အရာတော်-ဝက်လက်နယ်ရှိ မူးမြစ်တဝိုက်ရွာများ
အား စစ်ကြောင်းထိုးရန်လာရောက်သည့် အကြမ်းဖက်စစ်တပ်မှာ ၎င်းတို့တပ်စွဲရန်လာသော နေရာအရောက်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ၃၀ဦးခန့်သေဆုံးနိုင်ကြောင်း အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။
နိုဝင်ဘာ ၁၉ ရက်နံနက် ၁၀ နာရီကျော်က အရာတော်အရှေ့နယ်နှင့် ဝက်လက်နယ်အနောက်ခြမ်းမှ မူးမြစ်အနီး ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက စစ်ကြောင်းနှစ်ခွဲ၍ ဝင်ရောက်လာခဲ့သည်။
စစ်ကောင်စီ၏ ခြေလျင်စစ်သား အင်အား ၁၀၀ကျော်ရှိပြီး ယူနီဖောင်းဝတ်လက်နက်တပ်ဆင်ပေးထားသော ဒေသခံပျူစောထီးများလည်း ပါဝင်သည်ဟုဆိုသည်။
ထို့နောက် ယနေ့ ညနေပိုင်းက တည်တောကျေးရွာစာသင်ကျောင်းတွင် တပ်စွဲရန်အလာ ကျောင်းရှေ့အရောက်တွင် အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

Public Service Announcement
အဆိုပါ မိုင်းဆွဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်တွင် ကျောင်းရှေ့၌ စစ်သားများစွာ စုပြုံနေသည့်အချိန် မိုင်းပေါက်ကွဲကာ မိမိရရထိသွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောကြားချက်ကို ကိုးကား၍ အရာတော်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုက ဆောင်ရွက်ခဲ့တာပါ။ သူတို့က အရာတော် အရှေ့ခြမ်း၊အနောက်ခြမ်းကို ခွဲပြီး ထိနေတာ။အဲဒါကြောင့် သူတို့လမ်းကြောင်းတွေကို စောင့်ကြည့်ပြီး ကြိုတင်စောင့်ဆိုင်းတိုက်ခိုက်တာ။
ခွဲတာပဒေသာမိုင်းနဲ့ အတွဲလိုက်မိသွားတာပါ။ အနည်း ဆုံးအသေ၃၀ လောက်ရှိမယ်။ အလောင်းတွေတောင် ပြန်ကောက်မပို့နိုင်ဘူး”ဟု ARAမှ ဗိုလ်ပေါက်စီက ပြောသည်။
အရာတော်မြို့နယ်ကို အကြမ်းဖက်စစ်ကောင်စီက အောက်တိုဘာနောက်ဆုံးပတ်ကစ၍ အင်အား ၃၀၀ခန့်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။


















































