ဩဂုတ်−၃၁၊၂၀၂၅။လူအေး/People’s Spring
တောင်တရုတ်ပင်လယ်တွင်NONGFAဟုအမည်ပေးထားသော နောက်ထပ်မုန်တိုင်းတစ်လုံးဖြစ်နေပြီး အဆိုပါမုန်တိုင်းအရှိန်ကြောင့် မြန်မာနိုင်ငံ၌ မိုးဆက်ကောင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)က သတိပေးထားသည်။
တောင်တရုတ်ပင်လယ်တွင် KAJIKI(ကာချီကီ)မုန်တိုင်းဖြစ်ပြီးနောက် NONGFA မုန်တိုင်း ထပ်ဖြစ်ပြီး ဩဂုတ် ၃၀ရက်တွင် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့သည်။
အဆိုပါမုန်တိုင်းမှာလည်း ယနေ့ သြဂုတ် ၃၁ ရက်တွင် လာအိုမြောက်ပိုင်းနှင့်ထိုင်းနိုင်ငံကိုဖြတ်ကျော်ဝင်ရောက်နေပြီး မြန်မာနိုင်ငံတွင် စက်တင်ဘာ ၁ရက်အထိမိုးဆက်ကောင်းနိုင်ကြောင်း MOHADMကသတိပေးထား သည်။

Public Service Announcement
မုန်တိုင်းနှင့်ဆက်စပ်၍ ကုန်တွင်းပိုင်း လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်ခြင်းကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နှင့် မန္တလေးတိုင်းတို့တွင် မိုးကောင်းပြီးလေပြင်းတိုက်ခတ်နိုင်ကြောင်း သတိပေးထားသည်။
အဆိုပါဒေသများအနက် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ခြင်းကြောင့် ရုတ်တရက်ရေလွှမ်းမိုးခြင်း၊ မြေပြိုခြင်းနှင့် တောင်ကျချောင်းရေကြီးခြင်းများကို သတိပြုကြရန် သတိပေးထားသည်။
KAJIKI မုန်တိုင်းသည် တိုင်ဖွန်းမုန်တိုင်းအဆင့်ဖြင့် ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ပြီးနောက် သြဂုတ် ၂၆ရက် နံနက်ပိုင်းတွင် လာအိုနိုင်ငံကုန်းတွင်းကိုဝင်ရောက်ခဲ့သည်။
မုန်တိုင်းမှ လွင့်စင်လာသည့် ကြွင်းကျန်တိမ်တိုက်များကြောင့် မြန်မာနိုင်ငံတွင် မိုးကောင်းခဲ့သည်။မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ ရှမ်းတောင်နှင့်ရှမ်းအရှေ့ မြို့နယ်အချို့အပြင်ပဲခူးတိုင်းတွင်ပါမိုးကောင်းပြီး ရေဘေးကြုံခဲ့သည်။
နေပြည်တော်-ပေါင်းလောင်းလမ်းပိုင်း၌ရှိသောရှမ်းပြည်နယ်တောင်ပိုင်း ၊ ပေါင်းလောင်းမြို့သစ်၊ ဧဒင်ကျေးရွာ၌ တောင်ကျရေကြောင့် လူနှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရကာ အိမ်၁၈လုံးပျက်စီးခဲ့သည်သည်။
ပဲခူးတိုင်း၊အုတ်တွင်းမြို့တွင် စစ်တောင်းမြစ်ကမ်းပါးပြို၍ အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။နေပြည်တော်တွင် တပ်ကုန်းမြို့နှင့် ဇေယျာသီရိမြို့နယ်မှ ရွာအချို့ ရေကြီးခဲ့သည်။
ယနေ့တွင် ရန်ကုန်တိုင်းနှင့်ဧရာဝတီတိုင်း၌ ပုံမှန်ထက်မိုးကောင်းနေပြီး ရခိုင်ပြည်နယ်တွင်ဒေသအချို့ရေ ဘေးကြုံနေဆဲဖြစ်၍ ထပ်မံရွာနိုင်သည်မို့ကြောင့် သတိပြုရန်လိုအပ်နေသည်။


















































