Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အိုးမဲ့အိမ်မဲ့တွေ ဝါရှင်တန်ဒီစီကနေ ချက်ချင်း ထွက်ခွာသွားသင့်ကြောင်း ထရမ့်ဝေဖန်

အမေရိကန် အစိုးရ ရုံးစိုက်ရာ မြို့တော်ဧရိယာဖြစ်တဲ့ ဝါရှင်တန် ဒီစီမှာ ရှိနေတဲ့ အိုးမဲ့အိမ်မဲ့အားလုံး ချက်ချင်း ထွက်ခွာသွားသင့်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

Getty Images

အမေရိကန် အစိုးရ ရုံးစိုက်ရာ မြို့တော်ဧရိယာဖြစ်တဲ့ ဝါရှင်တန် ဒီစီမှာ ရှိနေတဲ့ အိုးမဲ့အိမ်မဲ့အားလုံး ချက်ချင်း ထွက်ခွာသွားသင့်ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

သူကိုယ်တိုင် တည်ထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ Truthပေါ်မှာ ဩဂုတ် ၁၀ ရက်နေ့က ထရမ့်က ဝါရှင်တန်ဒီစီမှာ ရှိနေတဲ့ အိုးမဲ့အိမ်မဲ့အားလုံး ချက်ချင်း ထွက်ခွာသွားပြီး ခပ်ဝေးဝေးမှာ ပြောင်းရွှေ့ အခြေချသင့်တယ်ဆိုတဲ့ ပို့စ်ကို တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံရဲ့ မြို့တော်ထဲမှာ ပိုပြီး တင်းကျပ်တဲ့ မူဝါဒတွေ၊ ချုပ်ကိုင်မှုတွေ ကျင့်သုံးဖို့ သူ့ရဲ့ သဘောထားကို အရိပ်အမြွက် ထုတ်ပြလိုက်တာလို့လည်း ယူဆရပါတယ်။

ထရမ့်က သူဟာ အမေရိကန်ရဲ့ ဂုဏ်ယူစရာ မြို့တော်မှာ ရာဇဝတ်မှု၊ လူသတ်မှုနဲ့ တခြားပြဿနာတွေ အဆုံးသတ်စေဖို့ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတွေကို ထပ်မံ ကြေညာသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ သူဘာတွေ ဆက်ပြီး လုပ်မလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ထရမ့်ရဲ့ ပို့စ်ထဲမှာတော့ အိုးမဲ့အိမ်မဲ့တွေ ဝါရှင်တန် ဒီစီကနေ ချက်ချင်း ထွက်ခွာသွားရမှာ ဖြစ်ကြောင်း၊ အဲဒီလူတွေအတွက် နေရာထိုင်ခင်း စီစဉ်ပေးနိုင်ပေမယ့် မြို့တော်နဲ့ ဝေးဝေးမှာတော့ ဖြစ်နေဖို့ လိုကြောင်း၊ ရာဇဝတ်သားတွေ ဆိုရင်တော့ ထွက်သွားစရာ မလိုကြောင်း၊ ဘာလို့လဲဆိုတော့ သူတို့နဲ့ ထိုက်တန်တဲ့ နေရာဖြစ်တဲ့ ထောင်ထဲကို ရောက်သွားမှာ သေချာနေလို့ဖြစ်ကြောင်း ရေးသားထားခဲ့ပါတယ်။ သူ့ရဲ့ ပို့စ်မှာတော့ ဝါရှင်တန်ဒီစီ မြို့တော်ထဲက လမ်းဘေးမှာ ဆောက်ထားတဲ့ တဲစုတ်တွေနဲ့ အမှိုက်ပုံတွေရဲ့ ဓာတ်ပုံကိုပါ ပြသထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီကိစ္စမျိုးကို ကိုင်တွယ်ဖို့အတွက် နှလုံးလှ ညှာတာမှုမျိုး မလိုအပ်ကြောင်း၊ အမေရိကန်ဟာ ကိုယ့်မြို့တော်ကိုယ် ပြန်လည်ရယူလိုကြောင်းလည်း ထရမ့်က ဆိုပါတယ်။ တဲစုတ်တွေ၊ ကျူးကျော်သူတွေ၊ စက်ဆုပ်စရာ ရာဇဝတ်မှုတွေ ပေါ်မလာခင်က ဝါရှင်တန် ဒီစီဟာ ကမ္ဘာပေါ်မှာ အလှဆုံး မြို့တော်တစ်ခု ဖြစ်ခဲ့ကြောင်း၊ အခုတော့ အဲဒီ အခြေအနေကို မကြာခင် ပြန်ရအောင် လုပ်မှာဖြစ်ကြောင်းလည်း သူက ကြုံးဝါးထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ထရမ့်ဟာ ဝါရှင်တန်ဒီစီ မြို့တော်ကို ဖက်ဒရယ် အစိုးရ ထိန်းချုပ်မှုအောက်ထဲ သွတ်သွင်းဖို့ သူ့ရဲ့ လုပ်ပိုင်ခွင့် မှန်သမျှကို အသုံးချနိုင်တယ်လို့ ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE) ဝန်ထမ်းဟောင်း အက်ဒွပ် ကော်ရစ္စတင်ဟာ မော်တော်ကား လုယက်မှု တစ်ခုမှာ တိုက်ခိုက်ခံရလို့ ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပြီး ထရမ့်က ဝါရှင်တန် ဒီစီရဲ့ လုံခြုံရေးကို တင်းကျပ်ဖို့ ဖက်ဒရယ် အစိုးရက တိုက်ရိုက် တာဝန်ယူသင့်တယ်ဆိုတဲ့ သဘောထားကို ပြန်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ သူဟာ အရင်ကလည်း အဲဒီစိတ်ကူးကို ထုတ်ပြောခဲ့ဖူးပါတယ်။

ကော်ရစ္စတင်ရဲ့ ဖြစ်ရပ်ကို လူမှုကွန်ရက်ပေါ် မျှဝေခဲ့ရာမှာ ထရမ့်က ဝါရှင်တန် ဒီစီရဲ့ ရာဇဝတ်မှု အခြေအနေတွေဟာ ထိန်းမနိုင် သိမ်းမရ ဖြစ်နေပြီး ဒေသခံ အုပ်ချုပ်ရေး အာဏာပိုင်တွေက ဒါကို မကိုင်တွယ်နိုင်ဘူး ဆိုရင်တော့ ဖက်ဒရယ် အစိုးရက ပါဝင် စွက်ဖက်ရလိမ့်မယ် ဆိုတာမျိုး သတိပေးသွားခဲ့ပါတယ်။

ကိုးကား: CBS

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်-အမေရိကန် ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ ကနဦး တွေ့ဆုံမှု အစီအစဉ်တွေဟာ စိတ်ကျေနပ်စရာ တိုးတက်မှုမျိုးတွေနဲ့ အောင်အောင်မြင်မြင် ပြီးဆုံးခဲ့တယ်လို့ အစည်းအဝေး ဖြစ်မြောက်အောင် ကူညီခဲ့တဲ့ ကာတာနဲ့ ပါကစ္စတန် အစိုးရတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် ဆာကီရာ စတာမာ မကြာခင် ရာထူးက နုတ်ထွက်လိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။