ပါတီကိုယ်စားပြု ဝန်ကြီးချုပ်က ရာထူးကနေ ရုတ်တရက် ဖယ်ရှားခံလိုက်ရတဲ့နောက် ဖျူထိုင်းပါတီ ဦးဆောင်နေတဲ့ လက်ရှိ ညွန့်ပေါင်း အစိုးရဟာ အာဏာကို ဆက်လက် ထိန်းသိမ်းထားဖို့ ရုန်းကန်ရမယ့် အခြေအနေ ဖြစ်လာပါတယ်။
ထိုင်းဝန်ကြီးချုပ်(ဟောင်း) ဖေထောင်ထန် ရှီနာဝတ်ထ်ဟာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းနဲ့ ပုဂ္ဂိုလ်ရေး ဖုန်းပြောထားတဲ့ အသံဖိုင် ပေါက်ကြားခဲ့တဲ့နောက် ထိုင်းအခြေခံ ဥပဒေ ခုံရုံးက ဖေထောင်ထန်ဟာ အဲဒီ အပြန်အလှန် ပြောဆိုမှုအတွင်း ဝန်ကြီးချုပ် တစ်ဦးရဲ့ ကျင့်ဝတ် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်လို့ ဆုံးဖြတ်ပြီး ဩဂုတ် ၂၉ ရက်နေ့မှာ သူ့ကို ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။
ပေါက်ကြားခဲ့တဲ့ အသံဖိုင်ထဲမှာ ဖေထောင်ထန်ဟာ ထိုင်းစစ်တပ်ကို ပုတ်ခတ်တဲ့သဘော ပြောဆိုထားမိတဲ့အတွက် စစ်တပ်နဲ့ နီးစပ်တဲ့ ကွန်ဆာဗေးတစ် အင်အားစု ဘွမ်ဂျိုင်ထိုင်း ပါတီကလည်း ဖျူထိုင်းဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရထဲကနေ နုတ်ထွက်သွားခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဖျူထိုင်းနဲ့ မဟာမိတ် ပါတီတွေဟာ လွှတ်တော်ထဲမှာ ပြိုင်ဘက်တွေထက် အင်အား ယောင်ယောင်လေး အသာစီးရတယ် ဆိုရုံလောက်ထိ အားနည်းသွားပါတယ်။
ဖေထောင်ထန်ဟာ တရားဝင် ဖယ်ရှားမခံရခင် ဇူလိုင်လဆန်း ကတည်းက ဝန်ကြီးချုပ် တာဝန်တွေကနေ ဆိုင်းငံ့ခံထားခဲ့ရပြီးသားပါ။ အဲဒီအတောအတွင်း ယာယီဝန်ကြီးချုပ် တာဝန်ယူထားခဲ့သူ ဖုန်သမ် ဝီချာယာချိုင်က ဖျူထိုင်းပါတီဟာ ဝန်ကြီးချုပ်သစ် နေရာအတွက် သင့်တော်မယ့် ပုဂ္ဂိုလ်တစ်ဦးကို မကြာခင် အဆိုပြု နာမည်တင်သွင်းမယ်လို့ ပြောကြားခဲ့ပါတယ်။

Public Service Announcement
သူက ဘယ်သူဘယ်ဝါကို အဆိုပြုမလဲဆိုတာ မှတ်ချက် မပေးခဲ့ပေမယ့် အစောပိုင်းမှာတော့ ပါတီ အတွင်းစည်း ပုဂ္ဂိုလ်တချို့က အသက် ၇၇ နှစ်အရွယ် အစိုးရ ရှေ့နေဟောင်း ချိုင်ကာဆမ် နစ်တီဆီရီကို အဆိုပြုမှာ ဖြစ်တယ်လို့ ထုတ်ပြောထားကြပါတယ်။
တစ်ချိန်တည်းမှာပဲ အရင်က ဖျူထိုင်းဦးဆောင်တဲ့ အစိုးရကနေ ခွဲထွက်သွားတဲ့ ဘွမ်ဂျိုင်ထိုင်း ပါတီကလည်း ဖျူထိုင်းကို စိန်ခေါ်မယ့် ညွန့်ပေါင်းအစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် တခြားပါတီတွေကို စတည် စည်းရုံး ဆွေးနွေးနေပြီလို့ ကြေညာခဲ့ပါတယ်။ နောက်ပြီး အောက်လွှတ်တော်ထဲမှာ အမတ်နေရာ အများဆုံး ရထားတဲ့ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ပြည်သူ့ပါတီနဲ့လည်း အဆင်ပြေပြေ ညှိနှိုင်းထားပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဘွမ်ဂျိုင်ထိုင်း ပါတီ အကြီးအကဲ အညူတင် ချန်ဗီရာကူလ်က ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲမှာ မဲအများဆုံး ရခဲ့တဲ့ ပြည်သူ့ပါတီရဲ့ မဲဆွယ်ကတိတွေ အထမြောက်နိုင်အောင် လွှတ်တော်မှာ ဝိုင်းဝန်း ထောက်ခံပေးဖို့လည်း တခြားပါတီတွေကို စတင် တိုက်တွန်းနေပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်သူ့ပါတီရဲ့ မူဝါဒတွေကို ဘွမ်ဂျိုင်ထိုင်းက ထောက်ခံပေးပြီး ဘွမ်ဂျိုင်ထိုင်းကိုတော့ အစိုးရသစ်ကို ဦးဆောင်ဖို့ ပြည်သူ့ပါတီက ထောက်ခံပေးဖို့ အပေးအယူ လုပ်ထားတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဘွမ်ဂျိုင်ထိုင်းဟာ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၉ ခု ရွေးကောက်ခံရပြီး ပြည်သူ့ပါတီကတော့ ၁၄၃ နေရာထိ ရရှိခဲ့ပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ် နေရာအတွက် ထောက်ခံမဲ လိုအပ်ချက် ၂၄၇ မဲထဲမှာ နောက်ထပ် ၃၅ မဲသာ ရှာဖွေဖို့ လိုတော့တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ ဖျူထိုင်းကတော့ လက်ရှိ ညွန့်ပေါင်း အစိုးရ အဖွဲ့ဟာ စည်းလုံးနေဆဲလို့ ပြောကြားထားပေမယ့် အမတ်နေရာ ၂၅ ခု ပိုင်ဆိုင်ထားတဲ့ ခလာသမ်လို ပါတီမျိုးတွေရဲ့ သဘောထားက ခန့်မှန်းရ ခက်နေဆဲလို့ လေ့လာသူတွေက သုံးသပ်ထားပါတယ်။ ဒီတော့ ဖျူထိုင်းဟာ ဝန်ကြီးချုပ်သစ် တင်မြှောက်ရေးနဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေးမှာ ကွန်ဆာဗေးတစ်တွေဆီက အပြင်းအထန် စိန်ခေါ်မှုမျိုးကို ကြုံရတော့မယ့် အခြေအနေပါပဲ။
ထိုင်းဝန်ကြီးချုပ်သစ်ကို လွှတ်တော်မှာ ဆုံးဖြတ်ရွေးချယ်မှုဟာ ရက်ပိုင်းအတွင်း အထမြောက်လာဖွယ် ရှိနေပြီး ဘွမ်ဂျိုင်ထိုင်း ပါတီကတော့ ပါတီခေါင်းဆောင် အညူတင်ဟာ ဖျူထိုင်းဖက်က အဆိုမယ့် ချိုင်ကာဆမ်ကို အနိုင်ယူပြီး ဝန်ကြီးချုပ် ဖြစ်လာဖို့ အလေးအနက် မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။
ကိုးကား: Bangkok Post


















































