Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်-အိန္ဒိယ ဆက်ဆံရေး ပြန်နွေးထွေးလာလို့ ဝမ်းမြောက်ကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးပြော

အိန္ဒိယနဲ့ ဆက်ဆံရေး တကျော့ပြန် နွေးထွေးလာနေတဲ့အတွက် ဝမ်းမြောက်မိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

AP

အိန္ဒိယနဲ့ ဆက်ဆံရေး တကျော့ပြန် နွေးထွေးလာနေတဲ့အတွက် ဝမ်းမြောက်မိကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောပါတယ်။

အာရှတိုက်ရဲ့ အင်အားကြီး နှစ်နိုင်ငံဟာ ၂၀၂၀ ပြည့်နှစ်တုန်းက နယ်စပ် စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့နောက် ဆက်ဆံရေး အေးခဲ တင်းမာနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာပြီး အဲဒီ နှစ်နိုင်ငံလုံးကို ထိုးနှက်မှာ အခွန်မူဝါဒတွေ ကျင့်သုံးလာတဲ့နောက် တရုတ်နဲ့ အိန္ဒိယတို့ဟာ အမြင်ကွဲလွဲမှုတွေကို ဘေးဖယ်ပြီး အချင်းချင်းကြားက ဆက်ဆံရေးကို ပြန်လည် ကုစားဖို့ ခြေလှမ်းပြင်လာခဲ့ကြပါတယ်။

ဩဂုတ် ၁၉ ရက်နေ့မှာတော့ ဒေလီမြို့ကို ရောက်ရှိနေတဲ့ ဝမ်က အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆူဘရာမန်ယန် ဂျိုင်ရှန်ကာနဲ့ ဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပြန်လည် တည့်မတ်လာတဲ့ လမ်းကြောင်းမှန်ပေါ် ရောက်နေလို့ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။ အခုအခါ နှစ်ဖက် ဆက်ဆံရေးဟာ အပေါင်းလက္ခဏာ ဆန်လာနေတယ်လို့လည်း ဝမ်က ဆိုပါတယ်။

အိန္ဒိယဟာ တရုတ်ရဲ့ နိုင်ငံရေး ဩဇာ လွှမ်းမိုး ဖြန့်ကျက်မှုကို တန်ပြန်ဖို့ အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်တို့နဲ့အတူ စုဖွဲ့ထားတဲ့ Quad လုံခြုံရေး မဟာမိတ် အဖွဲ့ထဲမှာလည်း ပါဝင်နေပါတယ်။ ဒါပေမဲ့ ခန့်မှန်းရခက်တဲ့ နိုင်ငံတကာအရေး အခင်းအကျင်းသစ်တွေကြောင့် အိန္ဒိယ အနေနဲ့ တရုတ်အပေါ် သဘောထား မူဝါဒတွေကို ပြန်လည် ဆန်းစစ် သုံးသပ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ အိန္ဒိယတို့ဟာ အပြန်အလှန် ပြိုင်ဘက်တွေ၊ ခြိမ်းခြောက်မှုတွေအဖြစ် ရှုမြင်နေမယ့်အစား လက်တွဲဖော်တွေ၊ အခွင့်အလမ်းတွေအဖြစ် သဘောထားကြတာ ပိုအကျိုးရှိလိမ့်မယ်လို့လည်း ဝမ်က ဆိုပါတယ်။

ဝမ်ဟာ တရုတ်-အိန္ဒိယ ပူးပေါင်းဆောင်ရွက်မှုတွေကို ပြန်လည် မြှင့်တင်ဖို့ ရည်ရွယ်ချက်နဲ့ အိန္ဒိယကို အလည်အပတ် ခရီးစဉ် ရောက်ရှိနေတာ ဖြစ်ပါတယ်။ သူဟာ ၃ ရက်ကြာ ခရီးစဉ် အတောအတွင်း အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့လည်း တွေ့ဆုံမယ်လို့ ယုံကြည်ရပါတယ်။

မိုဒီဟာလည်း ၂၀၁၈ နောက်ပိုင်း ပထမဆုံး အကြိမ်အနေနဲ့ လကုန်ပိုင်းကျရင် တရုတ်နိုင်ငံကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သူဟာ ရှန်ဟိုင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်ကို သွားရောက်မှာ ဖြစ်ပါတယ်။

အောက်တိုဘာလတုန်းက မိုဒီဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ရုရှားနိုင်ငံမှာ တွေ့ဆုံခဲ့ပါတယ်။ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ကြတဲ့ အဲဒီအခြေအနေအပြီး နှစ်နိုင်ငံ ဆက်ဆံရေးကလည်း ပြန်လည် ဦးမော့လာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတကာ

လူသိများတဲ့ ခွေးလေးတစ်ကောင် အခိုးခံရပြီး ချက်စားခံလိုက်ရတဲ့ ဖြစ်စဉ်အပြီး တရုတ်နိုင်ငံက ခွေးသား ရောင်းဝယ် ဖောက်ကားမှုနဲ့ ပတ်သက်တဲ့ အငြင်းအခုံတွေ တကျော့ပြန် ဆူညံလာခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။