Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၅ နှစ်ကြား ရပ်ဆိုင်းထားတဲ့ တိုက်ရိုက် လေကြောင်းပြေးဆွဲမှုတွေ ပြန်စဖို့ တရုတ်နဲ့ အိန္ဒိယ သဘောတူ

၅ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံကြား တိုက်ရိုက် လေယာဉ်ပြေးဆွဲမှုတွေ ပြန်စဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်ဖို့ အိန္ဒိယနဲ့ တရုတ်တို့ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

Xinhua

၅ နှစ်အတွင်း ပထမဆုံးအကြိမ် နှစ်နိုင်ငံကြား တိုက်ရိုက် လေယာဉ်ပြေးဆွဲမှုတွေ ပြန်စဖို့၊ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေ မြှင့်တင်ဖို့ အိန္ဒိယနဲ့ တရုတ်တို့ကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

အာရှရဲ့ လူဦးရေ အများဆုံး နှစ်နိုင်ငံလည်းဖြစ်၊ တင်းမာတဲ့ ပြိုင်ဆိုင်မှုတွေလည်း ရှိနေတဲ့ နှစ်နိုင်ငံဟာ အခုတော့ ဆက်ဆံရေးကို ပြန်လည် ကုစားမြှင့်တင်ဖို့ ခြေလှမ်းပြင်လာတာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက ဟိမဝန္တာ တောင်တန်းတွေနဲ့ ဆက်စပ်နေရာ နှစ်နိုင်ငံ နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ စစ်ရေးပဋိပက္ခ အပြီးကတည်းက တရုတ်နဲ့ အိန္ဒိယတို့ကြားက ဆက်ဆံရေးဟာ ခါးသီးသွားခဲ့တာပါ။

ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက ရုရှားမှာ နှစ်နိုင်ငံ ခေါင်းဆောင်တွေ တွေ့ဆုံခဲ့တဲ့နောက် အခြေအနေတွေက ပြန်လည် တိုးတက်စ ပြုလာပြီး အခုသီတင်းပတ်မှာတော့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိဟာ အိန္ဒိယကို ရောက်ရှိလာပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို အကျေအလည် ဆွေးနွေးခဲ့ပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ဩဂုတ် ၁၉ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ၂၀၂၀ ပြည့်နှစ် ကတည်းက ကပ်ရောဂါ တားဆီးရေး အစီအမံတွေကို အကြောင်းပြ ပိတ်ပင်ထားတဲ့ နှစ်နိုင်ငံကြား တိုက်ရိုက် လေကြောင်း ပျံသန်းမှုတွေ ပြန်စတင်မယ်လို့ ပါရှိခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေ့မှာ ပြန်စမလဲ ဆိုတာကိုတော့ အတိအကျ မကြေညာသေးပါဘူး။

Public Service Announcement

Public Service Announcement

နှစ်ဖက်ဆွေးနွေးမှုတွေထဲမှာ ဟိမဝန္တာ နယ်စပ်တလျှောက် နှစ်ဖက်တပ်တွေ နောက်ဆုတ်ကြဖို့၊ နယ်စပ်အရေး ကိစ္စတွေမှာ ပိုမိုပျော့ပျောင်းတဲ့ မူဝါဒတွေနဲ့ ညှိနှိုင်းကြဖို့ ဆိုတာတွေလည်း ပါဝင်တယ်လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

တည်ငြိမ်တဲ့၊ ရိုးရှင်းပွင့်လင်းတဲ့၊ အပြုသဘောဆောင်တဲ့ အိန္ဒိယ-တရုတ် ဆွေးနွေးမှုတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး၊ သာယာစည်ပင်ရေး ကိစ္စတွေကိုပါ အကျိုးရှိစေလိမ့်မယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီကလည်း ဝမ်နဲ့ လူချင်းတွေ့ပြီးတဲ့နောက် လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

မိုဒီကိုယ်တိုင်ကလည်း လကုန်ပိုင်းမှာ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး ညီလာခံ တက်ရောက်ဖို့အတွက် တရုတ်ကို ကိုယ်တိုင် သွားရောက်မှာပါ။ ဒါဟာ ၇ နှစ်အတွင်း သူ့ရဲ့ ပထမဆုံး တရုတ်ခရီးစဉ် ဖြစ်လာမှာပါ။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် တရုတ်ရော၊ အိန္ဒိယကိုပါ တင်းမာတဲ့ ကုန်သွယ်ရေး မူဝါဒမျိုးတွေ သတ်မှတ် ကျင့်သုံးလာခဲ့ပြီး အဲဒီအခြေအနေကပါ ပြိုင်ဘက်ဟောင်း နှစ်နိုင်ငံကို ပိုပြီး နီးကပ်လာစေခဲ့ပါတယ်။

ဝမ်ရဲ့ ခရီးစဉ်အတွင်း နှစ်ဖက် အရေးတကြီး ဆွေးနွေးခဲ့တဲ့ ကဏ္ဍတွေမှာတော့ တိဘက်မှာ တရုတ်က တည်ဆောက်မယ့် ကမ္ဘာ့အကြီးဆုံး ရေကာတာကြီး အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။ အဲဒီဆည်ကြီးကြောင့် ဆည်အောက်ဖက်မှာ ရှိနေတဲ့ အိန္ဒိယလို ဒေသတွင်း နိုင်ငံတွေမှာ ထိခိုက်သက်ရောက်မှုတွေ အများကြီး ရှိလာနိုင်ကြောင်း ပညာရှင်တွေက သတိပေးထားပါတယ်။ ဒီကိစ္စကို ပြေလည်စေဖို့အတွက် ရေကာတာနဲ့ ဆက်စပ်နေတဲ့ မြစ်ချောင်းတွေရဲ့ဇလဗေဒဆိုင်ရာ အရေးပေါ် အချက်အလက်တွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စီမံချက်တွေအကြောင်း အိန္ဒိယနဲ့ အသေးစိတ် ဝေမျှဖို့ တရုတ် သဘောတူခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

နိုင်ငံတကာ

မြေရှား သတ္တုတွေ ရရှိနိုင်ရေးအတွက် တရုတ်အပေါ် အလွန်အကျွံ မှီခိုနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ စီးပွားရေး အင်အားကြီး နိုင်ငံတွေ စုဖွဲ့ထားတဲ့ G7 ထိပ်သီး ညီလာခံမှာ ဆွေးနွေးခဲ့ကြပါတယ်။