Scorpio/People’s Spring
စစ်ကြောင်းလာတယ်ဆိုလို့ ဒေါ်မြင့်(အမည်လွှဲ)တို့ မိသားစုဟာ ရပ်ထားတဲ့လှည်းပေါ်ကို ကပျာကယာ အဝတ်ထုပ်ကလေး၊ ထမင်းအိုးကလေး ပြေးတင်တယ်။ မိုးတွင်းမို့ မိုးကာကလည်း မပါမဖြစ်ပေါ့။ အမိုးအုပ်မထားတဲ့ ဟာလာဟင်းလင်း ပေါင်းမိုးတပ်လှည်းပေါ် နက်ထိုင်ရင်း နေကစူးကနဲ ပူလာတယ်။ ရှေ့မှာလည်း ဒေါ်မြင့်တို့လို လှည်းတွေတန်းစီနေပြီ။
ဒေါ်မြင့်တို့က မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ သံဘိုကျေးရွာကပါ။ ရုံးစည်ကြီးရွာတပ်စွဲထားတဲ့ စစ်အုပ်စုကစစ်ကြောင်းထိုးလာလို့ထွက်ပြေးတိမ်းရှောင်လာကြရတာပါ။ ဒေါ်မြင့်တို့က လှည်းရှိလို့ လှည်းနဲ့ရှောင်ကြပေမဲ့ ထွေလာဂျီရှိသူက ထွေလာဂျီ၊ ဆိုင်ကယ်ရှိသူက ဆိုင်ကယ်နဲ့ တိမ်းခဲ့ကြရတယ်။
“စစ်တပ်ရန်ကကြောက်လို့ ရှောင်ရပေမဲ့အိမ်နဲ့မသယ်နိုင်တဲ့ပစ္စည်းတွေတော့ထားခဲ့လိုက်ရတယ်”လို့ ဒေသခံအမျိုးသားတဦးက ပြောပြတယ်။

Public Service Announcement
ဒေါ်မြင့်တို့ ရှောင်လာခဲ့တာ မှန်သွားခဲ့ပါတယ်။ ဒေါ်မြင့်တို့ သံဘိုရွာက နေအိမ်တွေက ပစ္စည်းတွေကိုဖောက်ယူတယ်။ မီးရှို့တယ်။ ကျန်တဲ့ ဆိုလာ၊ ဘတ္ထရီအိုး၊ ဒန်အိုးတွေ၊ ပန်းကန်တွေ၊ ကော်ပုံးတွေကို တောတွင်းမှာထားခဲ့ကြပြီး ဘတ္ထရီအိုးတွေကို ရိုက်ခွဲဖျက်ဆီးသွားခဲ့ကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေါ်မြင့်တို့လို အခုမှ စစ်ရှောင်ရတာမဟုတ်ဘဲ စစ်ရှောင်ကာလ လေးနှစ်ကျော်လာတဲ့ စစ်ရှောင်တွေကတော့ စစ်ကိုင်းတိုင်း၊ မုံရွာက မိုးညှင်းသံဗုဒ္ဓေဘုရားဝင်းကြီးမှာ ရှိနေပါတယ်။
မိုးညှင်းသံဗုဒ္ဓေဘုရားဟာ မုံရွာရောက်သူ ဗုဒ္ဓဘာသာဝင်တိုင်း လာရောက်ဖူးမျှော်လေ့ရှိတဲ့ ဘုရားတဆူပါ။ အာဏာသိမ်းကာလမတိုင်ခင်ကတော့ အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေနဲ့ စည်ကားခဲ့တဲ့ မိုးညှင်းသံဗုဒ္ဓေဘုရားဟာ အခုတော့ စစ်ရှောင်တွေနဲ့ ကျပ်ညပ်နေခဲ့ပါတယ်။
တချို့စစ်ရှောင်တွေဟာ တောင်သူလုပ်ငန်း၊ ဥယျာဥ်ခြံမြေလုပ်ငန်း လုပ်ကိုင်ခဲ့ကြသူတွေပါ။ အခုတော့ သူတို့ပိုင်တဲ့ လယ်တွေယာတွေ ဥယျာဥ်ခြံမြေတွေပစ်ပြီး ဘုရားအရိပ်မှာ ခိုနေရတယ်။ တချို့ကတော့ လက်လုပ်လက်စားလေးတွေပါ။ သူတို့တတွေလည်း အလုပ်အကိုင်တွေပျက်ပြီး စားဝတ်နေရေး ခက်ခဲနေတယ်လို့ မုံရွာမြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ လူသားစာနာတာဝန်ခံ မချောစုစုစံက ပြောပါတယ်။
အခုဆိုရင် စစ်ရှောင်တွေခိုနားရာ မိုးညှင်းသံဗုဒ္ဓေဘုရားမှာ စစ်တပ်က တပ်လာစွဲတော့ စစ်ရှောင်တွေ နေရေးအတွက် အခက်အခဲဖြစ်လာမှာစိုးရိမ်နေကြရတယ်။
“အရင်တုန်းကတော့ စစ်ကြောင်းထိုးပြီဆိုရင် ခဏတာတိမ်းရှောင်တယ်။ စစ်ကြောင်းဆုတ်သွားရင် ကိုယ်စီကိုယ်စီနေရပ်ပြန်တာဖြစ်တဲ့အတွက်အရမ်းမခက်ခဲဘူး။ အခုဟာက အထိုင်ချတပ်စွဲတာတွေ များလာတဲ့အခါမှာ ရေရှည်စစ်ရှောင်လိုပုံစံမျိုးနဲ့ ရက်ကြာလာတဲ့အခါမှာ နေစရာအခက်အခဲဖြစ်တယ်။ စားရေးသောက်တာအခက်အခဲတွေဖြစ်တာ ကြုံနေရတယ်။”လို့ မချောစုစုစံက ပြောပြတယ်။
မုံရွာမြို့နယ်တခုတည်းမှာပဲစစ်ရှောင်ဆယ်ရွာထက်မနည်းရှိပြီးနှစ်ပိုင်းအထိကြာမြင့်လာတဲ့အတွက် အခက်အခဲတွေရှိလာကြောင်း သူက ပြောပါတယ်။
စစ်ကောင်စီနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် နိုင်ငံတဝန်းမှာ လူဦးရေ ၃ ဒသမ ၆ သန်း နီးပါးခန့် နေရပ်စွန့်ခွာနေထိုင်နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က စက်တင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ပါတယ်။
စက်တင်ဘာလအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရမှုတွေ ပိုမိုများပြားလာကာ ယခင်ကထက် ဆိုးရွားနှင့်ပြီးဖြစ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေများကို ပိုခက်ခဲစေတယ်လို့ UNOCHA က အသိပေးပါတယ်။
ဒါ့အပြင် နေ့စဉ်နီးပါး အရပ်သား ထိခိုက်သေဆုံးမှုများရှိနေပြီး အရပ်သား စောင့်ရှောက်ကာကွယ်ရေးဆိုင်ရာ ကိစ္စများ ပိုမို ဆိုးရွားလာလျက်ရှိကာ ထိခိုက်လွယ်သောရပ်ရွာလူထုအတွက် အကြမ်းဖက်မှုနဲ အခက်အခဲများကို တိုး၍ရင်ဆိုင်ရစေတယ်လို့ UNOCHAက ထောက်ပြပါတယ်။
၂၀၂၅ ခုနှစ် ပထမ နှစ်ဝက်အတွင်း လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေဟာ ကဏ္ဍပေါင်းစုံက လူဦးရေ အနည်းဆုံး ၃ ဒသမ ၅ သန်းကို အရေးပေါ်အကူအညီပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမဲ့များပြားလာတဲ့ လိုအပ်ချက်တွေနဲ့ ရန်ပုံငွေ အကြီးအကျယ် မလုံလောက်မှုကြောင့် လူသန်းပေါင်းများစွာကို လူမှုဘ၀ရှင်သန်ရေး အကူအညီများ ရေရှည်ပေးအပ်နိုင်ခြင်းမရှိကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက အသိပေးခဲ့ပါတယ်။
ဒါ့အပြင် လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ သွားရောက်ပေးအပ်နိုင်ရေးအတွက် ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ကြောင်း အသိပေးပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းနဲ့ အရှေ့တောင်ပိုင်းတို့မှာ အကူအညီတွေ ဖြန့်ဖြူးဖို့အတွက် ကန့်သတ်မှုတွေရှိနေပြီး အဓိကအရေးပါတဲ့ ဝန်ဆောင်မှုတွေ လိုအပ်နေတဲ့ လူထုအတွက်လည်း ဘေးကင်းလုံခြုံစွာသွားလာနိုင်ခွင့်ပါ ဆုံးရှုံးနေရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးကထပ်မံအသိပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ လူသားချင်းစာနာမှုဆိုင်ရာ ရန်ပုံငွေလိုအပ်ချက် ပြည့်မီမှု အနည်းဆုံး ကမ္ဘာ့နိုင်ငံများထဲက တစ်နိုင်ငံ ဖြစ်ပြီး ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနဲ့ တုံ့ပြန်ရေးအစီအစဉ် (HNRP) အတွက် ဒီကနေ့အချိန်ထိ ရန်ပုံငွေ ၁၂ ရာခိုင်နှုန်းသာ ရရှိထားကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ခဲ့ပါတယ်။
မကြာခင်သီတင်းကျွတ်ကာလ ရောက်ပါတော့မယ်။ တချိန်ကတော့ မြန်မာပြည်က ပြည်သူလူထုဟာ သီတင်းကျွတ်ကာလမှာ ကိုယ့်အိမ်ကိုပြန်ကြ၊ လူကြီးမိဘကို ကန်တော့ကြနဲ့ ကိုယ့်အိမ်ကိုယ့်ရာမှာ မိသားစုစုံတဲ့ကာလလေးတခုပါ။
“စစ်ရှောင်တွေအနေနဲ့ အခုလို ပွဲလမ်းရာသီရောက်တဲ့အခါ ကိုယ့်မြို့၊ ကိုယ့်ဒေသကိုတော့ ပြန်ချင်ကြတာမျိုး ရှိတယ်။ ဒါပေမဲ့လို့ လက်ရှိအခြေအနေအရ ပြန်လို့မရတဲ့အခါမျိုးမှာ ရောက်တဲ့အရပ်မှာပဲ အဆင်ပြေအောင် နေကြရတယ်။”လို့ မချောစုစုစံက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာလည်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေရှိပါတယ်။ အဲဒီပြည်သူတွေထဲက စစ်ရှောင်အဘွားအိုတဦးကတော့ အခုလိုပဲ မေးပါတယ်။ “ဘယ်တော့ အိမ်ပြန်ရမှာလဲ” တဲ့။




















































