိကလူငယ်တွေအားလုံးမှာရှိတယ်။ အတွေးတွေနဲ့ပိလာတဲ့ညဟာမိုးလင်းသွားပေမဲ့အာရုံထဲတော့စာသားတစ်ကြောင်းငြိနေတယ်။ အားလုံးကိုကျော်ဖြတ်ရမယ်ဆိုတဲ့စာသားဟာနေခြည်နွေးနု ပွင့်လုလုမနက်ခင်းအထိငါနဲ့အတူရှိနေတယ်...