စက်တင်ဘာ-၁၈၊၂၀၂၅။People’s Spring
အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) အဖွဲ့ဝင် ၄ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေဟာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေးဖို့ သွားရောက်မယ့် မြန်မာနိုင်ငံခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ကြောင်း သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာ လကုန်ပိုင်းမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပြီး အဲဒီ ရွေးကောက်ပွဲဟာ ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားမပြုတဲ့ အတုအ ယောင် အဆင့်သာ ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစုတွေ၊ လေ့လာစောင့်ကြည့်သူတွေက ဝေဖန်ထားပါတယ်။ ပြီးတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ မြန်မာနိုင်ငံ ခရီး စဉ်ဟာလည်း အာဏာသိမ်း စစ်ကောင်စီကို အသိအမှတ်ပြုတဲ့ အဓိပ္ပါယ်မျိုး သက်ရောက်သွားနိုင်ကြောင်း သတိပေးမှုတွေ ရှိနေပါတယ်။
မူလက အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မလေးရှား နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဟာဆန်ဟာ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ စက်တင်ဘာ ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ ရွေးကောက်ပွဲဆိုင်ရာ အသေးစိတ် အကြောင်းကိစ္စတွေကို ဆွေးနွေးဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့ အခုတော့ အဲဒီခရီးစဉ်ကို အောက်တိုဘာ လဆန်းထိ ရုတ်တရက် ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဟာဆန်ကတော့ ရက်ပြောင်းလဲ သတ်မှတ်လိုက်တဲ့ အကြောင်းရင်းကို ထုတ်မပြောခဲ့ပါဘူး။

Public Service Announcement
အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ခရီးစဉ်ဟာ စစ်ကောင်စီ ကြီးမှူးကျင်းပမယ့် ရွေးကောက်ပွဲက မြန်မာပြည်သူတွေအတွက် အမှန်တကယ် အကျိုးရှိစေမယ်ဆိုတာ ခိုင်မာ သေချာအောင် ဆန်းစစ်ဖို့ ရည်ရွယ်ထားခဲ့တာလို့ သိရပါတယ်။
စစ်တပ် အာဏာမသိမ်းခင်က မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး ပါတီပေါင်း ၄၀ ကျော်ဟာ စစ်ကောင်စီ ကြီးမှူးတဲ့ ရွေးကောက်ပွဲမှာ မပါဝင်ကြ၊ ဒါမှမဟုတ် ပါဝင်ခွင့် ပိတ်ပင်ခံထားကြရပါတယ်။ NLD ဟာ ၂၀၂၀ ရွေးကောက် ပွဲမှာ လူထုထောက်ခံမဲ ၈၂ ရာခိုင်နှုန်းထိ ရရှိခဲ့ပါတယ်။
မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံတကာ အကဲခတ်တွေကတော့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ အနေနဲ့ မြန်မာနိုင်ငံကို မသွားတာက ပိုကောင်းကြောင်း၊ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် အကြောင်း
ရင်း ဘာတစ်ခုမှ မရှိကြောင်း ပြောကြားထားပါတယ်။
အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာ ဆာဆာကလည်း အာဆီယံဟာ မြန်မာ့ ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားတယ်ဆိုရင် လူထုက ဦးဆောင်တဲ့ လုပ်ငန်းစဉ်မျိုးကို ထောက်ခံရမှာဖြစ်ပြီး စစ်တပ်က ဖန်တီးထားတဲ့ ဟန်ဆောင်ပန်ဆောင် ကိစ္စမျိုးကို အားပေးရမှာ မဟုတ်ကြောင်း၊ အဲဒီလိုဆိုရင် အာဏာရှင်ကို တရားဝင်မှု ပေးတာနဲ့ ဘာမှ မခြားကြောင်း သတိပေး ထောက်ပြထားခဲ့ပါတယ်။
ကိုးကား-Nikkei Asia


















































